သိန်းတစ်ထောင်ဆုပေါက်ခဲ့သည့် ထီလက်မှတ်အား ရောင်းချသူမှ ထီထိုးထားသူထံ ပေးအပ်ခြင်းမပြုပဲ ရယူထားမှုနှင့် ပတ်သက်၍ ထီရောင်းချခဲ့သူကို ကျပ်သိန်းနှစ်ထောင် ရလိုမူဖြင့် ထပ်မံအမူဖွင့်ထားကြောင်း အဆိုပါအမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။
ရှစ်ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် ကျပ်သိန်း တစ်ထောင်ဆု ပေါက်ခဲ့သည့် ထီလက်မှတ်အား ထီထိုးထားသူထံ ပေးအပ်ခြင်းမပြုဘဲ ရယူထားသဖြင့် ထီထိုးထားသူက ရောင်းချသူကို အမှုဖွင့်ထားခြင်း ဖြစ်သည်။
ဖြစ်စဉ်မှာ စစ်ကိုင်းမြို့နယ် မင်းကွန်းတိုက်နယ် မြသိန်းတန်စေတီအနီးရှိ ထီဆိုင်မှ ထိုးထားသည့် ထီနံပါတ် ကခ-၁၂၃၅၉၃ မှာ ကျပ်သိန်း တစ်ထောင်ဆု ပေါက်ခဲ့သဖြင့် ယင်းထီလက်မှတ်ကို ထီဆိုင် ကိုယ်စားလှယ်ထံမှ တောင်းယူရာ မပေးခဲ့ကြောင်း၊ အောက်တိုဘာ ၃ ရက်တွင် ထီထိုးထားသူ မဇင်ဇင်က မင်းကွန်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ထီဆိုင်ပိုင်ရှင်၏ အစ်မနှင့် ညှိနှိုင်းခဲ့သော်လည်း ထီလက်မှတ်ကို မပေးနိုင်ကြောင်း ပြောဆိုခဲ့သဖြင့် အောက်တိုဘာ ၇ ရက်တွင် ထီထိုးခဲ့သူ မဇင်မေထွန်းက မင်းကွန်းတိုက်နယ်ရဲစခန်းတွင် ယုံကြည်မှုကို အလွဲသုံးစားမှုဖြင့် ကနဦးအမှုဖွင့်ခဲ့ကြောင်း သိရသည်။
ယင်းနောက် နိုဝင်ဘာ ၁၃ ရက်တွင် တရားမမှုဖြင့် ထပ်မံအမှုဖွင့်ခဲ့ပြီး ယင်းအမှုနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၂၈ ရက်တွင် ရုံးချိန်းခေါ်ယူထားပြီး စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
" တရားမအမှု လာတင်တာပါ။ ပြစ်မူအနေနဲ့က အမူဖွင့်ထားပြီးပါပြီ။ တရားမမှုက ၈ ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲမှာ သိန်းတစ်ထောင်တန် ပေါက်မဲလက်မှတ် ပိုင်ရှင်အစစ်က မဇင်ဇင် ဖြစ်ကြောင်းနဲ့ လိမ်လည်ထုတ်သွားတဲ့ ပေါက်မဲဆု သိန်းတစ်ထောင်နဲ့ နစ်နာကြေး သိန်းတစ်ထောင် စုစုပေါင်း သိန်းနစ်ထောင် ရလိုမှုနဲ့ ဒီနေ့စတင်စွဲတာပါ" ဟု တရားလွတ်တော်ရှေ့နေ ဦးသိနိးသန်းဦးက ပြောကြားသည်။
ထို့ပြင် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသိန်းဦးက “ထီလက်မှတ်က အောင်ဘာလေသိန်းဆုဌာန စည်းမျဉ်းအရ ထီလက်မှတ်ပြတဲ့သူက ပိုင်ရှင် ဒါက မှန်တယ်။ ကောက်ရတဲ့သူက ပိုင်ရှင် ဒါဆိုရင် ဓားပြတိုက်ပြီး ထီလက်မှတ်ထုတ်ပြီး ပေးလိုက်မှာလား။ သူခိုးက ခိုးပြီး ထုတ်လိုက်ရင် ပေးလိုက်မှာလား ဆိုတဲ့ ဥပဒေပြသာနာ ရှိတယ်။ ဒါတွေကို ရှင်းဖို့အချိန်တန်ပြီး တရားမျှတမူအတွက် ဒီအမှုကို ကျွန်တော်တို့ လိုက်ပါဆောင်ရွက်ပေးခြင်း ဖြစ်တယ်။ ထီလက်မှတ် ပျောက်သွားရင် တရားစွဲလို့ရတယ်။ ကိုယ်က ထီထိုးထားပြီး ထီလက်မှတ် ပျောက်သွားပြီး ဘယ်သူလက်ထဲမှ ရောက်မသွားဘူးဆိုရင် အောင်ဘာလေ သိန်းဆုဌာန ညွန်ကြားရေးမှူးကို တရားပြိုင်အဖြစ်ထားပြီး မိမိ ပေါက်မဲလက်မှတ် ဒီလောက် ဒီလောက် ပိုင်ရှင်ဖြစ်ကြောင်းကို တရားရုံးကနေ တောင်းရမယ်။ အဲဒီ ဒီဂရီရရင် အောင်ဘာလေ သိန်းဆုဌာနမှာ ထုတ်ခွင့်ရှိပါတယ်။ အခုဖြစ်စဉ်က မခံနိုင်စရာမို့ ကျွန်တော်တို့က ဝင်ပါရတယ်” ဟု ဆက်လက်ပြောကြားသည်။
ထိုသို့ ထီလက်မှတ်ဖိုး ငွေပေးချေ၍ ထီထိုးခဲ့ပြီး အဆိုပါထီမှ ကျပ်သိန်းတစ်ထောင်ဆု ပေါက်ခဲ့သော်လည်း ထီဆိုင်ပိုင်ရှင်က ထီလက်မှတ် ထုတ်မပေးသောကြောင့် မင်းကွန်းတိုက်နယ်ရဲစခန်းတွင် ထီကျပ်သိန်း တစ်ထောင် ကံထူးသူ မဇင်မေထွန်းက ထီဆိုင်ပိုင်ရှင်ဖြစ်သူကို လိမ်လည်မှုပုဒ်မ ၄၂၀ ဖြင့် ယခင်က အမှုဖွင့်ထားခဲ့ပြီး ယခုတရားမမှုဖြင့် ထပ်မံ၍ ဖွင့်ထားရာ ရုံးချိန်းအနေဖြင့် နိုဝင်ဘာ ၂၈ ရက်တွင် စတင် စစ်ဆေးမည်ဟု သိရသည်။
"တရားမမှု လမ်းကြောင်းအရ ဆရာကြီးနဲ့ အမူတွဲလာတင်တာပါ။ ကျန်တာက ဆရာကြီး ဆက်လုပ်သွားမှာ ဆိုတော့ တရားရေးလမ်းကြောင်းကတော့ သမီးသိပ်မသိပါဘူး။ သူတို့ ညီမနစ်ယောက်နဲ့ ထပ်ပြီး တွေ့တာတို့ စကားပြောတာတို့ မရှိဘူး။ ထပ်ပြီးတွေ့ဆုံညှိနိူင်းတာ မရှိဘူး။ ရဲစခန်းကတော့ ပုဒ်မ သူတို့တင်ထားတွေ ပြန်ကျလာပြီ ပြောတယ်။ တခြားထပ်ပြီး ရဲစခန်းမှူးက ဘာမှမပြောပါဘူး" ဟု ထီကျပ်သိန်း တစ်ထောင် ကံထူးသူ မဇင်မေထွန်းက ပြောကြားသည်။
ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲမှ ထီလက်မှတ်များနှင့် ပတ်သက်၍ စည်းကမ်းချက်များ ထုတ်ပြန်ထားရာတွင် ထီဆုလက်မှတ် တင်ပြနိုင်မှသာ ဆုငွေ ထုတ်ယူခွင့်ရှိပြီး၊ ထီလက်မှတ် ဝယ်ယူကြောင်း၊ ပိုင်ဆိုင်ကြောင်း၊ ပျောက်ဆုံးသွားကြောင်းတို့နှင့် စပ်လျဉ်းသောအချက်များ၊ အငြင်းပွားခြင်းများ၊ ကန့်ကွက်ခြင်းများ စသည်တို့ကို အောင်ဘာလေ သိန်းဆုဌာနခွဲမှ လက်ခံစဉ်းစားပေးမည် မဟုတ်ဘဲ ထီလက်မှတ် မတင်ပြနိုင်ပါက ဆုငွေထုတ်ပေးမည် မဟုတ်ဘဲ ဆုရလက်မှတ် တင်ပြနိုင်သူကိုသာ ဆုငွေရထိုက်သည်ဟု အသိအမှတ်ပြုမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။















