ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး - မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ် ကွတ်ခိုင်မြို့အဝင် လွယ်ဆမ်ဆစ်တောင်ကြောအနီးတွင် နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် (၇) နာရီအချိန်ခန့်က ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေသော ယာဉ်များအား TNLA လက်နက်ကိုင်များက ရပ်တန့်ခိုင်းသောကြောင့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြတ်သန်း သွားလာနေသော ယာဉ်များ ထွက်ခွာမရပဲ ရပ်တန့် စောင့်ဆိုင်းနေခဲ့ကြရကြောင်း သိရသည်။
ယာဉ်များ ရပ်တန့်စောင့်ဆိုင်းနေစဉ် TNLA လက်နက်ကိုင်များက ကွတ်ခိုင်မြို့ တောင်ဘက် (၂) မိုင်ခန့်အကွာ အင်မိန်းဟိုကျန့်ကျေးရွာအုပ်စုဘက်သို့ ပြန်လည် ဆုတ်ခွာသွားရာ ဟိုကျန့်ရွာအနီးတွင် တပ်မတော် နှင့် TNLA လက်နက်ကိုင်အဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။
“ ဒီမနက် မူဆယ်ဘက်ကို သွားမလို့ ကွတ်ခိုင်အဝင် လွယ်ဆမ်ဆစ်တောင်နား ရောက်တော့ TNLA လက်နက်ကိုင်တွေ လမ်းပေါ်မှာတွေ့တာနဲ့ ကားတွေ အားလုံးရပ်ပြီး စောင့်နေကြရတယ်။ သေနတ်ပစ်သံတွေလည်း ကြားရတယ်။ ခဏအကြာမှာတော့ တပ်ကရောက်လာပြီး သူတို့လည်း လမ်းနဲ့ ဝေးတဲ့ဆီဘက် ဆုတ်သွားတယ်။ ရွာတွေဘက်မှာတော့ တပ်မတော်နဲ့ TNLA ထိတွေ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရတယ်” ဟု မူဆယ်သို့ သွားရောက်မယ့် ခရီးသည်တင်ယာဉ်မောင်း တစ်ဦးဖြစ်သူ ကိုရဲက ပြောသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်များကြောင့် လားရှိုး - မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် ဖြတ်သန်း သွားလာနေသော ယာဉ်များမှာ ကွတ်ခိုင်မြို့အဝင် နှင့် အထွက်များတွင် အချိန်နှစ်နာရီခန့်ထိ စောင့်ဆိုင်းခဲ့ကြရကြောင်း သိရသည်။
အလားတူ ကွတ်ခိုင် နှင့် မူဆယ်ကြားရှိ နမ့်ခိုင်တံတားအနီးတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် နမ့်ဖတ်ကာကျေးရွာတွင်လည်း ကွတ်ခိုင်ဘက်သို့ ထွက်ခွာလာမည့် ယာဉ်ကြီးယာဉ်ငယ်များသည် အချိန်အတော်ကြာ စောင့်ဆိုင်းနေကြရကြောင်း သိရသည်။
“ ရှုခင်းသာနားမှာ ကားတွေကို ဆက်ကြေးကောက်နေလို့ လားရှိုးဘက်သွားမယ့် ယာဉ်တွေ အကုန်လုံး နမ့်ဖတ်ကာမှာ ပြန်လှည့်ပြီး စောင့်နေကြတယ်။ နမ့်ဖတ်ကာမှာတော့ ကုန်တင်ကားတွေရော ၊ ခရီးသည်တင် ယာဉ်တွေရော စောင့်နေကြရတယ်။ အခုလည်း ကားတွေက ရှုခင်းသာကနေ ပြန်လှည့်လာကြတာဆိုတော့ နမ့်ဖတ်လွန်းမှာတောင် ကားတွေ ပိတ်မိနေတယ်။ ကားတွေကတော့ နမ့်ဖတ်လွန်းနားမှာ ကုန်ကားတွေ တော်တော် ပိတ်မိနေတယ်။ ကွတ်ခိုင်ဘက်ကနေလည်း ကားတွေ မတက်လာနိုင်သေးဘူး။” ဟု မူဆယ်-လားရှိုး ယာဉ်မောင်းတစ်ဦးက ပြောသည်။
ကွတ်ခိုင်မှ မူဆယ်ဘက်အထွက် ကွတ်ခိုင်တိုးဂိတ်တွင်လည်း ယာဉ်ဖြတ်သန်းခွင့် ယာယီပိတ်ထားပြီး ယာဉ်များ နံနက် (၇) နာရီခန့် စတင်စောင့်ဆိုင်း နေကြရကြောင်း သိရသည်။
“ ကွတ်ခိုင်တိုးဂိတ်မှာ ယာဉ်ဖြတ်သန်းခွင့် ယာယီပိတ်ထားပါတယ်။ ပိတ်ထားတာကတော့ မနက် (၇) နာရီ လောက်ကတည်းကပေါ့။ အဆင်းကားတွေလည်း တစ်စီးမှ ဆင်းလာတာ မတွေ့ပါဘူး။ ကားတွေကတော့ တော်တော်များနေပါပြီ။” ဟု ကွတ်ခိုင်တိုးဂိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နမ့်ဖတ်ကာ နှင့် ကွတ်ခိုင်ကြား နမ့်ခိုင်တံတားအကျော်တွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ယာဉ်များအား ခေတ္တတားထားခြင်းဖြစ်ပြီး မူဆယ်ဘက်မှ လားရှိုးဘက်သို့ ထွက်ခွာလာသော ယာဉ်များမှာ နမ့်ဖတ်ကာတွင် စောင့်ဆိုင်းနေကြရပြီး လားရှိုးဘက်မှ မူဆယ်ဘက်သို့ ထွက်ခွာမည့်ယာဉ်များမှာ ကွတ်ခိုင်တိုးဂိတ်တွင် ယနေ့ နံနက် (၁၂) နာရီမထိုးခင်အထိ စောင့်ဆိုင်းနေကြရဆဲ ဖြစ်ကြောင်း သိရသည်။















