NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် ငြိမ်းချမ်းရေး၏ ဆန့်ကျင်ဘက် ဥပဒေပြင်ပ လုပ်ရပ်များနှင့် အကြမ်းဖက်လုပ်ရပ်များကို စွန့်လွှတ်ပြီး ပြည်သူ့မျက်နှာ ထောက်ထားကာ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းကြရန် ထပ်မံဖိတ်ကြားကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
နိုဝင်ဘာ ၁၄ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ပြုလုပ်သည့် မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး တတိယအကြိမ် ဆွေးနွေးပွဲတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်မိန့်ခွန်း ပြောကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိသေးတဲ့ တိုင်းရင်းသားလက်ကိုင် အဖွဲ့များအနေနဲ့လည်း ငြိမ်းချမ်းရေးရဲ့ဆန့်ကျင်ဘက် ဥပဒေ ပြင်ပလုပ်ရပ်တွေကို၊ အကြမ်းဖက်လုပ်ရပ်တွေကို စွန့်လွှတ်၊ ပြည်သူ့မျက်နှာကို ထောက်ထားပြီး ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းကြစေဖို့ ထပ်မံဖိတ်ကြားအပ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ထို့ပြင် NCA စာချုပ်တွင် လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအားရှေးရှုပြီး မှန်ကန်သည့်မေတ္တာ၊ စေတနာများဖြင့် ရှေ့ဆက်လျှောက်လှမ်း နိုင်လိမ့်မည်ဟု ပြည်သူများက မျှော်လင့်နေကြကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။
၎င်းက “ ဒီနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့အဓိကလိုအပ်ချက်ဖြစ်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်ရေးအတွက် လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ဖို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီနေ့ကာလမှာ ကျွန်တော်တို့နိုင်ငံဟာ ပြည်သူအများရဲ့ဆန္ဒအတိုင်း ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတာဖြစ်လို့ ကျွန်တော်တို့ရဲ့လိုလားချက်တွေကို လက်နက်ကိုင်ပြီး တောင်းဆိုနေလို့ မဖြစ်ပါဘူး။လက်နက်များကို ဘေးချပြီး ဆွေးနွေးမှုများနှင့် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုချင်တဲ့စိတ်ရှိမယ်ဆိုရင် ငြိမ်းချမ်းရေးမရစရာအကြောင်း မရှိဘူးလို့ ကျွန်တော် ပြောလိုပါတယ်” ဟု ပြောကြားသည်။
ဆက်လက်၍ “ မည်သည့်ဘာသာကို ကိုးကွယ်ကြသည်ဖြစ်စေ ကျွန်တော်တို့အားလုံးဟာ မြန်မာနိုင်ငံသား ဖြစ်ကြတဲ့အတွက် မြန်မာများသာဖြစ်ပြီး မြန်မာစိတ်မွေးပြီးတော့ မြန်မာနိုင်ငံအပေါ်မှာ သစ္စာစောင့်သိ ရိုသေကြရပါမယ်။ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ၊ ဘာသာရေး ဓလေ့ထုံးစံအပေါ်မှာ မှီငြမ်းဆောင်ရွက်ရတာတို့ ရှိကောင်းရှိမှာဖြစ်ပေမဲ့ မိမိယူဆတဲ့ မိမိဆောင်ရွက်တဲ့နေရာမှာ ဘာသာရေးကို ခုတုံးလုပ်ပြီး မတည်မငြိမ်ဖြစ်အောင် မဆောင်ရွက်သင့်ပါဘူး။ လုပ်ဆောင်မှုမျိုးကိုလည်း အားမပေးသင့်ပါဘူးလို့ ကျွန်တော် ပြောလိုပါတယ်” ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
လူသားအားလုံး၏ အခြေခံလိုအပ်ချက်သည် စားဝတ်နေရေးဖူလုံရေးနှင့် အေးချမ်းစွာ လွတ်လပ်စားသောက်ခွင့် ရရှိရေးဖြစ်ပြီး အဆိုပါအခြေခံ အချက်များအတွက် အရေးအကြီးဆုံးသည် ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
“ လောကပါလတရားဖြစ်တဲ့ တရားမျှတခြင်းနဲ့ ပတ်သက်လို့ နိုင်ငံတော်ဟာ မည်သူကိုမဆို တရားဥပဒေအရာမှာ တန်းတူညီမျှအခွင့်အရေး ရရှိစေရမယ်။ ဒါ့အပြင် ဥပဒေရဲ့ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ရှိရမယ်လို့ ပြောဆိုထားပါတယ်။ ထို့အတူပဲ တန်းတူညီမျှခြင်းနဲ့ ပတ်သက်ပြီးတော့ မှ ပြည်ထောင်စုနိုင်ငံအတွင်းမှာရှိတဲ့ မည်သည့်နိုင်ငံသားမဆို လူမျိုးဇာတိကိုးကွယ်ရာဘာသာ၊ အမျိုးသား အမျိုးသမီးဆင်းရဲချမ်းသာမှုကို အကြောင်းပြုပြီး ခွဲခြားမှု မရှိစေရဘူးလို့ ဥပဒေမှာ ပြဋ္ဌာန်းပေးထားပြီး ဖြစ်ပါတယ်။ လွတ်လပ်ခြင်းနဲ့ ပတ်သက်ပြီးတော့လည်း တစ်ဦးချင်းစီရဲ့ ဥပဒေနဲ့အညီ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးတွေကို ပြဋ္ဌာန်းပြီးတော့ တွေ့ရမှာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ဟာ ဥပဒေအရ လေးစားလိုက်နာခြင်း၊ လိုက်နာကျင့်သုံးခြင်း၊ အကောင်အထည်ဖော်ခြင်းတို့ဟာ အဓိကဖြစ်တယ်လို့ ကျွန်တော် ပြောလိုပါတယ်” ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆက်လက်ပြောကြားသည်။
အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး တတိယအကြိမ်အကြံပြု ဆွေးနွေးဝိုင်းမှ ဆွေးနွေးမှုရလဒ်ကောင်းများ ပေါ်ထွက်လာလိမ့်မည်ဟု ယုံကြည်ပြီး ပဋိပက္ခအားလုံး၏ အရင်းအမြစ်ဖြစ်သည့် အသိပညာ အသိဉာဏ် အားနည်းမှု၊ အကျင့်သီလ အားနည်းမှု၊ စာရိတ္တ အတ္တအကျိုးစီးပွား ရှေ့တန်းတင်မှုများကို လျှော့ချပြီး လူမျိုး၊ ဘာသာမခွဲခြားဘဲ စည်းလုံးစွာဖြင့် ငြိမ်းချမ်းမှုနှင့့် လောကပါလတရားများ ပိုမိုထွန်းကားအောင် ဆောင်ရွက်ကြရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။















