FAW ငမြှောင်တောင်ပိုး၏ ပြောင်းလဲလာနိုင်သည့် မျိုးရိုးဗီဇနှင့်ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာနက လေ့လာမှုများလုပ်ဆောင်နေ

FAW ငမြှောင်တောင်ပိုး၏ ပြောင်းလဲလာနိုင်သည့် မျိုးရိုးဗီဇနှင့်ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာနက လေ့လာမှုများလုပ်ဆောင်နေ
Published 13 November 2019
မင်းသူဝင်းထွဋ်

ပြောင်းစိုက်ခင်းများတွင် အဓိကကျ ရောက်တတ်တော့ FAW ငမြှောင်တောင်ပိုး ၏ ပြောင်းလဲလာနိုင်သည့် မျိုးရိုးဗီဇနှင့် ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ လေ့လာမှုများ ပြုလုပ်နေပြီး ပြောင်းစမ်းသပ် စိုက်ခင်းများဖြင့် သုတေသနပြုလုပ်ဆောင်နေကြောင်း သတင်း ရရှိသည်။

 ၁၉၉၀ ခုနှစ်ခန့်ကတည်းက အမေရိကန်နိုင်ငံနှင့် တောင်အမေရိကနိုင်ငံများတွင် စတင်ပေါက်ဖွားခဲ့သည့်  Fall Armyworm ပိုးမွှားမှာ ၂၀၀၃ ခုနှစ် အာဖရိကနိုင်ငံများရှိ စိုက်ပျိုးသီးနှံများတွင်ပါ ကျရောက်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံသို့ ကျရောက်ပြီးနောက် မြန်မာနိုင်ငံသို့ ၂၀၁၈ခုနှစ် နှောင်းပိုင်း တွင် စတင်ဝင်ရောက်လာပြီး ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြောင်းစိုက်ခင်းများကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ ပိုးမွှားမှာ နှိမ်နင်းရန်ခက်ခဲပြီး အမြစ်ပြတ်နှိမ်နင်းခြင်း နှင့် အပြည့်အဝကြိုတင်ကာကွယ်ရန် နည်းလမ်းများအား ကမ္ဘာ့စိုက်ပျိုးရေးနိုင်ငံကြီး များတွင်ပါ မလုပ်ဆောင်နိုင်သေးကြောင်း၊ ယင်း Fall Armyworm ပိုးမွှားမှာ မြန်မာပြည်တွင် ယခင်အချိန်ကတည်းက ရှိနှင့်ပြီးဖြစ်သည့် ငမြှောင်တောင်ပိုးနှင့် ဆင်တူသော်လည်း ပိုးသတ်ဆေးများကို ခံနိုင်စွမ်းအားနှင့် ဖျက်ဆီးကိုက်ဖြတ်နိုင်မှု စွမ်းရည်မှာ ပိုမိုမြင့်မားကြောင်း၊ ပိုးမွှား၏ ပင်ကိုယ်ဗီဇအရ ပြောင်းသီးနှံများကို ပိုမိုကြိုက်နှစ်သက်သော်လည်း မြန်မာပြည်တွင် စိုက်ပျိုးနေသည့် စပါး၊ ပဲ၊ ၀ါ၊ နှမ်း၊ ကြံနှင့် အခြားသောသီးနှံ ၈၀ ကျော် ကိုပါ ဖျက်ဆီးလေ့ရှိကြောင်း၊ ပိုးမွှားများမှာ လေနှင့်အတူ ပျံနှံနိုင်ခြင်း ပိုးမွှားမျိုးဆက်တစ်ခုလျှင် ပိုးသတ်ဆေးအမျိုးအစားတစ်မျိုး၏ ခံနိုင်စွမ်းရည်ကိုပါ အလိုလိုမြှင့်တင်နိုင်ခြင်းကြောင့် အမြစ်ပြတ်နှိမ်နှင်းခြင်း ပြုလုပ်ရန် ခက်ခဲကြောင်း၊ ယမန်နှစ်ပြောင်းစိုက်ရာသီ တွင် အဆိုပါပိုးမှာ ကျရောက်ခဲ့သော်လည်း ဆေးဝါးသုံးစွဲမှု မှန်ကန်သောကြောင့် ဆိုးဝါးစွာ ပျက်စီးခြင်းများမရှိဘဲ ယခုနှစ် ပြောင်း စိုက်ရာသီတွင် ကျရောက်လာမည့် ငမြှောင် တောင်ပိုးအား မျိုးရိုးဗီဇမည်သို့ ပြောင်းလဲသွားမည်ကို စိုက်ပျိုးရေးဦးစီးဌာနမှ လေ့လာ သုတေသန ပြုလုပ်နေလျှက်ရှိကြောင်း သိရသည်။

“စိုက်တဲ့ဧကက ငါးသောင်းကျော်လောက်ရှိတယ် မနှစ်ကဆိုရင်တော့ ဒီငါးသောင်းကျော်လောက်ထိ စိုက်ခဲ့တယ်။ များ သောအားဖြင့်တော့ ဟင်္သာတခရိုင်မှာ ရှိတဲ့ ဇလွန်၊ ဟင်္သာတများပါတယ်။ နောက်တစ်ခု က မအူပင်ခရိုင်ထဲမှာရှိတာတော့ ဓနုဖြူ၊ ပန်းတနော်၊ ညောင်တုန်း၊ မအူပင် အကုန်များ များစိုက်ကြတယ်။ အဓိက အများဆုံးစိုက်တာပေါ့၊ မနှစ်ကလည်း စိုက်ဧက ငါးသောင်းကျော်ရှိတယ်။ ဒီနှစ်မှာလည်း ငါးသောင်းကျော်လုံး ပြန်စိုက်ကြတယ်။ မနှစ်က ဧကသုံးသောင်း ကျော်လောက်ထိ ပိုးကျပါတယ်။ သို့သော် လည်းပဲ အဲဒီ FAW ကြောင့် ပျက်စီးဆုံးရှုံးသွားတယ်ဆိုတဲ့အခင်းတော့ တစ်ခင်းမှ မရှိလိုက် ဘူး။  FAW နဲ့ပတ်သက်ပြီးတော့ မျိုးရိုးဗီဇ အပြောင်းအလဲကိုတော့ ကျွန်တော်တို့က စစ်တမ်းကောက်ပြီးတော့ လုပ်နေတာရှိတယ်။ စစ်တမ်းကောက်နေတဲ့နေရာမှာ သူ့ ရဲ့ပြောင်းလဲသွားနိုင်တဲ့ မျိုးစိတ်တွေပြောင်းလဲသွားနိုင်တဲ့ အရာကိုစစ်တမ်းကောက်နေ တာရှိတယ်။ အလားတူကျနေတဲ့ ပိုးကောင် တွေရဲ့ အချက်အလက်တွေအကုန်လုံးလည်း ကျွန်တော်တို့က သက်ဆိုင်ရာ ရုံးချုပ်နဲ့ ချိတ်ဆက်ပြီးတော့ လုပ်နေတယ်။ သို့သော်လည်းပဲ ဒီနှစ် FAW ငမြှောင်တောင်ရဲ့ ပိုးသတ်ဆေး ရဲ့ သုံးစွဲတာမှာ ပိုပြီးခံနိုင်ရည်ရှိလာတယ်ဆို တဲ့ဟာမှာ ပိုးသတ်ဆေးရဲ့ မှားယွင်းတဲ့ သုံးစွဲတဲ့ စနစ်တွေကြောင့် FAW က ခံနိုင်ရည်ရှိလာ တာရှိတယ်။ ဒီနှစ်ပိုင်းကတော့ FAW နဲ့ ပတ် သက်တာတွေက ပညာပေး အသိပေးတာတွေ က တော်တော်လေး ကောင်းကောင်းလုပ်နိုင်တယ်။ နောက်တစ်ခုက ပြောင်းစိုက်တဲ့ ဒေသတွေမှာ ပညာပေးစာစောင်တွေ ဖြန့်ဝေခြင်း ခုနပြောတဲ့ ဗီနိုင်းတွေ ကပ်ခဲ့ခြင်း ပညာပေး လုပ်ငန်းတွေ တော်တော်များများ လုပ်ထား ပြီးဖြစ်တဲ့အတွက်ကြောင့်မို့ နောက်တစ်ခုက ကျွန်တော်တို့နဲ့ တွဲဖက်နေကြတဲ့ တောင်သူတွေကလည်း တော်တော်များသိထားပြီးဖြစ်တဲ့အတွက်ကြောင့် အဆင်ပြေပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိန်မောင်မြင့်က ပြောသည်။

ယမန်နှစ် ပြောင်းစိုက်ရာသီချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိပြောင်း စိုက်ဧက ငါးသောင်းကျော်အနက် သုံးသောင်း ကျော်တွင် FAW ငမြှောင်တောင်ပိုးကျရောက် ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုရေး ဆေးကုမဏီများ ပူးပေါင်းကာကောင်းကင် ဆေးဖျန်းယာဉ်များဖြင့်ပါ ဆေးဖျန်းကာကွယ်ခဲ့ရကြောင်း သိရသည်။

Most Read

Most Recent