သတိပြုဖွယ် ငလျင်အန္တရာယ်

သတိပြုဖွယ် ငလျင်အန္တရာယ်
Published 13 November 2019

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့၏ အနောက်တောင်ဘက် ၁၃ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ရန်ကုန်မြို့တွင် သိသိသာသာ ခံစားခဲ့ရပြီး ငလျင်ကြောင့် မြို့နယ်အချို့ရှိ အထပ်မြင့်တိုက်များ တိမ်းစောင်းမှုအချို့ရှိခဲ့သည်။ ယင်းငလျင်ကြောင့် ရန်ကုန်မြို့နေ ပြည်သူများမှာ အထိတ်တလန့် ဖြစ်ခဲ့ကြရသည်။ အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၁ အဆင့် ငလျင်မှာ စိုးရိမ်ဖွယ် မရှိသော်လည်း အထပ်မြင့် အဆောက်အအုံများသည့် ရန်ကုန်လူထုအတွက် ငလျင်အပေါ် များစွာ စိုးရိမ်ခဲ့ကြရသည်။ ငလျင်လှုပ်ပြီးနောက် တိမ်းစောင်းမှုအချို့ရှိခဲ့သည့် အထပ်မြင့် အဆောက်အအုံများရှိရာသို့ မြို့တော်ဝန်နှင့် လွှတ်တော် ကိုယ်စားလှယ်တို့လည်း ရောက်ရှိပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် ငလျင်ကြောင့် ထိခိုက်နိုင်ဖွယ်ရှိသည့် အထပ်မြင့်တိုက်အချို့ကို စည်ပင်မှ သက်ဆိုင်ရာ တာဝန်ရှိသူများက အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။ မည်သို့ပင်ဆိုစေ ရန်ကုန် အပါအဝင် မြန်မာနိုင်ငံ နေရာအနှံ့တွင်ရှိနေသော ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်များတွင် ငလျင်ဘေးအန္တရာယ်ကိုပါ သတိပြု၍ ကြိုတင်ပြင်ဆင်မှုများ အသိပညာပေးမှုများ လိုအပ်လာပြီဟူ၍ သုံးသပ်မှုများ ရှိလာကြသည်။

ယခုနောက်ပိုင်းတွင် အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်း မရှိသော်လည်း ၂၀၁၈ ခုနှစ် တစ်နှစ်တာအတွင်း မြန်မာနိုင်ငံ ပြည်တွင်းနေရာများကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် မြေငလျင် အကြိမ်အရေအတွက် ၁၅၀ ကျော်အထိ ရှိခဲ့သည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲမှ ရရှိသည့်စာရင်းများအရ  ၂၀၁၆ ခုနှစ်တွင် မြေငလျင်လှုပ်ခတ်မှု ၄၂ ကြိမ်နှင့် ၂၀၁၇ ခုနှစ်တွင် အကြိမ် ၇၀ ရှိခဲ့သည်။

ယင်းနှစ်နှစ်တာ ကာလတွင် ပြည်တွင်းနေရာများကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် မြေငလျင် လှုပ်ခတ်မှု အကြိမ်အရေအတွက် ၁၁၂ ကြိမ်သာ ရှိခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင်မူ ပြည်တွင်းနေရာများကို ဗဟိုပြု လှုပ်ခတ်ခဲ့သည့် မြေငလျင် အကြိမ်အရေအတွက် ၁၅၀ ကျော် ရှိခဲ့ပြန်သည်။ နောက်ပိုင်း ကာလများအတွင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက ဖြူးမြို့နယ်အနီးတွင် ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အား ရစ်ချ်တာစကေး ၆ ဒသမ ၀ အဆင့်ရှိ ငလျင်မှာ အင်အားအများဆုံး မြေငလျင်တစ်ခု ဖြစ်ခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံတွင် အနီးကပ်ဆုံး အင်အားပြင်းငလျင် လှုပ်ခတ်မှုများအနေဖြင့် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင် ပုဂံနှင့် တိုက်ကြီးမြို့များ၌ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အင်အားပြင်း မြေငလျင်လှုပ်ခတ်မှုများ ရှိခဲ့သည်။ သမိုင်းတစ်လျှောက်၌ ၁၇၆၂ ခုနှစ်တွင် ရခိုင်ကမ်းရိုးတန်းဒေသတွင် အင်အားရစ်ချ်တာစကေး ၇ ဒသမ ၅ အဆင့်ရှိ မြေငလျင်၊ ၁၉၃၀ ပြည့်နှစ်တွင် ပဲခူးမြိုနှင့် ရန်ကုန်မြို့တွင် လူ ၅၅၀ ကျော် သေဆုံးခဲ့သည့် အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၀ အဆင့်ရှိ မြေငလျင်များ လှုပ်ခတ်ခဲ့ဖူးပြီး ၂၀၁၁ ခုနှစ်တွင် ရှမ်းပြည်နယ် အရှေ့ပိုင်း၌ လူ ၈၀ သေဆုံးခဲ့သည့် အင်အား ရစ်ချ်တာစကေး ၆ ဒသမ ၈ အဆင့်ရှိ မြေငလျင်၊ ၂၀၁၂ ခုနှစ်တွင် မန္တလေးမြို့၏ မြောက်ဘက် ကီလိုမီတာ ၁၀၀ အကွာတွင် လှုပ်ခတ်ခဲ့သည့် လူ ၂၆ ဦး သေဆုံးခဲ့သော  အင်အားရစ်ချ်တာစကေး ၆ ဒသမ ၈ အဆင့်ရှိ မြေငလျင်များ ဖြစ်ပေါ်လှုပ်ခတ်ခဲ့သည်။

မြန်မာနိုင်ငံသည် စစ်ကိုင်းပြတ်ရွေ့၊ ကျောက်ကြမ်းပြတ်ရွေ့၊ ကုလားတန်ပြတ်ရွေ့၊ ကဘော်ပြတ်ရွေ့များကဲ့သို့ အင်အားပြင်း ငလျင်လှုပ်ခတ်စေသည့် ပြတ်ရွေ့ကြောကြီးများပေါ်တွင် တည်ရှိနေပြီး အင်အား ရစ်ချ်တာစကေး ၆ နှင့်အထက် လှုပ်ခတ်နိုင်သည့် ငလျင်ကြောကြီး ငါးခုနှင့် ရစ်ချ်တာစကေး ၂ မှ ၅ အထိ လှုပ်ခတ်တတ်သည့် မြေငလျင်ကြော ၄၀ ခန့် ရှိနေခြင်းကြောင့် မြေငလျင်အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ထားရန် လိုအပ်သည့် နိုင်ငံတစ်ခုဟုပင် မှတ်ယူရပေလိမ့်မည်။ ဆင်းရဲသောနိုင်ငံ တစ်နိုင်ငံတွင် သဘာဝဘေးဒဏ်၏ နောက်ဆက်တွဲ ဆိုးကျိုးများသည် မခန့်မှန်းနိုင်အောင်ပင် ကြီးမားသည်။ သို့ဖြစ်ရာ သဘာဝဘေး အန္တရာယ်များအတွက် သတိရှိရှိ အမြင်ကျယ်ကျယ်ဖြင့် ကြိုတင်စီမံထားသင့်ပေသည်။ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားရသော လူအများအနေဖြင့် ပုံမှန်ဘဝသို့ လျင်မြန်စွာ ပြန်လည်ရရှိနိုင်ရေး လုပ်ဆောင်ရာတွင် များစွာခက်ခဲသည်ဖြစ်ရာ တာဝန်ရှိသူများအနေဖြင့် သဘာဝဘေးအန္တရာယ်များအပေါ် အမြော်အမြင်ရှိသော စီမံခန့်ခွဲမှုနှင့် တာဝန်ယူ တာဝန်ခံမှုဖြင့် ကြိုတင်စီမံ ဆောင်ရွက်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ ၁၄ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

 

Most Read

Most Recent