ဘာသာတရားဟူသည် . . .

ဘာသာတရားဟူသည် . . .
Published 15 November 2019

ဘာသာတရားဟူသည် ကမ္ဘာ့သမိုင်းတွင် အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်သည်။ ဘာသာတရားဟူသည် နာမ်ပိုင်းဆိုင်ရာ အတွေ့အကြုံပိုင်း ဖြစ်သည်။ ဘာသာတရားကို အယူဝါဒရေးရာ လေ့လာဆန်းစစ်ချက် သဘောတရား သို့မဟုတ် တတ်သိလိမ္မာသူ ပညာရှင်တို့၏ အယူဝါဒ ပုံဖော်မူတစ်ရပ်ဟူ၍လည်း ရှုမြင်ကြ သည်။ ဘာသာတရားဟူသည် လူမှုကိုယ်ကျင့်တရား၏ မြစ်ဖျားခံရာ အရင်းအမြစ် ဖြစ် သကဲ့သို့ လူ့ဘောင်လောကအတွက် ကိုယ်ကျင့်သိက္ခာ စည်းမျဉ်းများ၏ အခြေခံအုတ်မြစ် လည်းဖြစ်သည်။

ကမ္ဘာလောကမှ လူအများသည် ကမ္ဘာဦးကာလမှစ၍ ရောဂါအသွယ်သွယ်၊ အန္တရာယ်အမျိုးမျိုး၊ ဘေးဆိုးကပ်ဆိုး အတန်တန်တို့ကို ရင်ဆိုင်တွေ့ကြုံ ခံစားခဲ့ကြရသည်။ ယင်းတို့ကို တွေ့ကြုံကြရသောအခါ ဘေးအန္တရာယ်တို့မှ ကာကွယ်စောင့်ရှောက်နိုင်မည့် ပုဂ္ဂိုလ်ကို မျှော်လင့်ခဲ့ကြသည်။ ရှာဖွေခဲ့ကြသည်။ ကိုးကွယ်ရာအဖြစ် အသိအမှတ်ပြုလို ခဲ့ကြသည်။ ယင်းသို့ဖြင့် မြစ်များ၊ ချောင်းများ၊ သစ်ပင်တောတောင်များသည် လူတို့၏ ကိုးကွယ်ရာအဖြစ်သို့ ရောက်ခဲ့ကြရသည်။ အသိဉာဏ် မဖွံ့ဖြိုးသေးသော ကမ္ဘာဦးကာလ လူသားများသည် မြစ်ကို နတ်ဘုရားအဖြစ် ထင်မှတ်ခဲ့ကြသည်။ မြစ်သည် သောက်စရာ ရေကိုလည်း ပေးသည်။ သစ်ပင်သီးနှံကိုလည်း ဖြစ်ထွန်းစေသည်။ ရေထဲမှ စားစရာ သား ငါးကိုလည်း ရသည်။ ဤသို့ လူတို့၏ အကျိုးစီးပွား ဖြစ်ထွန်းစေသကဲ့သို့ တစ်ခါတစ်ရံတွင် မြစ်ရေများလျှံတက်၍ လူတို့ စိုက်ပျိုးထားသော သီးနှံပင်များ၊ လယ်ယာစိုက်ခင်းများ၊ ကျွဲနွားတိရစ္ဆာန်များကို ဖျက်ဆီးပစ်တတ်သည်။ လူတို့၏အသက်အိုးအိမ်စည်းစိမ်များကို ချေမှုန်းပစ်တတ်သည်။ လူတို့အား အကျိုးပြုခြင်း၊ ဖျက်ဆီးခြင်း နှစ်မျိုးစလုံး ပြုတတ်သောကြောင့် မြစ်ကိုပင် ဖန်ဆင်းရှင်အဖြစ် ထင်မှတ်လာခဲ့ကြသည်။ ထိုမြစ်၌ မျက်စိနှင့် မမြင်နိုင်သော တန်ခိုးရှင်နတ်ဘုရားရှိမည်ဟု ယုံကြည်လာကြသည်။

လူတို့၏ကောင်းကျိုး ဆိုးကျိုးကို မျက်စိနှင့် မမြင်ရသော ထိုနတ်ဘုရားက စီရင် ဖန်တီးနေသည်ဟု ခံယူခဲ့ကြသည်။ ထို့အတူ မီး၊ ရေ၊ လေ တို့ကိုလည်းကောင်း သစ်ပင် တောတောင်များကိုလည်းကောင်း ယုံကြည်မှတ်ထင်ကာ ကိုးကွယ်ခဲ့ကြသည်။ မီး၊ ရေ၊ လေ အဆင့်မှ မီးနတ်၊ ရေနတ်၊ လေနတ် စသည်ဖြင့် တစ်ဆင့်တက်၍ ယုံကြည်လက်ခံကြပြန်သည်။ မျက်စိနှင့် မမြင်နိုင်သည့် များပြားလှသော နတ်များကိုလည်း မှန်းဆကိုး ကွယ်ခဲ့ကြသည်။ စိုးရိမ်ကြောက်လန့်မှု၊ မျှော်လင့်အားကိုးမှုတို့ကို အခြေခံ၍ မျက်ရမ်း မှန်းဆမှုအနေမျိုးဖြင့် အစပျိုးခဲ့သည်။ ကာလကြာသောအခါ စဉ်းစားဆင်ခြင်တတ်သော ဉာဏ်ဖြင့်ယှဉ်သော ကိုးကွယ်မှုကို ပို၍ နှစ်သက်လာကြသည်။ ဆင်ခြင်တုံတရားနှင့် သုံးသပ်ဆင်ခြင်၍ ကိုးကွယ်လာခဲ့ကြသည်။ လက်တွေ့မျက်မြင်ဘဝမျှကိုသာ မကြည့်တော့ ဘဲ အနာဂတ်ဘဝကိုလည်း ပတ်ဝန်းကျင် သဘာဝ ဖြစ်ရပ်များ၏ စေ့ဆော်မှုကြောင့် ရှုမြင်သုံးသပ်လာခဲ့ကြသည်။ ငြိမ်းချမ်းမှုကို အမှန်တကယ်ပေးနိုင်သည့် အစွမ်းသတ္တိ ရှိမရှိကိုလည်း အကဲဖြတ်ခဲ့ကြ၏။ ဤသို့ဖြင့် ကိုးကွယ်မှု သမိုင်းကြောင်းသည် ပြောင်းလဲလာသည်။ ကိုးကွယ်မှုများသည် ဒေသတစ်ခုနှင့် တစ်ခု မတူကြတော့ဘဲ ဘာသာတရားအဖြစ် ပြောင်းလဲလာသည်။

ဗုဒ္ဓမြတ်စွာ၏ ဘာသာတရားကို ဘဝနေထိုင်မှု လမ်းစဉ်တစ်ရပ်အဖြစ် အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ “မကောင်းမှုဟူသမျှကို ရှောင်ကြဉ်ခြင်း၊ ကုသိုလ်ကောင်းမှုများကို ပွားများအောင် အားထုတ်ပြီး ဘဝကို ပျိုးထောင်မြှင့်တင်ခြင်းနှင့် ကိလေသာ အညစ်အကြေးမှ ကင်းဝေးစေလျက် မြင့်မြတ်ဖြူစင်စေသော စိတ်နှလုံးကို အစဉ်ထိန်းသိမ်းခြင်း” (ဓမ္မပဒ၊ ၁၈၃) ဟူ၍ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ ဘာသာတရားဟူသည် လူ့ယဉ်ကျေးမှု၏ အရေးကြီးသော အခန်း ကဏ္ဍတစ်ရပ်ဖြစ်သည်မှာမူ ထင်ရှားလှပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

■ (နိုဝင်ဘာ  ၁၆ ရက်ထုတ် The Daily Eleven  သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

 

Most Read

Most Recent