ပြည်သူ့ထံမှလာသော အာဏာ

ပြည်သူ့ထံမှလာသော အာဏာ
Published 9 November 2019

ဒီမိုကရေစီ၏ သဘောတရားသည် အစိုးရအဖွဲ့အတွင်း ၎င်းတို့၏ ကိုယ်စားလှယ်များအဖြစ် မဲပေးရွေးချယ်ပိုင်ခွင့်ကို နိုင်ငံသားတိုင်း ပိုင်ဆိုင်သည်ဟူ၍ဖြစ်သည်။ လူတိုင်း၌ ၎င်းတို့အနေဖြင့် လွတ်လပ်စွာဖော်ပြနိုင်သော ကိုယ်ပိုင်နိုင်ငံရေးအမြင်များရှိပြီး ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ခြင်းသည် ယင်းအမြင်များကို လက်တွေ့အကောင်အထည်ဖော်ခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်းအတွင်းရှိ လူအုပ်စုတိုင်း မဲပေးပိုင်ခွင့်ရှိပြီး ၎င်းတို့၏ ကိုယ်စားလှယ်ကိုရွေးချယ်ရန် တစ်စုံတစ်ဦး၏ အခွင့်အရေးကို ကန့်သတ်ပါက ယင်းသည် ဒီမိုကရေစီ၏ လက္ခဏာမဟုတ်ပေ။ ထို့ကြောင့် ဒီမိုကရေစီသည် လွတ်လပ်မှု လူအများကို ကိုယ်စားပြုသော်လည်း ပွင့်လင်း၍ မျှတမှုအပေါ်လည်း အခြေခံသည်ကို တွေ့ရပေလိမ့်မည်။

လွတ်လပ်မှုဟူသည် ဒီမိုကရေစီဟုသတ်မှတ်သော လူ့အဖွဲ့အစည်းတစ်ရပ်၏ အရေးအပါဆုံး အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လွတ်လပ်မှုသည် ဒီမိုကရေစီကို အာဏာရှင်စနစ်နှင့် သက်ဦးဆံပိုင်စနစ်တို့မှနေ၍ ကွဲပြားခြားနားစေသည့် အဓိက အကြောင်းခြင်းရာဖြစ်သောကြောင့်ပင်။ လွတ်လပ်မှုဟူသည် အစိုးရ၏ ထိန်းချုပ်မှုမရှိဘဲ ကန့်သတ်မှုကင်းစွာဖြင့် ပြည်သူများ ၎င်းတို့ အလိုရှိသလို ပြောဆို၊ တွေးတော၊ ပြုမူနိုင်ခြင်းဟုဆိုနိုင်သည်။ လူတိုင်းအနေဖြင့် အဆိုပါအခြေခံအခွင့်အရေးများ ပိုင်ဆိုင်ရမည်ဖြစ်ပြီး ၎င်းတို့သည် လူ့အဖွဲ့အစည်းတစ်ရပ်၊ ယဉ်ကျေးမှုတစ်ရပ်ကို တည်ဆောက်ထားသည့် အခြေခံအုတ်မြစ်များလည်းဖြစ်သည်။ သမိုင်းကိုပြန်ကြည့်လျှင် ပြည်သူတို့၏ လူ့အခွင့်အရေးများကို ချိုးဖောက်ခြင်းနှင့် ထိပါးခြင်းတို့သည် ပြည်သူများအနေဖြင့် အစိုးရအပေါ် မကျေနပ်မှုများ ဖြစ်ပေါ်လာစေပြီး ကြီးမားသော လူ့အဖွဲ့အစည်းဆိုင်ရာ ပဋိပက္ခများကို ဖြစ်ပေါ်စေသည်။ အဓိက လွတ်လပ်ခွင့်အချို့မှာ လွတ်လပ်စွာ စုဝေးပိုင်ခွင့်၊ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်၊ လွတ်လပ်စွာပြောဆိုပိုင်ခွင့်၊ စီးပွားရေးဆိုင်ရာ လွတ်လပ်ခွင့်၊ ပညာရပ်ဆိုင်ရာလွတ်လပ်ခွင့်၊ စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ဘာသာရေးလွတ်လပ်ခွင့်တို့ဖြစ်ကြသည်။ ယင်းတို့သည် အခြားသူများနှင့် ၎င်းတို့၏ အခြေခံအခွင့်အရေး များကို ထိခိုက်စေခြင်းမရှိသမျှကာလပတ်လုံး ယင်းလွတ်လပ်ခွင့်များအားလုံးမှာ တရားဝင်သည်။

ထိုကြောင့်ပင် ဒီမိုကရေစီသည် ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး အုပ်ချုပ်ရေး စနစ်တစ်ရပ်ဖြစ်သည်။ ဒီမိုကရေစီစနစ်ကို နိုင်ငံအများအပြား၌ ကျင့်သုံးနေခြင်းက ဒီမိုကရေစီ၏ သဘောတရားစည်းမျဉ်းများသည် လူသားတို့၏ ကောင်းကျိုးချမ်းသာ အပေါ် အပြုသဘောဆောင်သော သက်ရောက်မှုများရှိကြောင်း ပြသနေခြင်းဖြစ်သည်။ ဒီမိုကရေစီ၏အနှစ်သာရများကိုဖော်ကျူးရာတွင် လွတ်လပ်ခြင်း၊ မျှတခြင်း၊ ကိုယ်စားပြုမှုရှိခြင်းနှင့် တန်းတူညီမျှခြင်းတို့သည် မရှိမဖြစ်အရေးပါသောအရာများပင်ဖြစ်သည်။ ဒီမိုကရေစီဟူသော စကားရပ်သည် ရှေးဟောင်းဂရိစကားလုံး Demos (ပြည်သူလူထု) နှင့် Kratos (အာဏာ) မှ ဆင်းသက်လာခြင်းဖြစ်သည်။ ပြည်သူအများ အာဏာပိုင်စိုးသော စနစ်ကို ခေါ်ဆိုသည်။ ရှေးခေတ် ဂရိမြို့ပြနိုင်ငံများမှ နိုင်ငံသားများသည် အစိုးရ၏ လုပ်ငန်းဆောင်တာများတွင် တိုက်ရိုက်ပါဝင် ဆောင်ရွက်ခြင်းကို ဆိုလိုသည်။ နိုင်ငံရေးအာဏာသည် အရွယ်ရောက်ပြီးဖြစ်သော ပြည်သူလူထုတစ်ရပ်လုံး၏ လက်တွင်း၌သာ ရှိသည်။ အဖွဲ့ငယ်၊ အုပ်စုငယ်များ၌ အုပ်ချုပ်ပိုင်ခွင့်မရှိဟု အဓိပ္ပာယ်ထွက်သည်သာ။ မည်သို့ပင်ဆိုစေကာမူ ဒီမိုကရေစီ၏ အနှစ်သာရမှာ ပြည်သူ့ထံမှ ဆင်းသက်လာသော အာဏာကို ပြည်သူတို့အတွက် ပြည်သူတို့ထံသို့ ပြန်လည်စီးဆင်းစေခြင်းသာ ဖြစ်ပါသည်။

သို့ဖြစ်ရာ ဒီမိုကရေစီစနစ်ကို အမှန်တကယ် ကျင့်သုံးနေကြမည်ဆိုပါလျှင် ဒီမိုကရေစီ၏ စံတန်ဖိုးများကို ထိန်းသိမ်းရန်နှင့် အာဏာသည်ပြည်သူ့ထံမှလာ၍ ပြည်သူ့ထံသို့သာ စီးဆင်းသည်ဆိုသည့်အချက်ကို သတိပြုထိန်းသိမ်းလုပ်ဆောင်သင့်သည်မှာ အမှန်ပင်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(နိုဝင်ဘာ ၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

 

Most Read

Most Recent