အမျိုးသားနေ့နှင့် ကျောင်းသားတို့၏ အခန်းကဏ္ဍ

အမျိုးသားနေ့နှင့် ကျောင်းသားတို့၏ အခန်းကဏ္ဍ
Published 18 November 2019

အုပ်ချုပ်သူ နယ်ချဲ့အစိုးရကို ပထမဆုံး ထိထိရောက်ရောက် တော်လှန်ခဲ့သောနေ့ကို နောင်လာနောင်သား အမျိုးသားတို့  အမှတ်တရရှိစေရန် မြန်မာနိုင်ငံ၌ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့ဟူ၍ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကာ နှစ်စဉ် ဆင်ယင်ကျင်းပကြသည်။ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်ကို အမျိုးသားနေ့ဟူ၍ သတ်မှတ်ရခြင်းကား ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက် (မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်တွင် ရန်ကုန်တက္ကသိုလ်နှင့် ဂျပ်ဆင်ကောလိပ်ကျောင်းသားများ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် သပိတ်မှောက်သောနေ့ ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသို့ သပိတ်မှောက်လိုက်ခြင်းသည် မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်လိုက်သည်မှစ၍ လူမျိုးခြား လက်အောက်မှ ပြန်လည် လွတ်မြောက်ရေးအတွက် အမျိုးသားတော်လှန်ရေးကြီးကို စတင်လိုက်ခြင်းပင် ဖြစ်သည်။ ထိုသပိတ်ကြီးမှ တဖွားဖွား ပေါ်ထွက်လာသော ဝံသာနုစိတ်ဓာတ်ဖြင့် အမျိုးသား စည်းလုံးညီညွတ်မှုကို တည်ဆောက်ကာ လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် လွတ်လပ်ရေး ရရှိပြီးသည့်တိုင် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်ကိုပင် အမျိုးသားနေ့အဖြစ် ဆက်လက် အသိအမှတ်ပြုခဲ့သည်။

ဗြိတိသျှအစိုးရသည် နယ်ချဲ့ရာ၌ အကောင်းဆုံး လက်နက်တစ်ခုဖြစ်သည့် ပညာရေးစနစ်သစ် တက္ကသိုလ် အက်ဥပဒေကြမ်းကြီးကို ၁၉၂၀ ပြည့်နှစ် ဇွန်လတွင် ဝေဖန်လေ့လာနိုင်ရန် ထုတ်ပြန်ကြေညာခဲ့သည်။ ကောလိပ်ကျောင်းသားများသာမက သတင်းစာများနှင့် ဂျီစီဘီအေ နယ်ဒေသ အစည်းအဝေးများကပါ ၀ိုင်းဝန်း ကန့်ကွက်ကြသည်။ မည်သို့ပင် ကန့်ကွက်ကြသော်လည်း မြန်မာပြည်ဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်က မြန်မာများသည် ပညာရေးအကြောင်း နားမလည်ဟုဆိုကာ တောင်းဆိုချက်များကို လျစ်လျူရှုလျက် ထိုနှစ် ဒီဇင်ဘာ ၁ ရက်မှစ၍ တက္ကသိုလ်အက်ဥပဒေကို အတည်ပြုကြောင်း ကြေညာလိုက်သည်။ ထို့ကြောင့် ဒီဇင်ဘာလ ၂ ရက်တွင် ကောလိပ်ကျောင်းသား ခေါင်းဆောင်များ တိုင်ပင်ဆွေးနွေး၍ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် ကောလိပ်နှစ်ခုလုံး သပိတ်မှောက်ရန် ဆုံးဖြတ်ကြသည်။ ဒီဇင်ဘာလ ၄ ရက်တွင် ရန်ကုန်မြို့ ဗဟန်းရပ် ရွှေကျင်တိုက်ဆရာတော် ဦးအရိယကျောင်းတိုက်၌ ကျောင်းသား အစည်းအဝေးပွဲကြီး ပြုလုပ်သည်။ ယင်းအစည်းအဝေးမှ ဒီဇင်ဘာလ ၇ ရက်တွင် တက္ကသိုလ်ကို သပိတ်မှောက်ရန်နှင့် ပညာရေးပြုပြင်မှု တောင်းဆို၍ တောင်းဆိုချက်များ မပေးသမျှ ကာလပတ်လုံး ကျောင်းပြန်မတက်ရန် ဆုံးဖြတ်ကြသည်။ ဒီဇင်ဘာလ ၇ ရက်တွင် သပိတ်မှောက်ရန် မူလက စီစဉ်ထားသော်လည်း အခြေအနေ ပြောင်းလဲသွားသဖြင့် ဒီဇင်ဘာလ ၅ ရက် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်တွင် ကျောင်းသားများ သပိတ်မှောက်ကြသည်။

အစိုးရက ကျောင်းသားများ၏ တောင်းဆိုချက်ကို လိုက်လျောသည် ဖြစ်စေ၊ မလိုက်လျောသည်ဖြစ်စေ ရန်ကုန်တက္ကသိုလ် လက်အောက်ခံ ကောလိပ်ကျောင်းများကို မည်သည့်နည်းနှင့်မျှ ပြန်မတက်တော့ပြီဟု တက္ကသိုလ်ကို ရာသက်ပန် သပိတ်မှောက်ရန် တညီတညွတ်တည်း ဆုံးဖြတ်ကြလေသည်။ ၁၉၂၁ ခုနှစ် သြဂုတ်လတွင် ရန်ကုန်မြို့ ဗဟန်းရပ်၊ ရွှေကျင်ကျောင်းတိုက်ကြီးတွင် အမျိုးသားကောလိပ်ကို ဖွင့်လှစ်လိုက်ကြသည်။ အမျိုးသားပညာရေး ကောင်စီဟုလည်း ပေါ်ပေါက်လာကာ မြန်မာနိုင်ငံတစ်ဝန်းလုံး၌ အမျိုးသားကျောင်းများ အများအပြား ပေါ်ထွက်လာခဲ့သည်။ ၁၉၂၀ ပြည့်နှစ် သပိတ်ကြောင့် ယင်းသို့ ပညာရေးအမြတ်များ ထွက်ပေါ်လာခဲ့ရုံမက ပြည်သူလူထုအတွင်း၌လည်း နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားစိတ်ဓာတ်များ အပြင်းအထန် ပေါ်ပေါက်လာခဲ့သည်။ ထို့ကြောင့် ၁၉၂၁ ခုနှစ်တွင် ဒီဇင်ဘာလအတွင်း မန္တလေးမြို့၌ ကျင်းပသော ဂျီစီဘီအေ ပြည်လုံးကျွတ် ညီလာခံကြီး၌ အမျိုးသားနေ့ သတ်မှတ်ကျင်းပရန် စဉ်းစားကြသောအခါ ၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ် စတင်သော တန်ဆောင်မုန်းလဆုတ် ၁၀ ရက်ကို လက်ခံလိုက်ကြခြင်း ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရလျှင် နိုင်ငံတစ်နိုင်ငံ၌ လိုအပ်သော အပြောင်းအလဲတစ်ရပ် ဖြစ်ပေါ်ရေး တွန်းအားပေးရာတွင် ကျောင်းသားဟူသည့် အင်စတီကျူးရှင်းသည် အဓိက အခန်းကဏ္ဍ၌ ရှိသည်ကို အမျိုးသားနေ့က သက်သေခံနေပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ ၁၉ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent