တိုင်းရင်းသားအချင်းချင်း အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှုများဖြင့် လုပ်ကြမည်ဆိုပါက မတူညီသည့် အသွင်ကွဲ၊သဘောထား အယူအဆကွဲများသည် ပြည်ထောင်စုအတွက် ဖြစ်လာမည့် စုပေါင်းအင်အားဖြစ်ကြောင်း သမ္မတ ပြောကြား

တိုင်းရင်းသားအချင်းချင်း အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှုများဖြင့် လုပ်ကြမည်ဆိုပါက မတူညီသည့် အသွင်ကွဲ၊သဘောထား အယူအဆကွဲများသည် ပြည်ထောင်စုအတွက် ဖြစ်လာမည့် စုပေါင်းအင်အားဖြစ်ကြောင်း သမ္မတ ပြောကြား
၆၄ နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော် ခင်းကျင်းပြသထားသည့် ပြခန်းများတွင် လိုက်လံကြည့်ရှုနေသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား တွေ့ရစဉ်
၆၄ နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော် ခင်းကျင်းပြသထားသည့် ပြခန်းများတွင် လိုက်လံကြည့်ရှုနေသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား တွေ့ရစဉ်
Published 8 November 2019
စိုးစိုး၊ ဘိုဘိုမြင့်

တိုင်းရင်းသားအချင်းချင်း အပြန်အလှန် နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှုများဖြင့် လုပ်ကြမည်ဆိုပါက မတူညီသည့် အသွင်ကွဲ၊ အဆင်ကွဲ၊ သဘောထား အယူအဆကွဲများသည် ပြည်ထောင်စုအတွက်ဖြစ်လာမည့် စုပေါင်းအင်အားဖြစ်ကြောင်း နိုင်ငံတော် သမ္မတဦးဝင်းမြင့်က ပြောကြားသည်။

ကရင်ပြည်နယ် ဘားအံမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ ရုံးဝင်းအတွင်း နိုဝင်ဘာ ၇ ရက်က ပြုလုပ်ခဲ့သည့်  ၆၄  နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ နိုင်ငံတော်သမ္မတက ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရန် တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုနှင့် တိုင်းရင်းသားအားလုံး၏ ဆန္ဒတူညီမှုအပေါ် အခြေခံကာ တည်ဆောက်ရခြင်း ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားအားလုံး၊ လူမျိုးပေါင်းစုံနှင့် ဖွဲ့စည်းထားသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖြစ်ကြောင်း၊ ပြည်ထောင်စု နိုင်ငံတော်ဖြစ်သည်နှင့်အညီ မိမိတို့အားလုံးမှာ ပြည်ထောင်စုစိတ်ဓာတ် ကိုယ်စီကိုယ်င ထားစေချင်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် အချို့သည် အနည်းငယ်စိုးရိမ်ကြကြောင်း၊ အချို့သည် အနည်းငယ်ပူပန်ကြကြောင်း၊ တိုင်းရင်းသားများ ရာကျော်ရှိနေသည့်အတွက် အချို့လည်း စိုးရိမ်ပူပန်မှု အနည်းငယ် ဖြစ်ပေါ်နေကြကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

“ကျွန်တော့်အနေနဲ ့ပြောရမယ်ဆိုရင်တော့ တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀ ကျော် ရှိတာဟာ ပြည်ထောင်စုပန်းဥယျာဉ်ထဲမှာ ပွင့်ဖူးဝေဆာနေတဲ့ အရောင်အသွေးစုံလင်တဲ့ ပန်းပေါင်း ၁၀၀ ကျော် ပွင့်နေတယ်လို့ ကျွန်တော် ဒီလိုပဲ ခံစားမိပါတယ်။ အဲဒီလိုပဲ အဆင်အသွေးတွေစုံလင်တဲ့ အရောင်အသွေးတွေ စုံလင်တဲ့ တိုင်းရင်းသားများအားလုံးမှာလည်း သဘောထားအယူအဆ မတူညီကြတဲ့ ဆင်တူယိုးကွဲလေးတွေ၊ အသွင်ကွဲ၊ အစင်ကွဲလေးတွေ ရှိမှာဖြစ်ပါတယ်။ အဲဒီအသွင်ကွဲ၊ အဆင်ကွဲ၊ ဆင်တူယိုးမှားတွေဟာလည်း ကျွန်တော်တို ့တိုင်းရင်းသားအချင်းချင်း တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် နှစ်ပေါင်းများစွာ ဒိုးတူပေါင်ဖက် နေထိုင်လာခဲ့တဲ့၊ ကျောချင်းကပ်၊ ရင်ချင်းအပ်လာကြတဲ့ တိုင်းရင်းသားအချင်းချင်း အပြန်အလှန် နားလည်မှု၊ အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်လေးစားမှုတွေနဲ ့လုပ်ကြမယ်ဆိုရင် ဒီအသွင်ကွဲ၊ အဆင်ကွဲ၊ သဘောထား အယူအဆ အကွဲလေးတွေဟာ ပြည်ထောင်စုအတွက် တကယ်လည်းဖြစ်လာမယ့် စုပေါင်းအင်အားဖြစ်ပါတယ်။ ဒီအလှတရားဟာ ပြည်ထောင်စုအတွက်ဖြစ်လာမှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

ထို့ပြင် အခမ်းအနားတွင် ဖျော်ဖြေသည့် ဒုံးယိမ်းအဖွဲ့များကို ကြည့်နေစဉ် ရင်တွင်းခံစားချက်များ ဖြစ်လာကြောင်း၊ ဒုံးယိမ်းသည် ကကွက်များဆန်းကြောင်း၊ ကကြိုးများလည်း အမျိုးမျိုးရှိကြောင်း၊ တီးလုံများလည်း အဖုံဖုံရှိကြောင်း၊ သံစဉ်အနိမ့်အမြင့်လည်း များပြားလှကြောင်း၊ သို့သော် ခေါင်းခါးခြေလက် ဟန်ချက်ညီစွာဖြင့် မမောနိုင်မပန်းနိုင် အပြုံးပန်းများနှင့် ကသွားခြင်းသည် ရင်တွင်းကို ထိစေကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

“ဒါကို ကျွန်တော်တို ့အမြင်အရ ပြောရမယ်ဆိုရင်တော့ ဘယ်လိုပဲ ကကွက်တွေရှိရှိ၊ ကကြိုးတွေရှိရှိ၊ တစ်ယောက်နဲ ့တစ်ယောက် ထိန်းညှိပြီးတော့ ဟန်ချက်ညီညီလုပ်ကြမယ်။ ကိုင်ကြမယ်ဆိုရင် ပြည်ထောင်စုကြီးအတွက် အင်မတန်မှ ကြီးမားတဲ့အင်အားတစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။ ကရင်ဒုံးယိမ်းမှာ ဖြတ်လတ်၊ သွက်လက်၊ တက်ကြွ၊ မြူးကြွမှုရှိတယ်။ မမောနိုင်မပန်းနိုင်နဲ့ အပြုံးပန်းတွေ ဝေဆာပြီး ကသွားတာ ကျွန်တော်တို့ ဒီမိုကရေစီဖယ်ဒရယ် ပြည်ထောင်စုကြီးအတွက်လည်း မမောနိုင်၊ မပန်းနိုင်ဘဲနဲ့ ပန်းတိုင်ကိုရောက်အောင်၊ အပြုံးပန်းကိုယ်စီနဲ့၊ တစ်ဦးနဲ့တစ်ဦး နားလည်မှုလေးတွေပေးပြီးတော့ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားစေလိုပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

ထို့အတူ နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို မဖြစ်မနေ တည်ဆောက်မည်ဆိုသည့် စိတ်ပိုင်းဖြတ်ပြီးဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် မိမိတို့ တိုင်းရင်းသားများ နှစ်ပေါင်းများစွာ လိုလားနေသည့် ဒီမိုကရေစီအခွင့်အရေး၊ ဖယ်ဒရယ်အခွင့်အရေး၊ တစ်နည်းအားဖြင့်  မိမိတို ့ခံစားသင့်၊ ခံစားထိုက်သည့် ဒီမိုကရေစီအခွင့်အရေးများ၊ ရသင့်ရထိုက်သည့် ဖက်ဒရယ်အခွင့်အရေးများ၊ တိုင်းရင်းသားများ၏ အခြေခံအခွင့်အရေးများ၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်များကို ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

“ဒီလို ကြိုးပမ်းအားထုတ်ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ချည်းပဲ ပြီးသလားဆိုတော့ မပြီးပါဘူး။ အားလုံးဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်ပြီးတော့ ကရင်ဒုံးယိမ်းလိုပဲ တက်ညီလက်ညီ၊ သွက်သွက်လက်လက်၊ ဟန်ချက်ညီညီ ထိန်းညှိပြီးတော့ သွားကြမှ ပန်းတိုင်ကိုရောက်မှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

၆၄ နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်အား ကရင်ပြည်နယ် ဘားအံမြို့ရှိ သီရိကွင်း၌ နိုဝင်ဘာ ၇  ရက်မှ နိုဝင်ဘာ ၁၁ ရက်အထိ ငါးရက်ကျင်းပသွားမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်၌ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ကုမ္ပဏီများ၏ ပြခန်းများ၊ ဒေသထွက်ကုန်အရောင်းဆိုင်များ၊ ရိုးရာလက်ဝှေ့၊ ရိုးရာလှေပြိုင်ပွဲ အစရှိသော အားကစားပြိုင်ပွဲများ၊ ကရင့်ရိုးရာဒုံးယိမ်းပြိုင်ပွဲ၊ တေးဂီတနှင့် ဇာတ်ပွဲဖျော်ဖြေမှုများ၊ စျေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

 

Most Read

Most Recent