နိုင်ငံရေးအစဉ်အလာ

နိုင်ငံရေးအစဉ်အလာ
Published 12 November 2019

နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ်ကို အဓိပ္ပာယ်များနှင့် အစီအစဉ် ချထားမှုပေးသည့် သဘောတရား အမြင်များ၊ ယုံကြည်ချက်များနှင့် ခံစားချက် သဘောထားများ အစုံလိုက်ကို နိုင်ငံရေးအစဉ်အလာဟုခေါ်သည်။ ယင်းသည် နိုင်ငံရေးစနစ်အတွင်း အပြုအမူအလေ့အထကို ကြီးစိုးသည့် နောက်ခံယူဆချက်များနှင့် စည်းမျဉ်းများကို ထောက်ပ့ံပေးသည်။ ယင်းတွင် နိုင်ငံရေး စံသတ်မှတ်ချက်များအပြင် အစိုးရပုံစံနှင့် လုပ်ငန်းစဉ် သတ်မှတ်ချက်များပါ အကျုံးဝင်သည်။ ထို့ကြောင့် နိုင်ငံရေးအစဉ်အလာသည် နိုင်ငံရေးနှင့် ပတ်သက်သော စိတ်ပညာဆိုင်ရာနှင့် ပုဂ္ဂလိကဓိဋ္ဌာန်ဆိုင်ရာ သရုပ်သကန်ဖြစ်သည်။ နိုင်ငံရေးအစဉ်အလာသည် နိုင်ငံရေးစနစ်တစ်ရပ်၏ သမိုင်းနှင့် ယင်း၌ပါဝင်သူများ၏ သမိုင်းကြောင်းများဖြစ်သည်။ ထို့ကြောင့် အများပြည်သူနှင့်ဆိုင်သော အဖြစ်အပျက်များ နှင့် တစ်သီးပုဂ္ဂလဆိုင်ရာ အတွေ့အကြုံ နှစ်ရပ်စလုံးအပေါ် အညီအမျှ အခြေပြုသည်။

၁၉၆၃ ခုနှစ်တွင် အမေရိကန်သားနှစ်ဦးဖြစ်သော ဂေဘရီယယ်အယ်လ်မွန်နှင့် ဆစ်ဒနီဗာဘာတို့က ယဉ်ကျေးသော အစဉ်အလာတစ်ရပ်ကို ပေါင်းစပ်ဖန်တီးနိုင်သည့် စစ်မှန်သော နိုင်ငံရေးအစဉ်အလာ ပုံစံစစ်စစ် သုံးရပ်ကို ပုံကြမ်းရေးဆွဲခဲ့သည်။ ထိုသူနှစ်ဦးစလုံးက ဖော်ပြခဲ့သော ယင်းအဓိက စရိုက်လက္ခဏာသုံးရပ်သည် ပြည်သူနှင့် အစိုးရတို့အကြား ဆက်နွှယ်ချက်တစ်ရပ်ကို ထူထောင်ရန် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ ပထမဆုံး စရိုက်လက္ခဏာကို “လေးစားလိုက်နာမှု” ဟုခေါ်သည်။ ယင်းသည် လေးစားမှု၊ အထက်အောက်အနေအထားကို လက်ခံမှုနှင့် လူ့အဖွဲ့အစည်းအတွင်း အာဏာပိုင်မှုတို့ကို စဉ်း စားတွေးခေါ်သည်။

ဒုတိယစရိုက်လက္ခဏာကို “အများသဘောတူဆန္ဒ” ဟုခေါ်သည်။ ယင်းသည် အစိုးရနှင့် ပြည်သူတို့အကြား သဘောတူညီမှုနှင့် နှစ်သိမ့်ကျေအေးမှုဆိုင်ရာ အဓိကဆက်နွှယ်ချက်ကို ကိုယ်စားပြုသည်။ နှစ်သိမ့်ကျေအေးမှုအတွက် ထောက်ခံမှုကို အမြဲတမ်း တစ်နိုင်ငံလုံး မျှဝေခံစားနိုင်မည် မဟုတ်သော်လည်း ခြုံကြည့်ပါက လူအများက ယင်းကို ဆက်လက်ထိန်းသိမ်းရန် သဘောတူကြသည်။ ယင်းကိုပင် ဘုံသဘောတူညီချက်ဟုခေါ် သည်။ “အများသဘောတူဆန္ဒ”နှင့် ပတ်သက်သော ဥပမာများစွာတို့တွင် နိုင်ငံတစ်ခု အဖြစ် လူများကို အုပ်ချုပ်ပုံ၊ အစိုးရ၏ လူမှုဖူလုံရေးအထောက်အပ့ံနှင့် ပတ်သက်သော အများဆန္ဒ၊ မည်သူက နိုင်ငံအကြီးအကဲလုပ်၍ မည်သို့သော အာဏာများဖြင့် အုပ်ချုပ် မည်ဟူသည့်အချက်များ ပါဝင်သည်။ တတိယစရိုက်လက္ခဏာရပ်မှာ “တစ်ပြေးညီတည်း ဖြစ်မှု” ဖြစ်သည်။

ဥပမာအားဖြင့်ကြည့်လျှင် ဂျပန်နိုင်ငံ၏ ဒီမိုကရေစီစနစ်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ဒီမိုကရေစီဖြစ်သည်။ ဂျပန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယကမ္ဘာစစ်အပြီးတွင် အမေရိကန်အာဏာပိုင်များက ရေးဆွဲပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ဂျပန်တွင် အမေရိကထက် ဆက်ဆံရေးကောင်းမွန်မှုနှင့် အဆင်ပြေညီညွတ်မှုက ပို၍ အရေးကြီးသည်ဟု ယူဆကြသည်။ မိသားစုအတွင်းနှင့် နိုင်ငံရေးအတွင်း ထက်အောက် အဆင့်ဆင့် တည်ရှိမှုသဘောတရားသည် ဂျပန်နိုင်ငံ၏ ဓလေ့ထုံးတမ်းအတွင်း၌ နက်ရှိုင်းစွာ အမြစ်တွယ်နေသည်။ မိသားစုအတွင်းရှိ ကြီးသူများနှင့်လည်းကောင်း၊ ခေါင်းဆောင်များနှင့်လည်းကောင်း ဆက်ဆံမှုကို ကြည့်ပါက ဂျပန်နိုင်ငံသားများသည် အမေရိ ကန်နိုင်ငံသားများထက် သက်ဆိုင်ရာ အာဏာပိုင်များကို ပို၍လေးစားမှုရှိကြောင်း ပြသနေသည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံအမျိုးမျိုး၌ ကွဲပြားခြားနားသော နိုင်ငံရေးအစဉ်အလာ အမျိုးမျိုးရှိကြပြီး ယင်းတို့ကို လေ့လာခြင်းဖြင့် အစိုးရအဖွဲ့အသီးသီးကို သက်ဆိုင်ရာ နည်းလမ်းတစ်ရပ်ရပ်ဖြင့် ဖွဲ့စည်းထားပုံ၊ ဒီမိုကရေစီစနစ် ကျင့်သုံးမှုများ အဘယ့်ကြောင့် အောင်မြင်ရပုံ သို့မဟုတ် ကျရှုံးရပုံနှင့် နိုင်ငံအချို့တွင် ဘုရင်စနစ်များ အဘယ့်ကြောင့် ယနေ့အထိ ဆက်ရှိနေပုံတို့ကို နားလည်နိုင်ရန် အထောက်အကူပြုပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(နိုဝင်ဘာ ၁၃ ရက်ထုတ် The Daily Eleven  သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

 

Most Read

Most Recent