ဒေသတွင်း ၁၀ နိုင်ငံမှ ခေါင်းဆောင်များ၏ ၃၅ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဒေသတွင်း ၁၀ နိုင်ငံမှ ခေါင်းဆောင်များ၏ ၃၅ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး ဖွင့်ပွဲအခမ်းအနား ကျင်းပ
ဓာတ်ပုံ - ကျော်ဇောလင်း၊ ကျော်ဇင်ဝင်း
ဓာတ်ပုံ - ကျော်ဇောလင်း၊ ကျော်ဇင်ဝင်း
Published 3 November 2019
ကျော်ဇောလင်း၊ ကျော်ဇင်ဝင်း

 

ဒေသတွင်း ၁၀ နိုင်ငံမှ ခေါင်းဆောင်များ၏ ၃၅ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ IMPACT ARENA ရှိ IMPACT FOURM Grand Diamond Ballroom တွင် ပြုလုပ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဆီယံ ၁၀ နိုင်ငံမှ ခေါင်းဆောင်များ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ အာဆီယံဒေသတွင်း နိုင်ငံအသီးသီးမှ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အာဆီယံဒေသတွင်းမှ သံတမန်များ၊ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် မြန်မာအပါအဝင် ဒေသတွင်းမှ အာဆီယံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ယင်းဖွင့်ပွဲတွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်က အဖွင့်မိန့်ခွန်း တစ်ရပ်ကို အာဆီယံဒေသ စဉ်ဆက်မပြတ် ဖွံ့တိုးတက်မှုနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

အာဆီယံ ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို မိနစ် ၃၀ ခန့်ကြာကျင်းပခဲ့ပြီး ဒေသတွင်း ၁၀ နိုင်ငံမှ ခေါင်းဆောင်များက အာဆီယံ အထိမ်းအမှတ်အဖြစ် လက်ခြင်းချိတ်၍ အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

၂၂ ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေး၊ ၁၆ ကြိမ်မြောက် အာဆီယံ- အိန္ဒိယ ထိပ်သီးအစည်းအဝေး၊ ၁၀ ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးတို့အား နိုဝင်ဘာ ၃ ရက်တွင် ဆက်လက်ပြုလုပ် သွားမည်ဖြစ်သည်။

၃၅ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၁ ရက်စတင်ကာ ထိုင်းနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းတို့လည်း ယခုခရီးစဉ်တွင်ပါဝင်ပြီး ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် အောက်တိုဘာ ၃၀ ရက်ကတည်းက ထိုင်းနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။

အာဆီယံကို အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းတို့ဖြင့် စတင်ဖွဲ့စည်း ထူထောင်ခဲ့ပြီး ဘရူးနိုင်းက ယင်းအဖွဲ့တွင် မကြာမီ ပါဝင်လာခဲ့သည်။

ထို့နောက် ဗီယက်နမ် ၁၉၉၅ ခုနှစ် ဇူလိုင် ၂၈ ရက်တွင် အာဆီယံသို့ ဝင်ရောက်လာခဲ့ပြီး မြန်မာနှင့် လာအိုတို့က ၁၉၉၇ ခုနှစ် ဇူလိုင် ၂၃ ရက်နှင့် ကမ္ဘောဒီးယားက ၁၉၉၉ ခုနှစ် ဧပြီ ၃၀ တွင် အသီးသီး ဝင်ရောက် လာခဲ့ကြသည်။

Most Read

Most Recent