မြို့နယ် အလုပ်အမှုဆောင်တာဝန်နှင့် ပါတီတာဝန်များမှ ရပ်ဆိုင်းခံထားရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင် NLD ပါတီမှ နုတ်ထွက်

မြို့နယ် အလုပ်အမှုဆောင်တာဝန်နှင့် ပါတီတာဝန်များမှ ရပ်ဆိုင်းခံထားရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင် NLD ပါတီမှ နုတ်ထွက်
Published 1 November 2019
ဉာဏ်လင်းထွန််း

NLD ပါတီ၏ မြို့နယ် အလုပ်အမှုဆောင်တာဝန်နှင့် ပါတီတာဝန်များမှ ရပ်ဆိုင်းခံထားရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်က ပါတီမှ နုတ်ထွက်ရန် တင်ပြမှုအပေါ် နုတ်ထွက် ခွင့်ပြုလိုက်ကြောင်း ယင်းပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ဒေါက်တာ သက်သက်ခိုင်အနေဖြင့် ပါတီမှ နုတ်ထွက်စာကို ပြီးခဲ့သည့် လပိုင်းတွင် တင်ပြခဲ့ခြင်းဖြစ်ပြီး နုတ်ထွက်မှုအပေါ် အောက်တိုဘာ ၂၅ ရက်က ရန်ကုန်ရှိ NLD ပါတီရုံးချုပ်တွင် ကျင်းပသည့် ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးပြီး နုတ်ထွက်ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“သူက ပါတီက နုတ်ထွက်ချင်တယ်လို့ ပါလာတဲ့အခါမှာ နုတ်ထွက်ခွင့် ပြုလိုက်ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ တစ်သီးပုဂ္ဂလ ဖြစ်သွားပါပြီ” ဟု NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားသည်။

ဒေါက်တာ သက်သက်ခိုင်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီမှ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့သည်။ ထို့နောက် ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။

၎င်းကို NLD ပါတီက ၂၀၁၈ စက်တင်ဘာတွင် ပါတီစည်းကမ်းပိုင်း ဖောက်ဖျက်သည်ဆိုကာ မြို့နယ်အလုပ်အမှုဆောင် တာဝန်နှင့် ပါတီတာဝန်များမှ ရပ်ဆိုင်းသည့် အရေးယူမှု ပြုလုပ်ခဲ့ပြီး ပါတီမှ ထုတ်ပယ်ခြင်းတော့ မရှိိပေ။

NLD ပါတီမှ နုတ်ထွက်မှုနှင့် ပတ်သက်ပြီး ဒေါက်တာသက်သက်ခိုင်ကို အောက်တိုဘာ ၃၁ ရက်က သုံးကြိမ်တိုင် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ဒေါက်တာ သက်သက်ခိုင်အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းတွင် ပါတီမှတ်ပုံတင် ရရှိခဲ့သည့် နိုင်ငံရေးပါတီတစ်ခု၌ ပါဝင်လျက်ရှိကြောင်း သတင်းများ ထွက်ပေါ်သော်လည်း ထွက်ပေါ်သည့် သတင်းများနှင့် စပ်လျဉ်းပြီး မည်သည့်မှတ်ချက်မှ မပေးလိုကြောင်း ဒေါက်တာသက်သက်ခိုင်က The Daily Eleven သတင်းစာကို အောက်တိုဘာ ၂၆ ရက်က ပြောကြားထားသည်။

အောက်တိုဘာ ၂၃ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ ပါတီမှတ်ပုံတင် ရခဲ့သည့် ပြည်သူ့ရှေ့ဆောင်ပါတီတွင် ယခင်အစိုးရ၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ် နှင့် ရတနာလုပ်ငန်းရှင်များ ဦးဆောင် ပါဝင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး ပါတီတည်ထောင်ရာတွင် ပါဝင်သူတစ်ဦးက ပါတီတွင် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ကြောင်း အတည်ပြုပြောကြားသည်။

လက်ရှိ လွှတ်တော်သက်တမ်းအတွင်း NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ်အချို့ ပါတီမှ နုတ်ထွက်ပြီး နိုင်ငံရေးပါတီအသစ် တည်ထောင်ခြင်း၊ တစ်သီးပုဂ္ဂလအနေဖြင့် ဆက်လည်ရပ်တည်ခြင်းများ ရှိနေသည်။

NLD ပါတီမှ နုတ်ထွက်ခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်များမှာ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သက်သက်ခိုင်၊ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်ထွန်းနှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၉) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖေချစ်တို့ ဖြစ်ကြသည်။

Most Read

Most Recent