ရွေးမြစ်ရေတိုက်စားမှုကြောင့် လပွတ္တာ - သင်္ကန်းကြီး ကားလမ်းမတာမှာ ကားလမ်းအလယ်အထိ ထက်ဝက်ခန့် ဆိုးရွားစွာပြိုကျနေခဲ့ပြီး အမြန်ဆုံးအကြီးစားပြုပြင်ထိန်းသိမ်းမှု မပြုလုပ်ပါက လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်သွားမည်ဖြစ်ပြီး တာအတွင်းရှိ လယ်ယာမြေဧက တစ်သောင်းခန့်ပါ ရေငန်များဝင်ရောက် ဖုံးလွှမ်းသွားနိုင်ကြောင်း သတင်းရရှိသည်။
လပွတ္တာ - သင်္ကန်းကြီးကားလမ်းမတာမှာ နေရာငါးခုခန့်တွင် မကြာခဏ ရွေးမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျလေ့ရှိပြီး ကွန်ကရစ်မြစ်ထိန်းနံရံများပါ တည်ဆောက်ထားရကြောင်း၊ ယခုရက်ပိုင်းအတွင်း ထပ်မံပြိုကျသည့်နေရာမှာ ထင်းစုကျေးရွာအနီးတွင် တည်ဆောက်ထားပြီး ကွန်ကရစ်မြစ်ထိန်းနံရံ၏ ဘယ်ညာနှစ်ဖက်တွင် ဖြစ်ပေါ်နေကာ မြစ်ကမ်းပါးပြိုကျမှုမှာ တစ်ဖက်လျှင် ပေ ၅၀ ခန့်အထိရှိကြောင်း၊ ကမ်းပါးပြိုကျမှုကြောင့် ကတ္တရာလမ်းမကြီး၏ အလယ်ပိုင်းခန့်အထိ ပြိုကျခဲ့မှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု မရှိစေရန် ကားလမ်းမကိုပါ အရေးပေါ်တိုးချဲ့ခြင်းနှင့် ကမ်းပါးပြိုကျနေသည့် နေရာများတွင် သဲများကျောက်များ ချခြင်းဖြင့် အမြန်ဆုံးပြုပြင်နေရကြောင်း၊ ယင်းသို့ အမြန်ဆုံးပြုပြင်ဆောင်ရွက်ရန်အတွက် အရံသင့်ရန်ပုံငွေမရှိသောကြောင့် ဒေသအတွင်းရှိ သဲ၊ ကျောက်လုပ်ငန်းရှင်များထံမှ အကြွေးဖြင့် ဝယ်ယူကာ လုပ်ဆောင်နေရကြောင်း သိရသည်။
“ဒီဥစ္စာဟာ အရေးပေါ်ဆောင်ရွက်မှုမရှိဘူးဆိုရင် ဒီလမ်းပေါက်သွားရင် အကျိုးယုတ်ဖို့ နှစ်ခုရှိတယ်။ တစ်ခုက ဘာလဲဆိုတော့ အောက်ပိုင်းဘက်က ရွာတွေနဲ့ ဆက်သွယ်ဖို့ရာ ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက် သွားဖို့ရှိတယ်။ နောက်လယ်တွေ ဧက ၅၀၀၀ လောက်ရှိတယ်လို့ပြောတယ်။ အဲဒီအတွင်းထဲမှာ အဲဒီ ၅၀၀၀ လောက်ကလည်း ပျက်စီးသွားဖို့ရှိတယ်။ အဲဒီကိစ္စကို မဖြစ်အောင်ဆိုပြီး အလျင်အမြန်ထိန်းသိမ်းနိုင်ဖို့ လိုတယ်ဆိုပြီးတော့ ရန်ပုံငွေမရှိသော်လည်းပဲ လောလောဆယ်အနေနဲ့ ကျောက်တို့ဘာတို့ဆိုရင် အကြွေးရရင် အကြွေးယူဖို့ဆိုပြီး ကျောက်ချလို့ရရင် ကျောက်ချပြီးတော့ ပညာရှင်အမြင်နဲ့ပေါ့။ ဆောင်ရွက်ဖို့လည်း လုပ်ထားတယ်။ နောက်ပြီးတော့ လပွတ္တာကဝန်ကြီးဖြစ်တဲ့ စည်ပင်ဝန်ကြီးရယ် လမ်းပန်းဝန်ကြီး ဦးဝင်းဌေးတို့ရယ်ကို ချိတ်ဆက်ပြီးတော့ မေးတဲ့အခါမှာ မြစ်ချောင်းဖြိုးရဲ့ အကြံဉာဏ်လိုတယ်။ သူတို့လူလွှတ်ပေးမယ်လို့ ပြောတယ်။ သူတို့ ဒီနေ့ရောက်လာမယ်ဆိုတာ ရောက်မလာဘူး။ သိရသလောက်ကတော့ ဒီနေ့က ရုံးပိတ်ရက်ဖြစ်တာမို့ ၁၄ရက်နေ့မှ လာနိုင်မယ်ဆိုတဲ့ သတင်းတစ်ခုတော့ ပြန်ရတယ်။ သူလာသည်ဖြစ်စေ မလာသည်ဖြစ်စေ မလုပ်လို့မဖြစ်တဲ့ အနေအထားဖြစ်တဲ့အတွက်ကြောင့်မို့ ဒီနေ့တော့ အစည်းအဝေးပြီးတာနဲ့ လမ်းဦးစီးတို့နဲ့ ဆည်မြောင်းတို့က ထပ်ဆင်းသွားပြီးတော့ အလုပ်တွေလုပ်နေတယ်။ နောက်သွားရေး လာရေး မပြတ်တောက်အောင်လည်း လမ်းရဲ့ ဘေးဖက်ခြမ်းက ပြိုတဲ့ဘက်မဟုတ်တဲ့ တခြားဖက်ကနေပြီးတော့ ကျောက်ရယ် မြေသားရယ်ဖို့ပြီးတော့ ကားတွေဘာတွေ သွားဖို့လာဖို့ လုပ်နိုင်အောင် သူတို့အစီအစဉ်တွေ ဆွဲထားကြပါတယ်” ဟု လပွတ္တာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှက ဆိုသည်။
မြစ်ရေတိုက်စားမှုကြောင့် ကားလမ်းမတာပြိုကျမှုမှာ နေ့စဉ်ဖြစ်ပေါ်နေပြီး နိုဝင်ဘာ ၁၀ ရက်ညနေပိုင်းတွင် ကမ်းပါးထပ်မံပြိုကျမှုကြောင့် အရေးပေါ် မြစ်ကမ်းထိန်းသိမ်းရေး လုပ်ဆောင်နေသည့်အဖွဲ့များပါ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။















