လားရှိုးမြို့ ရပ်ကွက်အချို့အား ရှော့တိုက်ဒုံးများဖြင့် လာရောက်ပစ်ခတ်ပြီးနောက် ယာယီဖျက်သိမ်းခဲ့ရသည့် လေကြောင်း ခရီးစဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲ

လားရှိုးမြို့ ရပ်ကွက်အချို့အား ရှော့တိုက်ဒုံးများဖြင့် လာရောက်ပစ်ခတ်ပြီးနောက် ယာယီဖျက်သိမ်းခဲ့ရသည့် လေကြောင်း ခရီးစဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲ
  လားရှိုးလေဆိပ်မှ ပြန်လည်ထွက်ခွာပျံသန်းမည့် လေယာဉ်တစ်စီးအား နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်
လားရှိုးလေဆိပ်မှ ပြန်လည်ထွက်ခွာပျံသန်းမည့် လေယာဉ်တစ်စီးအား နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်
Published 17 November 2019
သတင်း နှင့် ဓာတ်ပုံ - ထွန်းနေလှိုင် (နောင်ပိန်)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ရပ်ကွက်အချို့အား နိုဝင်ဘာ ၁၆ ရက်နေ့ ၊ နံနက်ပိုင်းက ရှော့တိုက်ဒုံးများဖြင့် လာရောက်ပစ်ခတ်သဖြင့် လားရှိုးမြို့ရှိ လေကြောင်းလိုင်းခရီးစဉ်များ ဖျက်သိမ်းခဲ့ရကာ နိုဝင်ဘာ ၁၇ ရက်နေ့တွင်မူ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ရှော့တိုက်ဒုံးများသည် လားရှိုးမြို့ရှိ ရပ်ကွက် (၉)အတွင်းရှိ နေအိမ်အချို့နှင့် လားရှိုးလေဆိပ် လေယာဉ်ပြေးလမ်းပေါ် ကျရောက်ခဲ့ခြင်းကြောင့် အဆိုပါနေ့တွင် ထွက်ခွာပျံသန်းမည့် လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ လားရှိုးလေကြောင်းခရီးစဉ်တွေ ပုံမှန်အတိုင်း ပျံသန်းပြေးဆွဲနေပါပြီ။ မနေ့ကတော့ လေကြောင်းခရီးစဉ်တွေ မပြေးဆွဲနိုင်ခဲ့ပါဘူး။ လေယာဉ်ပြေးလမ်းပေါ် အပေါက်ကြီး ဖြစ်သွားတာကြောင့်ဖြစ်ပါတယ်။ ဒီနေ့တော့ အားလုံးပြင်ပြီးသွားပါပြီ။ ဒီနေ့တော့ လေကြောင်းလိုင်းအားလုံးရဲ့ လေယာဉ်ပျံသန်းမှုက ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပါပြီ” ဟု လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအာကာလင်းက ပြောသည်။

ရှော့တိုက်ဒုံး ပစ်ခတ်ခံခဲ့ရမှုကြောင့် လားရှိုးလေဆိပ် လေယာဉ်ပြေးလမ်းအစပ်သို့ ရှော့တိုက်ဒုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါပေါက်ကွဲမှုကြောင့် လမ်းအကျယ် (၃)ပေ၊ အနက်(၁)ပေခန့် ပျက်စီးခဲ့ရခြင်းဖြစ်သည်။

အဆိုပါ လားရှိုးမြို့အား ရှော့တိုက်ဒုံးပစ်ခတ်သည့် ဖြစ်စဉ်ကြောင့် လားရှိုးသို့ပျံသန်းမည့် လေကြောင်းလိုင်းအသီးသီးက လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းကြောင်း ထုတ်ပြန်ခဲ့ကြသည်။

လားရှိုးမြို့အား ရှော့တိုက်ဒုံးပစ်ခတ်ခံခဲ့ရမှုကြောင့် လားရှိုးမြို့၊ ရပ်ကွက် (၉)ရှိ နေအိမ်အချို့နှင့် ယာဉ်တစ်စီး၊ အုတ်တံတိုင်းများ ပြိုကျပျက်စီးခဲ့ရပြီး ရပ်ကွက် (၉)နေအိမ်တစ်အိမ်အတွင်း နေထိုင်နေသည့် ဒေါ်စန်းစန်းအေး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး လားရှိုးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသလျှက်ရှိကြောင်း သိရသည်။

 

 

Most Read

Most Recent