ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီတွင် လူငယ်များအား အနာဂတ်တွင် အဆင့်မြင့်သည့် တာဝန်များကို ပေးအပ်ရန် အစီအစဉ်ရှိကြောင်း မြိတ်မြို့ရှိလူငယ်တွေ့ဆုံပွဲတွင် သူရဦးရွှေမန်း ပြောကြား

ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီတွင် လူငယ်များအား အနာဂတ်တွင် အဆင့်မြင့်သည့် တာဝန်များကို ပေးအပ်ရန် အစီအစဉ်ရှိကြောင်း မြိတ်မြို့ရှိလူငယ်တွေ့ဆုံပွဲတွင် သူရဦးရွှေမန်း ပြောကြား
Published 8 November 2019
ဇော်မိုးဦး (မြိတ်)

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီတွင်လူငယ်များအား အနာဂတ်တွင် အဆင့်မြင့်သည့် တာဝန်များကို ပေးအပ်ရန် အစီအစဉ်ရှိကြောင်း မြိ်တ်မြို့တွင်ပြုလုပ်ခဲ့သော လူငယ်တွေ့ဆုံပွဲတွင် ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ပြောကြားသည်။

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ၏ဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်းမှာ တနင်္သာရီတိုင်း ဒေသကြီး ခရီးစဉ်အဖြစ် နိုဝင်ဘာ ၅ ရက်မှ စတင်ရောက်ရှိနေပြီး မြိတ်၊ ကျွန်းစု၊ ကော့သောင်းမြို့များရှိ ပါတီဝင်များ၊ ဒေသခံများနှင့် လူငယ်များကို တွေ့ဆုံမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အုန်းတောရပ်တွင် နိုဝင်ဘာ ၅ ရက်ညပိုင်းက လူငယ်တွေ့ဆုံပွဲတစ်ခု ပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် မီဒီယာများ၏မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပါတီလူရွယ်လူငယ်များကို နေရာပေးမယ်။တာဝန်ပေးမယ်။သူနှင့်ထိုက်တန်တဲ့ တာဝန်များကို ပေးမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲလည်း အနာဂတ်မှာ ဒီထက်အဆင့်မြင့်တဲ့ တာဝန်များကို ထမ်းဆောင်နိုင်ဖို့ လေ့ကျင့်ပေးမယ်။ပျိုးထောင်ပေးမယ်။မြေတောင်မြှောက်ပေးမယ်။ ဒါဟာပါတီရဲ့ လူငယ်များဆိုင်ရာ အခြေခံမူဝါဒပဲဖြစ်ပါတယ်။အဲဒီလို ဆင့်ပွားပြီး လုပ်သွားမှာဖြစ်ပါတယ်။ဒီနေရာမှာ အထူးပြောချင်တာကတော့ ဒီကနေ့ လူငယ်တွေဟာ ပြည်သူ့ရေးရာကို ပူးပေါင်းဆောင်ရွက်တဲ့ အလေ့အကျင့်တွေရှိဖို့ ဒီနေ့နိုင်ငံမှာ ကျင့်သုံးနေတဲ့ ဒီမိုကရေစီ အလေ့အထတွေရရှိအောင် အလေးထားဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

မြိတ်တောင် ကျေးရွာအုပ်စုရှိ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ရုံးဖွင့်ပွဲသို့ တက်ရောက်လာသော သူရဦးရွှေမန်းမှာ မြိတ်မြို့သို့ ဒုတိယအကြိမ် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး မြိတ်တောင်ကျေးရွာအုပ်စု အတွင်းရှိ ပြည်သူများ၏ ထောက်ခံမှုကိုအားရကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ အနေဖြင့် တနင်္သာရီတိုင်း ဒေသကြီးအတွင်း အရှိန်အဟုန် ကောင်းစွာဖြင့် လှုပ်ရှားနေပြီး ရပ်/ကျေးများတွင်လည်း ပါတီဝင်အင်အား သိသာစွာ များပြားလာနေသည့်ပါတီတစ်ခုဖြစ်ကြောင်း သိရသည်။

 

 

 

 

Most Read

Most Recent