ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့အနီုးကို ဗဟိုပြု၍ နိုဝင်ဘာ ၁၂ ရက်ညပိုင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ရွှေတိဂုံစေတီတော် အထက်ပစ္စယံရှိ အရံစေတီ နှစ်ဆူနှင့် မြေစိုက်စေတီ အမှတ် (၂၆) တို့ စိန်ဖူးတော် မြေခခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ သိရသည်။
အဆိုပါမြေခခဲ့သော အထက်ပစ္စယံရှိ အရံစေတီ နှစ်ဆူမှ စိန်ဖူးတော်များကို ယနေ့ (နိုဝင်ဘာ ၁၃ ရက်) မွန်းလွဲ ၂ နာရီခန့်က ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ပြန်လည်တပ်ဆင်ခဲ့သည်။ သို့ရာတွင် မြေစိုက်စေတီ အမှတ် (၂၆) ကိုမူ ရွှေသင်္ကန်းကပ်လှူမှုနှင့်အတူ စိန်ဖူးတော်အား ပြန်လည် တပ်ဆင်မည်ဖြစ်သောကြောင့် လက်ရှိတွင် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။















