နိုင်ငံတကာအဆင့်မီ အမျိုးသားအဆင့် သတင်းအချက်အလက် ဗဟိုဌာနဖြစ်သည့် e-Government Integrated Data Center (eGIDC) တည်ဆောက်ခြင်း စီမံကိန်းကို ကိုရီးယားသမ္မတနိုင်ငံ EDCF ချေးငွေ အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၇၇၉ သန်းဖြင့် တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက လွှတ်တော်၌ ပြောကြားခဲ့သည်။
နိုဝင်ဘာ ၁၄ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် NLD ပါတီဝင် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစံရွှေဝင်း၏ ၂၀၁၆ ခုနှစ် သြဂုတ်တွင် အတည်ပြုခဲ့သည့် e-Government Master Plan (2016-2022) ကို မည်သည့်ဝန်ကြီးဌာနများက ပူးပေါင်းဆောင်ရွက်၍ မည်သည့်အချိန်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းကို လွှတ်တော်၌ ပြန်လည်ဖြေကြားရာတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ e-Government စနစ် အကောင်အထည်ဖော်ရာတွင် အဓိကလိုအပ်ချက်များ ဖြစ်သော ICT Infrastructure များအား တည်ဆောက်ပေးနိုင်ရန်အတွက် နိုင်ငံတကာအဆင့်မီ အမျိုးသားအဆင့် သတင်းအချက်အလက် ဗဟိုဌာနဖြစ်သည့် e-Government Integrated Data Center (eGIDC) တည်ဆောက်ခြင်း စီမံကိန်းကို ကိုရီးယားသမ္မတနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ (EDCF) ချေးငွေ အမေရိကန် ဒေါ်လာ ၉၃ ဒသမ ၇၇၉ သန်းဖြင့် တည်ဆောက်ရန် ဆောင်ရွက်လျက် ရှိပါတယ်။ အဆိုပါစီမံကိန်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ဒသမနေ့၌ တင်ပြအတည်ပြုခဲ့ပြီး ၂၁၀၉ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့တွင် နှစ်နိုင်ငံချေးငွေ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက လွှတ်တော်၌ ပြောကြားခဲ့သည်။
စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့်ကာလသည် ၃၃ လ ကြာမြင့်မည်ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် Consultant ခန့်အပ်ခြင်း၊ တင်ဒါခေါ်ယူခြင်း၊ စိစစ်ခြင်းနှင့် ရွေးချယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ ဆက်သွယ်ရေးဆိုင်ရာ Infrastructure များကိုလည်း တိုးချဲ့ဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ အချက်အလက်များအရ မြန်မာနိုင်ငံတွင် မိုဘိုင်းကွန်ရက်ဖြင့် လူဦးရေ လွှမ်းခြုံမှုသည် ၉၄ ရာခိုင်နှုန်းခန့်နှင့် မိုဘိုင်းSIM Card သိပ်သည်းဆသည် ၁၃၅ ရာခိုင်နှုန်းခန့်သို့ ရောက်ရှိခဲ့ပြီး အင်တာနက် အသုံးပြုမှုသည် ၈၄ ရာခိုင်နှုန်းခန့် ရှိနေပြီဖြစ်ကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်၌ ပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးက “ ထို့ပြင် နိုင်ငံတော်က ချမှတ်ထားသည့် စီးပွားရေးမူဝါဒ ၁၂ ရပ် တွင် Data ID System ၊ Digital Government Strategy နှင့် e-Government System ကို ဆောင်ရွက်သွားရန်ဟူသော အချက်ပါရှိပြီး ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် SDG Target (16.9) တွင် သက္ကရာဇ် ၂၀၃၀ ၌ မွေးစာရင်းအပါအဝင် လူတိုင်း တရားဝင်မှတ်ပုံတင်တစ်ခု ရရှိရေး ရည်မှန်းချက်လည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံတွင် နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းကို Digital စနစ်ဖြင့် ပြောင်းလဲ ဆောင်ရွက်နိုင်ရန်အတွက် လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ရာ တွေ့ရှိချက်များအရ နိုင်ငံအတွင်း နေထိုင်သူများ၏ Biometric Data များ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး Unique ID နံပါတ်တစ်ခုစီ သတ်မှတ်ပေးသည့် လုပ်ငန်းစဉ်ကို ဦးစားပေး အစီအစဉ်အနေဖြင့် ဆောင်ရွက်ခဲ့ပြီး နိုင်ငံသား စိစစ်ခြင်းလုပ်ငန်းကို Digital စနစ်ဖြင့် ပြောင်းလဲပြီး နိုင်ငံသားကတ်ကို Smart Card ဖြင့် ထုတ်ပေးမည့်အစီအစဉ်ကို ဒုတိယအဆင့်အနေဖြင့် ဆောင်ရွက်သွားရန် e-Government ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ပါတယ်”ဟု လွှတ်တော်၌ ပြောကြားခဲ့သည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို Digital စနစ်ဖြင့် မှတ်ပုံတင်သည့်စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် e-ID စနစ် လုပ်ငန်းကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး လုပ်ငန်းများ အကောင်အထည်ဖော် နိုင်ရန်အတွက် ဆပ်ကော်မတီ ခြောက်ခုနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များအလိုက် လုပ်ငန်းအဖွဲ့အဆင့်ဆင့်ကို ဖွဲ့စည်းတာဝန်ပေးအပ်ထားကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်၌ ပြောကြားခဲ့သည်။
e-Government လုပ်ငန်းဆောင်ရွက်ရာတွင် Online Application များ အသုံးပြုနိုင်ရန်အတွက် အဓိကကျသည့် ကွန်ပျူတာသုံး မြန်မာစာကို စံစနစ်ဖြစ်စေရန် ‘အမျိုး သား စံချိန်စံညွှန်းကောင်စီ’ က အမိန့်ကြော်ငြာစာအမှတ် (၂၂/၂၀၁၉) ဖြင့် ISO (International Standard Organization) ၁၀၆၄၆ အရ ကိုက်ညီသည့် မြန်မာ Unicode ကို စံစနစ်အဖြစ် ထုတ်ပြန်ခဲ့ပြီး ISO အရ ကိုက်ညီသည့် မြန်မာ Unicode စနစ်ဖြစ်သော ‘Pyidaungsu Font’ကို အစိုးရဌာန၊ အဖွဲ့အစည်းအသီးသီးက ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်မှ စတင်၍ အသုံးပြုလျက်ရှိကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်၌ ပြောကြားသည်။















