၃၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ ဘန်ကောက်သို့ ရောက်ရှိ

၃၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ ဘန်ကောက်သို့ ရောက်ရှိ
Published 1 November 2019

၃၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့သည် ယနေ့ (နိုဝင်ဘာ ၁ ရက်) မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိလာသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ (နိုဝင်ဘာ ၁ ရက်မွန်းလွဲ ၁၂ နာရီခွဲခန့်က အထူးလေယာဉ်ဖြင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာလာခြင်း ဖြစ်ကြောင်း သိရသည်။

ယခု ခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါတက်ရောက်မည် ဖြစ်ကြောင်းသိရသည်။

ဘန်ကောက်သို့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီကျော်က ရောက်ရှိလာသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လေဆိပ်တွင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး ဖြစ်သူက လေဆိပ်တွင်ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။

ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကျင်းပလျက်ရှိသည့် ၃၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ဘာရိန်း နိုင်ငံခြားရေးဝန်ကြီး ရှိတ်ခါလစ်ဘင်အာမက်သည်လည်း ဘန်ကောက်သို့ နိုဝင်ဘာ ၁ ရက် အစောပိုင်းက ရောက်ရှိခဲ့သည်။

ထို့ပြင် အာဆီယံဒေသတွင်းမှ ခေါင်းဆောင်အချို့သည်လည်း ဘန်ကောက်တွင် နိုဝင်ဘာ ၁ ရက် ညနေပိုင်းတွင် လေကြောင်းခရီးမှ ရောက်ရှိလာကြမည် ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၃၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပနေစဉ်ကာလအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ THE ATHENEE ဟိုတယ်တွင် တည်းခိုနေထိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို နိုဝင်ဘာ ၂ ရက်မှ ၄ ရက်ထိကျင်းမည် ဖြစ်သည်။

 

Most Read

Most Recent