ပရီးမီးယားလိဂ်ပွဲစဉ် (၁၂) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၁၂) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 10 November 2019

မန်ယူ - ဘရိုက်တန် (တနင်္ဂနွေည ၈:၃၀ နာရီ)

ယုံကြည်လို့မရတဲ့အသင်းတွေထဲမှာ မန်ယူလည်းပါတယ်။ ခံစစ်ပိတ်ကစားတဲ့အသင်းတွေကျော်ဖြတ်နိုင်ဖို့အတွက် တစ်ဦးချင်းခြေစွမ်းကောင်းဖို့၊ တစ်ဦးချင်းဖြတ်ကျော်နိုင်ဖို့လိုပြီး စဉ်ဆက်မပြတ် ဖိအားပေးနေနိုင်ဖို့လည်း လိုတယ်။ ဖန်တီးမှုစွမ်းရည်မြင့်ဖို့လည်း လိုတယ်။ ဒီလိုပွဲမျိုးက ရှုံးဖို့အတွက်တော့ စိတ်ပူစရာမရှိဘူး။ သရေမကျသွားဖို့အတွက်ပဲ ကစားရမယ့် အနေအထားပါ။ ဂိုးမပြတ်ရင်တောင် နိုင်ပွဲတော့ ယူနိုင်ပါလိမ့်မယ်။ 

 

ဝုလ်ဗ် - အက်စတွန်ဗီလာ (တနင်္ဂနွေည ၈:၃၀ နာရီ)

အက်စတွန်ဗီလာက နောက်ဆုံးနှစ်ပွဲဆက် ရှုံးခဲ့တယ်ဆိုပေမယ့် မန်စီးတီး၊ လီဗာပူးလ်တို့လိုအသင်းတွေနဲ့ ဆက်တိုက်ကစားရတာဖြစ်လို့ တခြားအသင်းတွေဆိုလည်း ဒီလိုရလဒ်မျိုးတွေ့မှာပဲ။ ဒီပွဲတွေမတိုင်ခင်က ရလဒ်ကောင်းခဲ့တယ်။ အရေးကြီးတာက အဲ့ဒီအချိန်က ခြေစွမ်း၊ မန်စီးတီးနဲ့ ပထမပိုင်းခြေ၊ လီဗာပူးလ်နဲ့ပွဲခြေစွမ်းတွေကို ပြန်ရဖို့ပဲ။ ဝုလ်ဗ်ပိုကောင်းတာမှန်ပေမယ့် သရေကျသွားရင် အံ့ဩစရာမရှိဘူး။ 



လီဗာပူးလ် - မန်စီးတီး (တနင်္ဂနွေည ၁၁:၀၀ နာရီ)

နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ နှစ်သင်းစလုံး နိုင်ပွဲရဖို့ ရုန်းကန်ခဲ့ရပေမယ့် နှစ်သင်းစလုံးရဲ့ရလဒ်ပိုင်းက ကောင်းနေတုန်းပဲ။ နောက်ဆုံး (၅)ပွဲ ရလဒ်ပိုင်းကိုကြည့်ရင် လီဗာပူးလ်က (၁)မှတ်ပိုယူနိုင်ခဲ့ပြီး ခြေစွမ်းပိုင်းအရဆိုရင်တော့ မန်စီးတီးကစားတာ ပိုကောင်းနေတယ်။ လီဗာပူးလ်က ပွဲတိုင်းလိုလို တိုက်စစ်ကို အပြောင်းအလဲမရှိ အသုံးပြုနေရချိန်မှာ မန်စီးတီးက ကစားသမားတွေကို လှည့်ပြီးသုံးစွဲနိုင်တာလည်း အားသာချက်ဖြစ်တယ်။ ဒါပေမဲ့ မန်စီးတီးအတွက် အခက်အခဲရှိတာက လီဗာပူးလ်တိုက်စစ်ကို ထိန်းချုပ်ရမယ့် ခံစစ်ပိုင်းပဲ။ မန်စီးတီးခံစစ်က တစ်ဦးချင်းအမှားများသလို၊ အတွဲအဖက်လည်း သိပ်မမိဘူး။ ကွင်းလယ်နဲ့ တိုက်စစ်က ကောင်းလွန်းလို့ မသိသာပေမယ့် ဒီလိုပွဲမျိုးတွေမှာ ရုန်းကန်ရနိုင်တယ်။ လီဗာပူးလ်ကလည်း လိုဗရန်ပြန်ကစားချိန်ကတည်းက ဂိုးတွေပေးနေရတာတွေ့ရတယ်။ ပြီးခဲ့တဲ့ရာသီက အန်ဖီးလ်မှာ ဂိုးမရှိသရေကျခဲ့ပေမယ့် ဒီပွဲကတော့ အပြန်အလှန်ဂိုးတွေမြင်တွေ့ရဖို့ များတယ်။ လီဗာပူးလ်ကို ကြိုက်တယ်။ (၂-၁)လောက်ဖြစ်မယ်။ 

 

 

Most Read

Most Recent