ဆီးရီးယားစစ်မြေပြင်၌ Free Burma Rangers အဖွဲ့မှ မြန်မာနိုင်ငံသားတစ်ဦး မော်တာကျည်ဆန်ထိမှန်၍ သေဆုံး

ဆီးရီးယားစစ်မြေပြင်၌ Free Burma Rangers အဖွဲ့မှ မြန်မာနိုင်ငံသားတစ်ဦး မော်တာကျည်ဆန်ထိမှန်၍ သေဆုံး
ဇော်ဆိုင်း (ယာအစွန်ဆုံး)ကို လုပ်ဖော်ကိုင်ဖက်များနှင့်အတူ တွေ့မြင်ရစဉ် (Photo : South China Morning Post)
ဇော်ဆိုင်း (ယာအစွန်ဆုံး)ကို လုပ်ဖော်ကိုင်ဖက်များနှင့်အတူ တွေ့မြင်ရစဉ် (Photo : South China Morning Post)
Published 4 November 2019
Ref : South China Morning Post

တူရကီနိုင်ငံက ကျောထောက်နောက်ခံ ပြုပေးထားသော အတိုက်အခံ တိုက်ခိုက်ရေးသမားများ၏ မော်တာကျည်ဆန် ထိမှန်မှုကြောင့် ဆီးရီးယား အရှေ့မြောက်ပိုင်းရှိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Free Burma Rangers အဖွဲ့၌ ဓာတ်ပုံဆရာနှင့် ဆေးဘက်ဝန်ထမ်းအဖြစ် ဆောင်ရွက်နေသော မြန်မာနိုင်ငံသားတစ်ဦး သေဆုံးပြီး အီရတ်နိုင်ငံသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ယင်းနေရာ၌ ကာ့ဒ်တိုက်ခိုက်ရေး သမားများနှင့် တူရကီက ကျော်ထောက်နောက်ခံ ပြုပေးထားသော သေနတ်သမားများ တိုက်ပွဲဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း အဆိုပါ လူ့သားချင်း စာနာထောက်ထားရေး အဖွဲ့က ပြောကြားခဲ့သည်။

Free Burma Rangers အဖွဲ့ကို ထူထောင်သူနှင့် အမေရိကန် အထူးတပ်ဖွဲ့မှ အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သော ဒေးဗစ်ယူဘန့်က နိုဝင်ဘာ ၃ ရက် တိုက်ခိုက်မှုသည် ဆီးရီးယားမြောက်ပိုင်းရှိ တယ်တမာမြို့မြောက်ဘက် ၄ ကီလိုမီတာခန့်အကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသား ဇော်ဆိုင်းသည် တိုက်ပွဲကို ဗီဒီယိုရိုက်ကူးနေစဉ် ဦးခေါင်း၌ မော်တာကျည် အပိုင်းအစတစ်ခု ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ယူဘန့်က ပြောပြခဲ့သည်။

“သူဟာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျွန်တော်တို့ သူ့ကို တယ်တမာမြို့ကို သယ်လာပါတယ်” ဟု ယူဘန့်က ဗီဒီယိုဖိုင် တစ်ခုထဲ၌ ပြောကြားခဲ့သည်။

ယင်းဗီဒီယိုဖိုင်တွင် မော်တာကျည်ဆန် ထိမှန်ထားသည့် အခြားအဖွဲ့ဝင် တစ်ဦးကိုလည်း သံချပ်ကာ ကားပေါ်၌ တွေ့မြင်ရသည်။

ယင်းတိုက်ခိုက်မှု၌ ၎င်းတို့၏အဖွဲ့ဝင် အီရတ်နိုင်ငံသား တစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်းနှင့် မော်တာကျည်များဖြင့် တိုက်ခိုက်သည့်အဖွဲ့သည် Free Syrian Army and Turks အဖွဲ့ဖြစ်ကြောင်း ယူဘန့်က ပြောကြားခဲ့သည်။

“ဇော်ဆိုင်းဟာ ကျွန်တော်နဲ့ ညီအစ်ကိုလို ဖြစ်သလို ကျွန်တော့်သူရဲကောင်းလည်း ဖြစ်ပါတယ်။ သူဟာ လုနုဆိုတဲ့ ဇနီးနဲ့ ဒီနေ့မှာပဲ တစ်နှစ်ပြည့် မွေးနေ့ကို ရောက်တဲ့ သမီးလေးတစ်ယောက်ကို ထားရစ်ခဲ့ရပါတယ်” ဟု ယူဘန့်က ပြောကြားခဲ့သည်။

နိုဝင်ဘာ ၃ ရက် အစောပိုင်းတွင် ကာ့ဒ်များဦးဆောင်သော ဆီးရီးယား ဒီမိုကရက်တစ်တပ်ဦးမှ ပြောရေးဆိုခွင့်ရှိသူ မူစတာဖာဘာလီက “Free Burma Rangers အဖွဲ့မှ ဆေးဘက်ဝန်ထမ်းတစ်ဦး သေဆုံးကြောင်း ကြောက်မက်ဖွယ် သတင်းကို လက်ခံရရှိပါတယ်” ဟု တူရကီစစ်တပ်ကို အပြစ်တင်လျက် တွစ်တာ၌ ရေးသားခဲ့သည်။

ဗြိတိန်နိုင်ငံ အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ကလည်း မြန်မာနိုင်ငံသား ဆေးဘက်ဝန်ထမ်း တစ်ဦး သေဆုံးကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

တူရကီကာကွယ်ရေး ဝန်ကြီးဌာနက အကူအညီပေးရေး ဝန်ထမ်းများ၏ ယာဉ်တန်းကို တူရကီတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့သည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။

Free Burma Rangers အဖွဲ့သည် ၎င်းတို့ကိုယ်ကိုယ် လူမျိုးပေါင်းစုံ ပါဝင်သော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့ဖြစ်ကြောင်းနှင့် မြန်မာ၊ ဆီးရီးယား၊ အီရတ်နှင့် ကာဒစ္စတန်တို့၌ အလုပ်လုပ်လျက်ရှိကြောင်း ဖော်ပြခဲ့သည်။

ယူဘန့်သည် Free Burma Rangers အဖွဲ့ကို ၁၉၉၇ ခုနှစ်က မြန်မာနိုင်ငံတွင် ထူထောင်ခဲ့ပြီး “သတင်းကောင်းတွေကို သူဆင်းရဲတို့ထံ ပြောပြပါ” နှင့် “ဖိနှိပ်ခံရသူများကို လွတ်မြောက်အောင် ပြုပေးပါ” ဟူသည့် ခရစ်ယာန်ကျမ်းစာထဲမှ လင်္ကာစာသားများကို ကြွေးကြော်သံအဖြစ် ယူထားသည့် အဖွဲ့ဖြစ်သည်။

 

Most Read

Most Recent