မြန်မာနိုင်ငံမှဒုက္ခသည်များသည် နိုင်ငံအတွက်သာမက ဒေသတွင်းအတွက်ပါ လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ပြောကြား

မြန်မာနိုင်ငံမှဒုက္ခသည်များသည် နိုင်ငံအတွက်သာမက ဒေသတွင်းအတွက်ပါ လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ပြောကြား
​​​​​​​ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ တွေ့ရစဉ် (Photo: The Daily Star)
​​​​​​​ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ တွေ့ရစဉ် (Photo: The Daily Star)
Published 11 November 2019
Ref : The Daily Star

နှိပ်ကွက်ခံရမှုများကို ရင်ဆိုင်ရသောကြောင့် ထွက်ပြေးလာသည့် မြန်မာနိုင်ငံမှ ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟုဖော်ပြ) ၁ ဒသမ ၁ သန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်သာမက ဒေသတွင်းအတွက်ပါ လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက နိုဝင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

“ဒီခြိမ်းခြောက်မှုရဲ့ အတိုင်းအတာကို သဘောပေါက်ပြီး သင့်တော်မှန်ကန်တဲ့ အရေးယူဆောင်ရွက်မှုတွေပြုလုပ်ဖို့ ကမ္ဘာ့အသိုင်းအဝိုင်းကို ကျွန်မတောင်းဆိုပါတယ်”ဟု သုံးရက်ကြာမြင့်မည့် Dhaka Global Dialogue ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်း၌ ဟာစီနာက ပြောကြားခဲ့သည်။

အစိုးရအကြံပေးအဖွဲ့ဖြစ်သော ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံတကာနှင့် မဟာဗျူဟာ ဆိုင်ရာလေ့လာရေးအဖွဲ့ (BIISS) နှင့် အိန္ဒိယနိုင်ငံ၏ လေ့လာရေးသုတေသနဖောင်ဒေးရှင်း (ORF) တို့ ပူးတွဲကြီးမှူးကျင်းပသည့် အပြန်အလှန်ဆွေးနွေးပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ Hotel InterContinental ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ကြီးထွားမှု၊ ဖွံ့ဖြိုးမှုနှင့် အင်ဒို-ပစိဖိတ်” သည် အဆိုပါဆွေးနွေးပွဲ၏ ပင်မအကြောင်းအရာဖြစ်သည်။ အဓိကအချက် တင်ပြမှုများ၊ အဖွဲဲ့လိုက်ဆွေးနွေးမှုများ၊ လျှပ်တစ်ပြက်ဆွေးနွေးမှုများနှင့် တိုက်ရိုက်ထုတ်လွှင့်မှုများ ပါဝင်သည့် အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံတကာမှ ပါဝင်သူ ပေါင်း ၁၅၀ ကျော် တက်ရောက်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲ၌ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်နှင့် ORF ဥက္ကဋ္ဌ ဆမာဆာရန်တို့လည်း တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် BIISS အထွေထွေညွှန်ကြားရေးမှူး အေကေအမ်အဗ္ဗဒါရာမန်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

နိုဝင်ဘာ ၃ရက်က ပြုလုပ်ခဲ့သည့် ၁၀ ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီး ဆွေးနွေးပွဲတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ရခိုင်အရေး ကိစ္စအပေါ် စိုးရိမ်ပူပန်ကြောင်း၊ ပြဿနာအရင်းအမြစ်ကို ဖြေရှင်းရေးနှင့် နေရပ်စွန့်ခွာသူများ မိမိဆန္ဒအလျောက် ဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာရှိစွာပြန်လာနိုင်ရေးမှာ မြန်မာ အစိုးရ၏ တာဝန်ဖြစ်ကြောင်း ပြောကြားခဲ့ သေးသည်။

ယင်းကဲ့သို့ပြောကြားမှုနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မိမိတို့  ကာကွယ်စောင့်ရှောက်ပေးရမည့်သူများအားလုံး၏လုံခြုံရေးနှင့် အခွင့်အရေးများအား ကာကွယ်ပေးရန် တာဝန်ကို မြန်မာအစိုးရအနေဖြင့်ရှောင်လွှဲမည်မဟုတ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးးမှူးချုပ်က နေရပ်စွန့်ခွာသွားကြရသော ဘင်္ဂါလီများ လုံခြုံ၍ သိက္ခာရှိစွာဖြင့် မိမိဆန္ဒအလျောက် နေရပ် ပြန်လည်အခြေချနိုင်ရေးနှင့် လူ့အသိုက်အဝန်းနှစ်ရပ်အကြား ပြန်လည်သင့်မြတ်ရေး အတွက် မြန်မာအနေဖြင့် တက်တက်ကြွကြွလုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်းကိုလည်း အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံပြီး နောက် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားခဲ့သည်။

ထို့အပြင် နေရပ်စွန့်ခွာသွားရသူများအ နေဖြင့် ၎င်းတို့၏ ဆန္ဒအလျောက် သိက္ခာရှိစွာ ပြန်လည်အခြေချနိုင်ရေးအတွက် လုပ်ဆောင်ရမည်ဖြစ်ပြီးး ယင်းလုပ်ဆောင်မှုမှာလည်း ရေရှည်တည်မြဲဲသည့် ပြန်လည်လက်ခံနေရာချထားရေးဆောင်ရွက်မှုဖြစ်ရန် လိုအပ်ကြောင်းလည်း ဂူတာရက်စ်က ပြောကြားခဲ့သေးသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်း များတွင် နေထိုင်နေသည့် ဘင်္ဂါလီဒုက္ခသည် များထဲမှ ဘင်္ဂါလီ ၄၆ ဦးသည် မိမိအစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ အောက်တိုဘာ ၃၁ ရက် တွင် ပြန်လည်ဝင်ရောက်လာရာ တောင်ပြို လက်ဝဲရှိ ငါးခူရပြန်လည်လက်ခံရေးစခန်း တွင် ၎င်းတို့အား လက်ခံခဲ့သည်။

နေရပ်စွန့်ခွာသွားသော ဘင်္ဂါလီဒုက္ခသည်များအား မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရေးအတွက် မြန်မာအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရကြား ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီး စိစစ်မှုများပြုလုပ်ကာ တရားဝင်ပြန်လည်လက်ခံခဲ့သော်လည်း အစိုးရ၏အစီအစဉ်ဖြင့် ဆောင်ရွက်ချိန်တွင် ပြန်လည် ဝင်ရောက်မည့်သူ မရှိသေးပေ။

ထိုသို့ ဘင်္ဂါလီဒုက္ခသည်များ မြန်မာနိုင်ငံသို့  ပြန်လည်မဝင်ရောက်ရခြင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ARSA အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှု များကြောင့်ဖြစ်သည်ဟု သိရှိရကြောင်း မြန်မာအစိုးရက ထုတ်ပြန်ထားသည်။

သို့ရာတွင် ARSA အဖွဲ့၏ ခြိမ်းခြောက်မှုများကြားမှပင် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁ ရက်အထိ မိမိအစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်လာသည့် ဘင်္ဂါလီဒုက္ခသည် ၃၀၀ ကျော်ရှိကြောင်းလည်း သိရသည်။

Most Read

Most Recent