ပခုက္ကူကြက်သွန်စျေးကွက်အတွင်း နိုဝင်ဘာလလယ်ပိုင်းတွင် နယ်ဝယ်လက်စုံနေခြင်းနှင့် ကုန်လက်ကျန် နည်းပါးလာခြင်းများကြောင့် ကြက်သွန်နီ တစ်ပိဿာ အမြင့်ဆုံး ကျပ် ၂၅၀၀ အထိ ရောက်ရှိလာကြောင်း ဒေသခံကုန်သည်များထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ၂၅ ရက်အထိ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၁၀၀၀ ဝန်းကျင်သာ ပေါက်စျေးရှိရာမှ နယ်ဝယ်လက်စုံလာသည့်အတွက် စျေးနှုန်းများ ဆက်တိုက်မြင့်တက်လာခြင်းဖြစ်ပြီး ကုန်ဝင်ရောက်မှုမှာ ပိဿာချိန် တစ်သိန်းအောက်သာရှိကြောင်း သိရသည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသများနှင့် တရုတ်နယ်စပ်ဒေသများက အဓိကဝယ်ယူနေပြီး နိုဝင်ဘာ ၁၄ ရက် စျေးကွက်တွင် ကြက်သွန်ဂျွန်ကြီး တစ်ပိဿာ ၂၄၅၀- ၂၅၅၀၊ ဂျွန်လတ် တစ်ပိဿာ ၂၂၅၀ - ၂၃၅၀ ကျပ်နှင့် ဂျွန်သေး တစ်ပိဿာ ၂၀၀၀- ၂၂၀၀ ကျပ် ပေါက်စျေးရှိကြောင်း သိရသည်။
“ ဘဂ်လားဒေ့ရှ်က ဝင်ဝယ်တဲ့အတွက် စျေးက တက်သွားတယ်။ တစ်နေ့ကို ၂၀၀ ကျပ်လောက် တက်လာတာ။ လက်ရှိတစ်ပိဿာ ၂၅၀၀ အထိ ရောက်သွားတယ်။ ပြည်တွင်းကလည်း ရန်ကုန်ဝယ်လက်က အဝင်နည်းပြီး အဝယ်နိုင်နေတော့ စျေးတက်နေပြီး ဆွဲနေတုန်းပဲ။ ကြက်သွန်အဝင်က လူစုံသွားတဲ့ ဒီနေ့ (၁၄ ရက်) မှာ ပိဿာချိန် ကိုးသောင်းလောက် ဝင်တယ်။ နောက်ရက်တွေ အလွန်ဆုံးပိဿာချိန် သုံးသောင်း၊ လေးသောင်းလောက်ပဲ ဝင်တော့မယ်။ ယောချောင်းကြက်သွန်ကလည်း ကုန်သလောက်ဖြစ်နေပြီ။ လက်ရှိက တက်စျေးမျှော်ပြီး ရောင်းဖို့လှောင်ထားတာတွေ ဝင်နေတာ”ဟု ကြက်သွန်ရောင်းဝယ်ရေးလုပ်ကိုင်သူ ကိုကျော်သန်းက ပြောကြားသည်။
ယခုနှစ် ကြက်သွန်သစ်ပေါ်ချိန် ဧပြီလမှ စက်တင်ဘာလကုန်ပိုင်းအထိ နယ်ဝယ် လက်စုံနည်းပါးခြင်း၊ ကုန်ဝင်များပြားခြင်းများကြောင့် ကြက်သွန်နီ တစ်ပိဿာ အမြင့်ဆုံး ကျပ် ၇၀၀ ဝန်းကျင် ပေါက်စျေးရှိပြီး အောက်တိုဘာလ ရောက်ရှိမှ စျေးနှုန်းမြင့်တက်လာခြင်း ဖြစ်သည်။
“ လက်ရှိပေါက်စျေးက တောင်သူအတွက် အဆင်ပြေတယ်။ တောင်သူတိုင်းတော့ မရကြဘူး။ စျေးအတက်စောင့်ပြီး လှောင်ထားနိုင်တဲ့ သူလောက်ပဲ ရကြတာ။ အတော်များများက တစ်ပိဿာ ၁၀၀၀ ကျော်လောက် ကတည်းက ရောင်းကြတာ။ လက်ရှိရွာတင် တစ်ပိဿာ၂၀၀၀ လောက်ရတယ်။ တောင်သူကြီးလောက်ပဲ ကြက်သွန် လက်ကျန်ရှိတာပါ။ ရာသီကုန်မှာ ဒီစျေးဖြစ်သွားတော့ နောက်နှစ်တောင် သူစိုက်အားရှိတယ်” ဟု ပေါက်မြို့နယ် ဝက်မှီးရွာမှ ကိုစိုးသန်းက ပြောကြားသည်။
ယောချောင်းဒေသမှ ကြက်သွန်စိုက် တောင်သူများမှာ အချို့သောနှစ်များတွင် ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ခင်းများ ပျက်စီးခြင်းနှင့် စျေးနှုန်းကျဆင်းမှုကြောင့် စိုက်ပျိုးစရိတ်ဆုံးရှုံးမှုများ ကြုံတွေ့ရပြီး ယခုလို နယ်ဝယ်လက်စုံ၍ စျေးနှုန်းမြင့်တက်သည့် နှစ်မှသာ အကျိုးအမြတ်ခံစားရကြောင်း သိရသည်။ ယောချောင်းဒေသထွက် ကြက်သွန်များ ဝင်ရောက်မှု နည်းပါးသွားသော်လည်း လာမည့် ဒီဇင်ဘာလလယ်ပိုင်းမှစ၍ မြစ်ရေဝင် ဒေသများမှထွက်ရှိသည့် မိုးကြက်သွန်သစ်များ ပြန်လည် ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။















