ပလက်ဝမြို့နယ်တွင် AA အဖွဲ့က အရပ်သားများအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုအပေါ် ကူညီပေးရန် ပြည်နယ်အစိုးရအဖွဲ့က NRPC ထံ စာပေးပို့ထားပြီး ကျောင်းသားကျောင်းသူများ အပါအဝင် အရပ်သား ၈၂ ဦး ဖမ်းဆီးခံထားရကြောင်း တပ်မတော် ပြောကြား

ပလက်ဝမြို့နယ်တွင် AA အဖွဲ့က အရပ်သားများအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုအပေါ် ကူညီပေးရန် ပြည်နယ်အစိုးရအဖွဲ့က NRPC ထံ စာပေးပို့ထားပြီး ကျောင်းသားကျောင်းသူများ အပါအဝင် အရပ်သား ၈၂ ဦး ဖမ်းဆီးခံထားရကြောင်း တပ်မတော် ပြောကြား
စက်တင်ဘာ ၂၈ ရက်က ပြုလုပ်သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်း (ယာ) အား တွေ့ရစဉ်
စက်တင်ဘာ ၂၈ ရက်က ပြုလုပ်သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်း (ယာ) အား တွေ့ရစဉ်
Published 1 November 2019

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က အရပ်သား များအား အကြောင်းမဲ့ အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်သွားမှုနှင့်ပတ်သက်၍ ကူညီပေးရန် ချင်းပြည်နယ်အစိုးရအဖွဲ့က အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ထံ စာပေးပို့ထားပြီး အဆိုပါစာ ပါစာရင်းအရ ကျောင်းသား၊ ကျောင်းသူများ အပါအဝင် အရပ်သား ၈၂ ဦးမှာ AA အဖွဲ့ ၏ ဖမ်းဆီးခြင်းခံထားရကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ချင်းပြည်နယ်အစိုးရအဖွဲ့ကနေ ကျွန်တော်တို့ သူတို့ ချင်းမျိုးနွယ်စုတွေကို AA က နေ ဖမ်းဆီးသွားတဲ့ဟာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ NRPC ကို ပို့ထားတဲ့အကြောင်းကြားတဲ့စာ ရှိပါတယ်။ သူကတော့ ခမောင်းဝကနေပြီးတော့ ဖမ်းသွားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ပါတယ်။ နောက် သံထောင်ကျေးရွာကနေပြီးတော့ ဖမ်းတဲ့ဟာပါတယ်။ သံတောင်ကျေးရွာက ဖမ်းတဲ့ဟာပြီးရင် နန်း ချောင်းဝကျေးရွာကနေ ဖမ်းတဲ့ဟာတွေပါတယ်။ ဝန်ချောင်းဝကျေးရွာကနေ ဖမ်းတဲ့ဟာတွေပါတယ်။ သူတို့စာရင်းကတော့ ၈၂ ဦးလို့ သိရပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထိုသို့ အရပ်သားများ ဖမ်းဆီးခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ကျေးရွာသူ၊ ကျေးရွာသားများအား AA အဖွဲ့က အကြောင်းမဲ့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း အောက်တိုဘာ ၃၁ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ချင်းပြည်နယ်အစိုးရအဖွဲ့က NRPC ထံသို့ ပေးပို့ထားသော စာပါစာရင်းများကို ကိုးကား၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ရာတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှ စက်တင်ဘာ ၁၄ ရက်အထိ AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်မှုအနေဖြင့် ဇန်နဝါရီ ၃၁ ရက်တွင် ခမောင်းဝကျေးရွာမှ ဦးရွှေစိန်မောင်အပါအဝင် ကျောင်းသား၊ ကျောင်းသူများနှင့် ရွာသူ၊ ရွာသား ၆၉ ဦးအား လည်းကောင်း၊ ဇွန် ၁၄ ရက်တွင် သံထောင်ကျေးရွာနေ ဦးကျော်အေးအားလည်းကောင်း၊ ဇွန် ၁၆ ရက်တွင် ဘောင်ဝကျေးရွာနေ ဦးကျော်စိန်အပါအဝင် လေးဦးအားလည်းကောင်း၊ သြဂုတ် ၁ ရက်တွင် သံထောင်ကျေးရွာနေ ဦးမြင့်မောင်မောင်အားလည်းကောင်း၊ သြဂုတ် ၁၀ ရက်တွင် နန်းချောင်းဝကျေးရွာနေ ဦးဆာပေါင်းအားလည်းကောင်း၊ စက်တင် ဘာ ၁၄ ရက်တွင် ဝန်ချောင်းဝကျေးရွာနေ ဦးနေမျိုးသန့်အပါအဝင် သုံးဦးအားလည်းကောင်း အသီးသီးဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ စုစုပေါင်း ၈၂ ဦးရှိကြောင်း ဖော်ပြထားသည်။

AA အဖွဲ့အနေဖြင့် အထက်ပါကျေးရွာသူ၊ ကျေးရွာသားများအား အကြောင်းအမျိုးမျိုးပြ သွေးဆောင်ဖြားယောင်းခေါ်ဆောင်ခြင်းနှင့် အကြောင်းမဲ့ အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖမ်း ဆီးခေါ်ဆောင်ခြင်းခံရသူများကို ကျေးရွာ တွင် ကျန်ရှိခဲ့သည့် မိဘဆွေမျိုးများ၊ ကျေးရွာ သူ၊ ကျေးရွာသားများက ယနေ့အချိန်အထိ တစ်စုံတစ်ရာ အဆက်အသွယ်မရရှိသည့်အပြင် ပြန်လည်လွတ်မြောက် ရောက်ရှိလာခြင်းလည်း မရှိသေးကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

၎င်းအပြင် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများ ပြန်လည်လွတ်မြောက်လာစေရေး အတွက် ချင်းပြည်နယ် အစိုးရအဖွဲ့က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) နှင့်သက်ဆိုင်ရာ ဝန်ကြီး ဌာနများသို့ လိုအပ်သလို ကူညီဆောင်ရွက် ပေးနိုင်ရန် တင်ပြထားရှိကြောင်း သိရှိရသည်ဟုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

AA အဖွဲ့အနေဖြင့် လမ်းတံတားများ ဖောက်ခွဲခြင်း၊ ဒေသတည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန်အတွက် ကျေးရွာနေ ရွာသူ၊ ရွာသားများအား အတင်းအဓမ္မဖမ်းဆီးခေါ် ခြင်း များနှင့် ၎င်းတို့အဖွဲ့အား ထောက်ခံအားပေးမှု မရှိသူများကိုလည်း အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

 

Most Read

Most Recent