လူမှုမီဒီယာများ အသုံးပြုမှု၏အန္တရာယ်

လူမှုမီဒီယာများ အသုံးပြုမှု၏အန္တရာယ်
Published 8 November 2019

မြန်မာနိုင်ငံ၌ ကြိုတင် မခန့်မှန်းနိုင်သည့် ပုံစံမျိုးဖြင့် လူမှုမီဒီယာများ အသုံးပြုမှု အလျင်အမြန် တစ်ဟုန်ထိုး မြင့်တက်လာမှုက လူငယ်အများအပြား (အထူးသဖြင့် မိန်းကလေးများနှင့် ဘာသာရေးအရ လူမျိုးစုအရ လူနည်းစုဖြစ်သူများ) ကို အွန်လိုင်း၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ခံရနိုင်စေခြင်းနှင့် သတင်းအတုများနှင့် အမုန်းစကား ဖြန့်ချိမှုများ၏ မကောင်းသော ရိုက်ခတ်ချက်ခံရစေခြင်းတို့ ဖြစ်ပေါ်စေခဲ့ကြောင်း Save the Children အဖွဲ့နှင့် ဆစ်ဒနီတက္ကသိုလ်၏ ဆိုက်ဘာစိတ်ပညာ သုတေသနအဖွဲ့တို့၏ နိုဝင်ဘာ ၇ ရက်တွင် ထုတ်ပြန်သည့် သုတေသနအသစ်တစ်ရပ်၌ ဖော်ပြထားသည်။ ယင်းတွင် သုတေသနပြုသူများက မြန်မာနိုင်ငံရှိ ပဋိပက္ခများ ဖြစ်ပွားနေသည့် ဒေသနှစ်ခုမှ ရာနှင့်ချီသော ကလေးများနှင့် လူငယ်များအား ၎င်းတို့၏ လူမှုမီဒီယာများကို အသုံးပြုပုံ နှင့် ၎င်းတို့၏ ဘဝအပေါ် ရိုက်ခတ်ပုံတို့အား မေးမြန်းထားခြင်းဖြစ်သည်။ တွေ့ရှိချက်များအရ လူငယ်လူကြီး နှစ်ရပ်စလုံးတွင် ဒီဂျစ်တယ်အသိပညာ ကျွမ်းကျင်မှုများ ဆိုးဆိုး ရွားရွား ချို့တဲ့နေကြောင်း သိရှိရသည်ဟု ဆိုသည်။ လူမှုမီဒီယာ အသုံးပြုသူများစွာတို့ သည် သတင်းအချက်အလက် အမှားများဖြစ်ကြောင်း ဖော်ထုတ်သိရှိနိုင်ရန် သို့မဟုတ် အွန်လိုင်းအနိုင်ကျင့်မှုများကို ထိထိရောက်ရောက် တုံ့ပြန်နိုင်ရန် ကျွမ်းကျင်မှု သို့မဟုတ် အတွေ့အကြုံ မရှိကြောင်းလည်း တွေ့ရှိရသည်ဟု ဆိုသည်။

လူပေါင်းများစွာတို့က လူမှုမီဒီယာ၏ ၎င်းတို့ဘဝအပေါ် ကောင်းကျိုး သက်ရောက်စေပုံများကို အထူးပြုပြောကြားခဲ့သော်လည်း မြန်မာနိုင်ငံတစ်ဝန်းမှ လူငယ်များက သက်ဆိုင်ရာ လူ့အသိုင်းအဝိုင်းများကို ပစ်မှတ်ထားသည့် သတင်းအတုများနှင့် ၀ါဒဖြန့်ချိရေး များကို အကြိမ်ကြိမ် ထိတွေ့နေရမှုသည် ၎င်းတို့အား “အမုန်းစကားဆိုင်ရာ နွမ်းလျမှု” ကို ဖြစ်စေသည်ဟု ဆိုသည်။ ယခုသုတေသနတွင် ပါဝင်ကြသည့် မိန်းကလေးများနှင့် အမျိုးသမီးများက အွန်လိုင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများအကြောင်းလည်း အသီးသီး ပြောကြားခဲ့ကြသည်။ ယင်းကဲ့သို့ နှောင့်ယှက်မှုများတွင် မိမိတို့နှင့် မသိကျွမ်းသည့် အမျိုးသားများက လူမှုမီဒီယာများမှတစ်ဆင့် မိတ်ဖွဲ့ခြင်း၊ အမြင်မတော်သည့် လိင်ကိစ္စ ရုပ်ပုံနှင့် စာသားများ ပေးပို့ခြင်းနှင့် ငွေကြေး၊ အဝတ်ဗလာ ဓာတ်ပုံနှင့် ပြန်လည်ချစ်ကြိုက်မှုတို့အား အကျပ်ကိုင် တောင်းဆိုခြင်းတို့ ပါဝင်သည်ဟု ဆိုသည်။ သတင်းပို့ခြင်း၊ ဘလော့လုပ်ခြင်း၊ လူမှုမီဒီယာ ပလက်ဖောင်းများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကဏ္ဍများကို အသုံးပြုခြင်းတို့မှတစ်ဆင့် အွန်လိုင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများကို တုံ့ပြန်ရန် ၎င်းတို့၌ ကျွမ်းကျင်မှုနှင့် ဗဟုသုတ အလုံအလောက်မရှိဟုလည်း သုတေသနမေးခွန်းကို ဖြေဆိုသူများက ပြောကြားခဲ့ကြသည်။

Save the Children လှုပ်ရှားမှုနှင့် အကြံပေးမှုဆိုင်ရာ ညွှန်ကြားရေးမှူး အင်ဒီနယ်ဆင်က “တစ်ဖက်ကနေကြည့်ရင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဒီမိုကရေစီ ကူးပြောင်းရေးမှာ လူမှုမီဒီယာတွေဟာ အထောက်အပံ့ပြုတဲ့ ကဏ္ဍမှာရှိနိုင်တဲ့ အလားအလာကောင်းတဲ့ လက္ခဏာတွေ ရှိနေပါတယ်။ တစ်ဖက်မှာလည်း လူမှုမီဒီယာတွေနဲ့ ပတ်သက်ပြီး ဗဟုသုတနဲ့ အတွေ့အကြုံ ချို့တဲ့မှုက မြန်မာနိုင်ငံက အင်တာနက် အသုံးပြုသူ လူငယ်တွေကို တူညီတဲ့ ပလက်ဖောင်းတိုင်းမှာ လုပ်ကြံသတင်းဖြန့်ချိရေး လှုပ်ရှားမှုတွေ၊ အမုန်းစကားတွေနဲ့ နှောင့်ယှက်မှုတွေနဲ့ ကြုံတွေ့ရဖို့ အခွင့်အလမ်း များသွားစေပါတယ်။ လူမှုမီဒီယာတွေက မြန်မာနိုင်ငံက ကလေးတွေနဲ့ လူငယ်တွေကို ပုံမှန်အားဖြင့် သူတို့ မထိတွေ့နိုင်တဲ့ လူတွေ၊ ဝန်ဆောင်မှုတွေနဲ့ ဆက်သွယ်နိုင်စေဖို့ အတုမရှိတဲ့ အခွင့်အလမ်းတွေ ပေးပါတယ်။ ကျွန်တော်တို့အနေနဲ့က လူမှုမီဒီယာပေါ်မှာ အစွန်းရောက်မှုနဲ့ ခွဲခြားဆက်ဆံမှု အသံတွေက လူငယ်တွေရဲ့ စိတ်ကို အပိုင်စီးမှာမျိုးကို ခွင့်မပြုနိုင်ပါဘူး” ဟု ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ “၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပမှာဖြစ်ပြီး ဒီမိုကရေစီ လုပ်ငန်းစဉ်တွေဟာ သတင်းအတုတွေရဲ့ နှိပ်စက်မှုခံရဖွယ် ရှိနေပါတယ်။ ဒီဒေသရဲ့ ပူပူနွေးနွေး ဒီမိုကရေစီကို ဖြိုဖျက်ပစ်ရာမှာ လူမှုမီဒီယာတွေကို လွယ်လွယ်ကူကူ အသုံးပြုနိုင်ပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေ ထက်ဝက်နီးပါးဟာ  အသက် ၂၅ နှစ်အောက်ဖြစ်နေပြီး လူငယ်တွေနဲ့ ပထမဆုံး မဲပေးသူတွေဟာ ဒီမိုကရေစီ လုပ်ငန်းစဉ်မှာပါဝင်ဖို့ အခွင့်အရေးရှိကြပြီး သူတို့ရဲ့အသံအစစ်ကို ကြားရရေး သေချာစေဖို့က အလွန်အရေးကြီးပါတယ်။ မြန်မာနိုင်ငံက လူငယ်တွေ (အထူးသဖြင့် ပဋိပက္ခက နှိပ်စက်တာခံနေရတဲ့ ဒေသတွေမှာ နေထိုင်သူတွေ) အနေနဲ့ ကြီးထွားလာတဲ့ အွန်လိုင်းကမ္ဘာမှာ လှုပ်ရှားသွားလာဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ ရရှိတာ သေချာလားလို့ အရေးပေါ် စုံစမ်းစူးစမ်းမှုတွေ လိုအပ်ပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ လူငယ်များအနေဖြင့် ရှုပ်ထွေးလှသော အွန်လိုင်းလောက၌ ကျင်လည်ရာတွင် လုံလောက်သည့် အသိအမြင်နှင့် အတွေ့အကြုံရှိရေး ပညာပေးမှုများက မဖြစ်မနေ လိုအပ်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ ၈ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

 

Most Read

Most Recent