မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သည့် Wave Money (Digital Money Myanmar Company Limited) လုပ်ငန်းစု၏ တန်ဖိုးကို အမေရိကန်ဒေါ်လာ ၅၉ ဒသမ ၉၂ သန်းအဖြစ် တန်ဖိုးသင့် တွက်ချက်လိုက်ပြီး အဆိုပါ ကုမ္ပဏီတွင် FMI က ပိုင်ဆိုင်ထားသည့် အစုရှယ်ယာများကို ဒေါ်လာခြောက်သန်းဖြင့် ရောင်းချရန် YSIL ဖြင့် ပဏာမသဘောတူညီချက် ရယူလိုက်ကြောင်း သိရသည်။
Yoma Strategic Holding Ltd က ရာနှုန်းပြည့် ပိုင်ဆိုင်သည့် လက်အောက်ခံကုမ္ပဏီ YSIL (Yoma Strategic investment Ltd) နှင့် FMI အများပိုင်ကုမ္ပဏီတို့အကြား FMI က ပိုင်ဆိုင်ထားသည့် အစုရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ဒေါ်လာခြောက်သန်းဖြင့် ရောင်းချရန် YSIL ဖြင့် ပဏာမ သဘောတူညီချက် ရယူရာတွင် နှစ်ဖက် ဖြည့်ဆည်းရမည့် အချက်များပါဝင်သည့် အရောင်းအဝယ်ဆိုင်ရာ ပဏာမသဘောတူစာချုပ်ကို ချုပ်ဆိုလိုက်ခြင်းဖြစ်ပြီး သဘောတူစာချုပ်အရ စာချုပ်ချုပ်ဆိုပြီး ၁၂ လ အတွင်း အခြားအဖွဲ့အစည်းတစ်ခုခုက Wave Money ရှယ်ယာများကို လက်ရှိတန်ဖိုးသင့် ထက်ပိုမိုမြင့်မားသည့် နှုန်းထားဖြင့် ဝယ်ယူပါက အရောင်းအဝယ်တန်ဖိုးကို အများဆုံး ဒေါ်လာ ၁၀ သန်းအထိ ပြန်လည်ပြင်ဆင် သတ်မှတ်ရန် သဘောတူထားပြီး အရောင်းအဝယ်၏ အပြီးသတ်စာချုပ်ကို ၁၂ လအတွင်းချုပ်ဆိုရန် သဘောတူညီထားသည်ဟု သိရသည်။
စာချုပ်ပါ အချက်အလက်များကို အကောင်အထည်ဖော်ပြီးစီး၍ အရောင်းအဝယ်ပြီးမြောက်ချိန်တွင် FMI ကုမ္ပဏီသည် Wave Money ၏ ရှယ်ယာရှင်အဖြစ် ရှိနေတော့မည် မဟုတ်သော်လည်း FMI ၏လက်အောက်ခံ ရိုးမဘဏ်အနေဖြင့်မူ Wave Money တွင် အစုရှယ်ယာ ငါးရာခိုင်နှုန်း ဆက်လက်ပါဝင်နေမည် ဖြစ်သည်။
FMI အများပိုင်အနေဖြင့် ကုမ္ပဏီအုပ်စု၏ အဓိကမဏ္ဍိုင်ဖြစ်သော ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍကို ရိုးမဘဏ်မှတစ်ဆင့် အာရုံစိုက် လုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ တိုးတက်နေသော ဘဏ်လုပ်ငန်းတွင် ပိုမိုရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ ရှယ်ယာများကို FMI က ရောင်းချမှုကြောင့် FMI ကုမ္ပဏီနှင့် လက်အောက်ခံ ကုမ္ပဏီခွဲများ၏ လုပ်ငန်းလည်ပတ်မှုအပေါ် တစ်စုံတစ်ရာထိခိုက်မှုမရှိရန် မျှော်လင့်ထားကြောင်း FMI အများပိုင်ကုမ္ပဏီ၏ နိုဝင်ဘာ ၁၃ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လုပ်ငန်းလိုင်စင်ခွင့်ပြုခဲ့သည့် Wave Money ကို YOMA ကုမ္ပဏီအုပ်စု က ၃၄ ရာခိုင်နှုန်း၊ ရိုးမဘဏ်က ငါးရာခိုင်နှုန်း၊ FMI က ၁၀ ရာခိုင်နှုန်းနှင့် တယ်လီနောက ၅၁ ရာခိုင်နှုန်းဖြင့် လုပ်ငန်းစတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် FMI ပိုင်ရှယ်ယာများကို YSIL သို့ ဒေါ်လာခြောက်သန်းဖြင့် ရောင်းချရန် သဘောတူခဲ့သည်။ ၂၀၁၆ ခုနှစ် စက်တင်ဘာတွင် လုပ်ငန်းလိုင်စင်ရရှိခဲ့သည့် Wave Money သည် ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ငွေသားစီးဆင်းမှုအရ အရင်းကျေခဲ့ပြီးဖြစ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံ အနှံ့အပြား၌ ဆိုင်ပေါင်း ၅၂၀၀၀ ကျော်နှင့် ဝန်ဆောင်မှုပေးနေကာ Wave Money ကွန်ရက်ဖြင့် တစ်နိုင်ငံလုံး၏ ရာခိုင်နှုန်း ၉၀ ကျော်ကို လွှမ်းခြုံထားသည်။















