အမျိုးသားကျောင်းများ

အမျိုးသားကျောင်းများ
Published 20 November 2019

အင်္ဂလိပ်နယ်ချဲ့တို့၏ ကိုလိုနီပညာရေးသည် မြန်မာနိုင်ငံ၌ ၁၉၂၀ ပြည့်နှစ်အထိ ၎င်းတို့အတွက် ငွေကုန်ကြေးကျခံနိုင်သော မြေရှင် ဓနရှင် လူတန်းစား မြန်မာလူငယ်များကို ကျွန်ပညာသင်ပေးရန်သာ အဓိကထားသည်။ ခေတ်အလိုက် အမြင့်ဆုံး ပညာသင်ကြားရန် ယူနီဗာစီတီ ခေါ် တက္ကသိုလ်ကျောင်း မရှိသေးပေ။ ရန်ကုန်မြို့၌ ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်သာ ရှိ၍ ယင်းတို့မှာ ကာလကတ္တား ယူနီဗာစီတီ၏ လက်အောက်ခံ ကောလိပ်ကျောင်းခွဲမျှသာ ဖြစ်သည်။ သင်ရိုးညွှန်းတန်းများမှာ ကာလကတ္တား ယူနီဗာစီတီမှ ချမှတ်ပေးသည့်အတိုင်း သင်ကြားရသဖြင့် မြန်မာလူငယ်များနှင့် အံမဝင် ခွင်မကျဘဲ ဖြစ်နေသည်။ စာမေးပွဲများကိုလည်း ကာလကတ္တား ယူနီဗာစီတီမှ ဦးစီး စီမံ ကျင်းပပြုလုပ်ပေးသည်။ မက်ထရစ်ကျူလေရှင်းခေါ် တက္ကသိုလ်ဝင် စာမေးပွဲကိုလည်း ကာလကတ္တားတွင် မေးခွန်းထုတ်၍ ရန်ကုန်တွင် ဖြေဆိုကြရသည်။ ၀ိုင်အမ်ဘီအေက မြန်မာပြည်တွင် ယူနီဗာစီတီ (တက္ကသိုလ်) သီးခြား ရှိရမည်ဟု လှုံဆော်ကြွေးကြော် တိုက်တွန်းပေါင်းများသည့်အခါ မြန်မာပြည်အစိုးရသည် ပညာမင်းကြီး မစ္စတာမက်သယူးဟန်တား ဦးစီးသည့် ယူနီဘာစီတီ အက်ဥပဒေ ရေးဆွဲရေး ကျွမ်းကျင်သည့် ကော်မတီတစ်ရပ်ကို ၁၉၁၈ ခုနှစ် ဇွန်လတွင် ဖွဲ့စည်းခဲ့သည်။

၀ိုင်အမ်ဘီအေ ကိုယ်စားလှယ်များက ၀ိဇ္ဇာသိပ္ပံပညာရပ်များကို အားပေးသည့် ကောလိပ်ပေါင်းများစွာကို ဆက်သွယ်နိုင်သည့် ယူနီဘာစီတီ(တက္ကသိုလ်) ကို ထောက်ခံသော်လည်း မစ္စတာ မက်သယူးဟန်တား ဦးဆောင်သော ကော်မတီက လက်တွေ့မပါ စာပေပညာဆန်သည့် ဘာသာရပ်များကို အဓိကထားသည့် တစ်ခုတည်းသော ကောလိပ်ပါဝင်သည့် သိပ္ပံယူနီဘာစီတီ တည်ဆောက်ရန် တက္ကသိုလ် ဥပဒေတစ်ရပ်ကိုသာ ရေး ဆွဲပြီး ၁၉၂၀ ပြည့်နှစ် စက်တင်ဘာလတွင် တင်သွင်း ဥပဒေပြုစေခဲ့၏။ ယူနီဘာစီတီဟူ၍ မြန်မာနိုင်ငံတွင် ဤတစ်ကျောင်းသာ ရှိရမည်ဟူ၍လည်းကောင်း၊ ယင်းယူနီဘာစီတီ၏ အောက်တွင်လည်း ကောလိပ်တစ်ကျောင်းသာ ရှိရမည်ဟူ၍လည်းကောင်း၊ ယင်းကောလိပ်နှင့် တက္ကသိုလ် တည်ရာသည်လည်း ရန်ကုန်တွင်သာ ဖြစ်ရမည်ဟူ၍လည်းကောင်း စသည့်ကန့်သတ်ချက်များအပြင် ယူနီဘာစီတီနှင့် ကောလိပ်သို့ ဝင်ရောက်သင်ကြားရမည့်သူများ၏ အရည်အချင်းများတွင် ကျောင်းအိပ်ကျောင်းစားများသာ ဖြစ်စေရမည်ကဲ့သို့သော မလိုလားအပ်သည့် ကန့်သတ်ချုပ်ချယ်မှု ပေါင်းများစွာ ပါဝင်သည်။

ထို့ကြောင့်လည်း ဥပဒေကြမ်း ထွက်လာသည်နှင့် တစ်ပြိုင်နက် သတင်းစာတို့က ပြင်းထန်စွာ ပြစ်တင်ဝေဖန်ကြသည်။ ဆောင်းပါးရှင်များစွာတို့ကလည်း ကန့်ကွက်ရေးသားကြသည်။ ကျောင်းသားမိဘများကလည်း မကျေမနပ် ဖြစ်လာကြသည်။ ဤကဲ့သို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြသော်လည်း ၁၉၂၀ ပြည့် နှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်သည် ထိုယူနီဘာစီတီအက် ဥပဒေကို အတည်ပြုလိုက်သည်။ ဤသို့ မြန်မာကျောင်းသားကြီးများနှင့် မြန်မာပြည်သူ တို့၏ဆန္ဒကို ဆန့်ကျင်ကာ ပြဋ္ဌာန်းအတည်ပြုလိုက်သော အင်္ဂလိပ်အစိုးရ၏ လုပ်ပုံကို ရန်ကုန်တွင်သာမက မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေ စသော မြို့ကြီးများ၌ လူထု အစည်းအဝေးများခေါ်ကာ ကန့်ကွက်ကြလေသည်။ ဘုရင်ခံ ကရက်ဒေါက်သည် မြန်မာ လူထု၏ လှုပ်ရှားကန့်ကွက်မှုကို အလေးမမူ ဂရုမစိုက်ဘဲ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်တွင် ထိုယူနီဘာစီတီ အက်ဥပဒေနှင့်အညီ ရန်ကုန်ကောလိပ်အား ယူနီဘာစီတီအ ဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်တော့မည်ဟု ကြေညာလိုက်သည်။

မြန်မာလူထုသည် ရန်ကုန်တက္ကသိုလ်ဟူ၍ သီးခြားတက္ကသိုလ်တစ်ရပ်ကို လိုလား တောင့်တ တောင်းဆိုခဲ့ကြသော်လည်း တက္ကသိုလ် အက်ဥပဒေကြမ်း ပေါ်ထွက်လာသော အခါတွင်မူ ပြဋ္ဌာန်းချက်အချို့ကို မကျေနပ်ကြချေ။ အထူးသဖြင့် တက္ကသိုလ်ပညာရေးကို ပြန့်ပွားအောင် ပြုလုပ်ရမည့်အစား ပိုမိုပါးရှားအောင် အဟန့်အတားများပင် ပြုလုပ်ထားသည်ဟု ယူဆကြ၍ တက္ကသိုလ်ဥပဒေကို ပြင်ဆင်ပေးရန် အနှံ့အပြား တောင်းဆိုကြ သည်။ ထိုတောင်းဆိုမှုများကို အစိုးရက မလိုက်လျောသောကြောင့် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့ (၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်)တွင် မြန်မာပြည်၏ ပထမဆုံးတက္ကသိုလ်ကျောင်းသားသပိတ် ပေါ်ပေါက်လာလေသည်။ ထိုသို့ ကျောင်းသားများ သပိတ်မှောက်စဉ်အတွင်း ပညာသင်မပျက်စေခြင်းငှာ ရန်ကုန်မြို့ ဗဟန်းရပ်ကွက်တွင် အမျိုးသားကောလိပ်တစ်ကျောင်းကို ပညာရေးစိတ်ထက်သန်သူများနှင့် သပိတ်မှောက်ကျောင်းသားများက ဦးစီးတည်ထောင်ကြ၏။ နောင်တွင် သပိတ်လှန်သော်လည်း သပိတ်မှောက်ကျောင်းသားများပင် ကျွန်ပညာရေးကို ဆက်လက် မသင်လိုတော့ပြီဟု ဆုံးဖြတ်ကာ တိုင်းပြည်အနှံ့ အမျိုးသားကျောင်း ၉၃ ကျောင်း တည်ထောင်ခဲ့သည်။

၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်သည် ယင်းကဲ့သို့ ပညာရေးအမြတ်များ ထွက်ပေါ်လာစေခဲ့ရုံမက ပြည်သူလူထုတွင်လည်း နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားစိတ်ဓာတ်များ အပြင်းအထန် နိုးကြားလာစေခဲ့သောကြောင့် ယင်းနေ့ကို အမျိုးသားနေ့အဖြစ် ယနေ့တိုင် အလေးထား ကျင်းပခြင်းဖြစ်သည်ကို ဂရုပြုဖွယ်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(နိုဝင်ဘာ ၂၀ ရက်ထုတ် The Daily Eleven  သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

 

Most Read

Most Recent