တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေး

တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေး
Published 6 November 2019

ဖမ်းဝရမ်း ထုတ်ခံထားရသူများ အဖမ်းမခံဘဲ ထွက်ပြေးတိမ်းရှောင် လွတ်မြောက်နေသည့်ကိစ္စ များပြားလာနေခြင်းသည် နိုင်ငံတော်ကို မထိလေးစားရာ ရောက်သကဲ့သို့ တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးကဏ္ဍ၏ ပုံရိပ်ကို များစွာကျဆင်း အကျည်းတန်စေကြောင်း  မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက ပြောကြားခဲ့သည်။ နိုဝင်ဘာ ၅ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဦးထွန်းထွန်းဦးက တရားဥပဒေကို မထီမဲ့မြင်ပြုကြသော ဝရမ်းပြေးကိစ္စရပ်များ လျော့နည်းပပျောက်သွားစေရန် မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးခွန်းမေးမြန်းစဉ် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ဝရမ်းပြေးများကို ဖမ်းဆီးရမည့် ရဲတပ်ဖွဲ့ဝင်များ၊ တရားသူကြီးများ၊ တရားရေး ဝန်ထမ်းများအတွက် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေများတွင် ဖမ်းဆီးခြင်း ဆောင်ရွက်ရမည့် နည်းလမ်းများကို ပြည့်စုံစွာ ပြဋ္ဌာန်းထားကြောင်း၊ ယင်းပြဋ္ဌာန်းချက်များကို မလိုက်နာပါက ပြစ်မှုမြောက်သည်ဟု သတ်မှတ်၍ ပြစ်ဒဏ်များ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း မေးခွန်းမေးမြန်းစဉ် ဦးထွန်းထွန်းဦးက ပြောကြားခဲ့သည်။

“ဝရမ်းပြေးတွေကို ဖမ်းဆီးရမယ့် ရဲတပ်ဖွဲ့ဝင်တွေ၊ တရားသူကြီးတွေ၊ တရားရေး ဝန်ထမ်းတွေအတွက် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေတွေမှာ ဖမ်းဆီးခြင်း၊ ထွက်ပြေးခြင်းနဲ့ ပြန်လည်ဖမ်းဆီးခြင်း၊ တရားရုံးကို ဆင့်ဆိုခြင်းနဲ့ ဝရမ်းကပ်ခြင်း၊ ရှာဖွေခြင်း၊ ဖမ်းဆီးရမယ့် နည်းလမ်း၊ ပြန်လည်ခုခံပါက ဆောင်ရွက်ရမယ့်နည်းလမ်း စတဲ့အချက်တွေကို ပြည့်စုံလုံလောက်စွာ ပြဋ္ဌာန်းထားပါတယ်။ ဒီလိုပြဋ္ဌာန်းချက်တွေကို တိတိကျကျ မလိုက်နာဘဲ၊ မကျင့်သုံးဘဲ၊ လျစ်လျူရှု ဆောင်ရွက်တဲ့ တရားစီရင်ရေးဆိုင်ရာ နိုင်ငံံဝန်ထမ်းတွေဖြစ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ တရားသူကြီးတွေ၊ အစိုးရရှေ့နေ တွေကိုလည်း ဖြောင့်မှန်စွာ တရားစီရင်ရေးကို ဆန့်ကျင်တဲ့ ပြစ်မှုမြောက်တယ်လို့ သတ်မှတ်ပြီး ပြစ်ဒဏ်တွေကို ချမှတ်ရမယ်လို့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၁ မှာ တိကျရှင်းလင်းစွာ ဖော်ပြထားပါတယ်။ ဥပဒေ သဘောအရဆိုရင် တရားသူကြီးတစ်ဦးက ဖမ်းဝရမ်း ထုတ်ဆင့်ပေးခြင်းဟာ နိုင်ငံတော်သမ္မတက ဖမ်းခိုင်းခြင်းနဲ့ အတူတူပဲ ဖြစ်ပါတယ်။ တစ်ခုခုကြောင့် ဖမ်းဝရမ်း ထုတ်ဆင့်ခံထားရတဲ့သူတွေက အဖမ်းမခံဘဲ ထွက်ပြေးတိမ်းရှောင် လွတ်မြောက်နေတဲ့ကိစ္စရပ်တွေ ပိုမိုများပြားလာနေတယ်ဆိုတာကိုက နိုင်ငံတော်ကို မထီလေးစားရာ ရောက်သလို တရားဥပဒေစိုးမိုးရေးနဲ့ နိုင်ငံတော်ရဲ့ တရားစီရင်ရေးကဏ္ဍပုံရိပ်ကို များစွာ ကျဆင်းစေပြီး အကျည်းတန်လှပါတယ်”ဟု ဦးထွန်းထွန်းဦးက ပြောကြားခဲ့သည်။

Oxford English Dictionary ၌ တရားဥပဒေစိုးမိုးရေး (Rule of Law) အား လူ့ အဖွဲ့အစည်းအတွင်း ဥပဒေနှင့် ပတ်သက်သော လုပ်ပိုင်ခွင့်နှင့် သြဇာလွှမ်းမိုးမှု (အထူးသဖြင့် လူတစ်ဦးချင်းနှင့် အင်စတီကျူးရှင်းဆိုင်ရာ အပြုအမူအပေါ် ချုပ်ထိန်းမှုတစ်ရပ်အဖြစ်) သတ်မှတ်သည်။ ထို့ကြောင့် (အစိုးရအဖွဲ့ဝင်များ အပါအဝင်) လူ့အဖွဲ့အစည်းဝင် အားလုံး လူသိရှင်ကြား ထုတ်ပြန်ထားသော ဥပဒေပုဒ်မများနှင့် ဥပဒေလုပ်ငန်းစဉ်များကို  အညီအမျှ ခံယူရမည်ဟု သတ်မှတ်ထားသော သဘောတရားဖြစ်သည်။ တရားဥပဒေစိုးမိုးရေးဟူသည့် စကားရပ်သည် နိုင်ငံရေး အနေအထားတစ်ရပ်ကို ရည်ညွှန်းပြီး မည်သည့်သက်ဆိုင်ရာ ဥပဒေစည်းမျဉ်း တစ်ရပ်ကိုမျှ ရည်ညွှန်းခြင်း မဟုတ်ပေ။

တရားဥပဒေစိုးမိုးရေးဟူသည် ဥပဒေပြုအမတ်များ၊ ဥပဒေထိန်းသိမ်းရေး အဖွဲ့အစည်းမှ သက်ဆိုင်ရာ အရာရှိများနှင့် တရားသူကြီးများ အပါအဝင် လူတိုင်းက ဥပဒေကို  ခံယူခြင်းအား ရည်ညွှန်းခြင်းဖြစ်သည်။ ယင်းအမြင်အရကြည့်လျှင် တရားဥပဒေစိုးမိုးရေး ဟူသည် အုပ်စိုးသူများက ဥပဒေ၏ အထက်၌ရှိနေသော သက်ဦးဆံပိုင်စနစ် သို့မဟုတ် လူနည်းစုက နိုင်ငံရေးအာဏာကို ချုပ်ကိုင်ထားသော စနစ်များနှင့် ဆန့်ကျင် ရပ်တည်၍နေသည်။ ဥပမာအားဖြင့် ဥပဒေကို လျစ်လျူပြုခြင်း သို့မဟုတ် အလွဲသုံးစားပြုခြင်းကြောင့် အာဏာရှင်စနစ်များ၌သာမက ဒီမိုကရေစီစနစ်များ၌ပါ တရားဥပဒေစိုးမိုးရေး ချို့တဲ့မှုကို တွေ့မြင်နိုင်သည်။ အစိုးရတစ်ရပ်အနေဖြင့် တရားဥပဒေကို ပြန်လည်ထိန်းသိမ်းရန်အတွက် တရားစီရင်ရေး လုပ်ငန်းစဉ်များကို ထိရောက်အောင် မဆောင်ရွက်နိုင်ပါက တရားဥပဒေစိုးမိုးရေးသည် ယိုယွင်းပျက်စီး၍ လာမည်သာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ ၇ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent