စကားဟူသည့် သဘောသဘာဝ

စကားဟူသည့် သဘောသဘာဝ
Published 5 November 2019

လူတစ်ဦးက တွေးမိ၊ ခံစားမိသည်ကို အခြားသူတစ်ဦး သိရှိနားလည်စေရန်အတွက် စကားသည် အရေးပါသော ဆက်သွယ်ရေးပစ္စည်း တစ်ရပ်ဖြစ်သည်။ လူတစ်ဦးက အခြားလူတစ်ဦးထံ မိမိစိတ်၌ ဖြစ်ပေါ်သော အကြောင်းကိစ္စကို ဖွင့်ဟထုတ်ဖော်လိုလျှင်  စကားဖြင့် ပြောကြားနိုင်သည်။ နားထောင်ရသောသူကလည်း ပြောဆိုသူ၏စကားကို ကြားရလျှင် ဆိုလိုသည့်အဓိပ္ပာယ်ကို နားလည်နိုင်သည်။ မိမိက ပြန်လည်ပြောဆိုလိုသည့် ကိစ္စကိုလည်း စကားဖြင့်ပင် ပြန်လည် ပြောကြားနိုင်သည်။ စကားကို လူတို့ နေ့တိုင်း ပြောဆိုနေကြသော်လည်း အမှုမဲ့ အမှတ်မဲ့ဖြင့် စကား၏ ထက်မြက်လှသော ဆက်သွယ်ရေး တန်ခိုး အာနိသင်ကို ဂရုမပြုမိကြပေ။ စေ့စေ့စပ်စပ် သုံးသပ်လျှင်မူ စကားသည် လူ့ဘောင်အဖွဲ့ အစည်းတွင် မည်မျှ ကျေးဇူးပြုလျက်ရှိသည်ကို သိမြင်လာနိုင်မည်ဖြစ်သည်။ အကယ်၍ လူ့လောကတွင် စကားဟူ၍မရှိပါက လူတို့၏ ပေါင်းသင်းဆက်ဆံရေး သည်လည်းကောင်း ယဉ်ကျေးမှုသည် လည်းကောင်း မည်မျှ ဆုတ်ယုတ် နိမ့်ကျ သွားမည်ကို တွေးဆ ချင့်ချိန် နိုင်သည်။

စကား၏ စွမ်းအင်သတ္တိကြီး တစ်ရပ်လည်း ရှိသေးသည်။ လူတိုင်းလူတိုင်းသည် အချင်းချင်း ဆက်သွယ်ပေါင်းသင်းရာတွင် စကားဖြင့် ပြောကြားနားလည်ကြသည်ကား မှန်၏။ စကားကို လူတိုင်း ပြောတတ်သော်လည်း ပြောရာတွင် ထိရောက်မှုချင်းကား မတူကြချေ။ လေယူလေသိမ်းတွင် သူတစ်ပါးထက် ထူးချွန်ကောင်းမွန်အောင် ပြောနိုင်သူများလည်း ရှိသည်။ မိမိ ပြောလိုသည့်အဓိပ္ပာယ်ကို သူတစ်ပါးထက် ရှင်းလင်းပြတ်သားအောင် ပြောနိုင်သူများလည်း ရှိသည်။ သူတစ်ပါး၏နားတွင် စွဲငြိ၍ သွားလောက်အောင် ပြောနိုင်သူများလည်း ရှိသည်။ အခြားတစ်ဖက်က ကြည့်ပြန်လျှင်လည်း သူတစ်ထူး နားမခံသာအောင် အပြောကြမ်းသူများလည်း ရှိသည်။ မိမိ ပြောဆိုသည့် အဓိပ္ပာယ်သို့ မရောက်ဘဲ ရှုပ်ထွေးသွားခြင်းဖြင့် နားထောင်သူ၏ အာရုံကို ပျက်ပြားစေသော စကားပြောသူများလည်း ရှိသည်။ ထိုကြောင့် စကားအရာနှင့် ပတ်သက်၍ ‘‘နှုတ်ချို လျှိုတစ်ပါး’’၊  ‘‘ချစ်စေလို ခံတွင်းလက်လေးသစ်၊ မုန်းစေလို ခံတွင်းလက်လေးသစ်’’ဟူသော စကားပုံ ဆိုရိုးများ ရှိနေခြင်းဖြစ်သည်။

ဗုဒ္ဓမြတ်စွာဘုရားက သမ္မာဝါစာဟူ၍ အကျိုးရှိစေမည့် စကားပြောဆိုနည်းကို ဟောကြားခဲ့ဖူးသည်။ သမ္မာဝါစာ (ကောင်းမွန် မှန်ကန်သော စကား) ဆိုသည်မှာ (၁) မဟုတ်မမှန်သော စကားကို မပြောဆိုဘဲ မှန်ကန်သော စကားကို ပြောဆိုခြင်း၊ (၂) တစ်ဦးနှင့် တစ်ဦး အထင်အမြင်လွဲအောင်၊ ခင်မင်မှုပျက်ပြားအောင်၊ ရန်ငြိုးဖွဲ့အောင် အတို့အထောင် ကုန်းချောစကားကို မပြောဆိုဘဲ အချင်းချင်း အဆင်ပြေအောင်၊ ခင်မင်မှုတိုးပွားအောင် ပြောဆိုခြင်း၊ (၃) ရုန့်ရင်းကြမ်းတမ်းသော စကား၊ ရိုင်းစိုင်းသော စကား၊ ဆဲရေးတိုင်းထွာသော စကားများကို မပြောဆိုဘဲ ယဉ်ကျေးသိမ်မွေ့သော စကားကို ပြော ဆိုခြင်းနှင့် (၄) အနှစ်သာရ မရှိသော ရောက်တတ်ရာရာ စကားများကို မပြောဆိုဘဲ မိမိ နှင့် သူတစ်ပါး နှစ်ဦးစလုံး အကျိုးရှိမည့် စကားကို ပြောဆိုခြင်းတို့ ဖြစ်သည်။

လူတို့ ရေးသားအသုံးပြုသော ‘စာ’မှာ ‘စကား’၏ နောက် ကာလအတန်ကြာမှ ပေါ် ပေါက်လာခဲ့ခြင်း ဖြစ်သည်။ စကားသည် မူရင်းဒြပ်ဝတ္ထု၊ မူရင်းအတွေးအခေါ်၊ မူရင်းစိတ်လှုပ်ရှားမှုတို့၏ အသံသင်္ကေတများဖြစ်သကဲ့သို့ စာသည် စကား၏ သင်္ကေတ လက္ခဏာပင် ဖြစ်သည်။ စာသည် ပင်ရင်း မဟုတ်၊ စကားသာ ပင်ရင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ စကား၏အခြေခံ အဓိကဂုဏ်ပုဒ်ကြီးသည် လူ့ယဉ်ကျေးမှု တည်သမျှ ကာလပတ်လုံး တည်မြဲနေမည်ဖြစ်ပြီး ထိုဂုဏ်ပုဒ်ကြီးကား အခြားမဟုတ်၊ လူအချင်းချင်းကို လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်လာအောင် ပေါင်းစည်းပေးသည့် ‘‘ဆက်သွယ်ရေးသဘော’’ပင် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■ (နိုဝင်ဘာ ၆ ရက်ထုတ် The Daily Eleven  သတင်းစာ၏ အယ်ဒီတာ့အာဘော်)

 

Most Read

Most Recent