NCA လက်မှတ်ရေးထိုးခြင်း လေးနှစ်ပြည့် အခမ်းအနားသို့ RCSS အဖွဲ့ မတက်ရောက်နိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပြီး လုံခြုံရေးနှင့် ခရီးသွားလာမှု သက်သောင့်သက်သာ ဖြစ်စေရန် ဆောင်ရွက်ပေးမှုအပေါ် နားလည်မှု လွဲမှားခြင်းသာဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား

NCA လက်မှတ်ရေးထိုးခြင်း လေးနှစ်ပြည့် အခမ်းအနားသို့ RCSS အဖွဲ့ မတက်ရောက်နိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပြီး လုံခြုံရေးနှင့် ခရီးသွားလာမှု သက်သောင့်သက်သာ ဖြစ်စေရန် ဆောင်ရွက်ပေးမှုအပေါ် နားလည်မှု လွဲမှားခြင်းသာဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 30 October 2019

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးခြင်း လေးနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့ မတက်ရောက်နိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က အောက်တိုဘာ ၂၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး ယင်းဖြစ်စဉ်သည် လုံခြုံရေးနှင့် ခရီးသွားလာမှု သက်သောင့်သက်သာ ဖြစ်စေရန် ဆောင်ရွက်ပေးခြင်းအပေါ် နားလည်မှု လွဲမှားခြင်းသာဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ အောက်တိုဘာ ၂၉ ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံရာတွင် RCSS ဥက္ကဋ္ဌ၏ ခရီးစဉ်ကိစ္စမှာ နားလည်မှု လွဲမှားခြင်းသာဖြစ်ပြီး လုံခြုံရေးနှင့် ခရီးသွားလာမှု သက်သောင့်သက်သာ ဖြစ်စေရန်အတွက် လေကြောင်းခရီးဖြင့် သွားလာနိုင်ရေး ညှိနှိုင်းဆောင်ရွက် ပေးခဲ့သော်လည်း နားလည်မှုလွဲမှား၍ မတက်ရောက် နိုင်ခြင်းသာဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။ 

RCSS အနေဖြင့် အောက်တိုဘာ ၂၈ ရက်တွင် ပြုလုပ်မည့် NCA လက်မှတ်ရေးထိုးခြင်း လေးနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်နိုင်ခြင်း မရှိသည့်အပေါ် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ၌ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်တွင် Peace Commission - PC မှ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ အလွတ်သဘော တွေ့ဆုံစဉ် RCSS ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ် တချို့သည် လင်းခေးခရိုင်၊ ဟိုမိန်းမြို့နယ်မှတစ်ဆင့် တောင်ကြီး၊ ၎င်းမှ နေပြည်တော်သို့ သွားရောက်မည် ဖြစ်ကြောင်းကို ကြိုတင်အကြောင်းကြားပြီး ဖြစ်သည်ဟု ဖော်ပြထားသည်ကို တွေ့ရှိရကြောင်း အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ ခရီးစဉ်နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးမှ RCSS ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အောက်တိုဘာ ၂၅ ရက်တွင် ဟိုမိန်း -လင်းခေး- မိုးနဲ- နမ့်စန်- လွိုင်လင် - တောင်ကြီး - နေပြည်တော် လမ်းကြောင်းအတိုင်း မော်တော်ယာဉ်ဖြင့် လာရောက်မည်ဖြစ်၍ လုံခြုံရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) သို့ အကြောင်းကြားသည့်စာအား အောက်တိုဘာ ၂၄ ရက်မှ အချိန် နီးကပ်စွာ လက်ခံရရှိခဲ့ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ခရီးစဉ် လုံခြုံရေးနှင့် ပတ်သက်၍ ဟိုမိန်း - လင်းခေး လမ်းကြောင်း တစ်လျှောက်သည် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ရယူထားသော ဟိုမိန်းပြည်သူ့စစ်အဖွဲ့၊ ပအိုဝ့်ပြည်သူ့စစ်အဖွဲ့များနှင့် NCA လက်မှတ် ရေးထိုးထားသည့် PNLO အဖွဲ့များ လှုပ်ရှားအခြေပြုနေသည့် နေရာများဖြစ်ပြီး ၎င်းနယ်မြေအတွင်း၌ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာမှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီအတွင်း မိုင်းပန်မြို့နယ်၊ ပန်ပိကျေးရွာ၊ နောင်ချိုကျေးရွာနှင့် ဝမ်ဟက်ကျေးရွာတစ်ဝိုက် ပအိုဝ့်ပြည်သူ့စစ်ဖြင့် လည်းကောင်း၊ PNLO အဖွဲ့ဖြင့်လည်းကောင်း၊ RCSS/SSA အဖွဲ့များအကြား ထိတွေ့တိုက်ခိုက်မှု ပဋိပက္ခဖြစ်စဉ်ရှိခဲ့ခြင်း၊ တိုက်ပွဲများကြောင့် ကျေးရွာသားများ ခမ်းပါဒေသတစ်ဝိုက် တိမ်းရှောင်ခဲ့ရ၍ တပ်မတော်က လုံခြုံရေး အစောင့်အရှောက်ဖြင့် ပြန်လည်နေရာချထား ပေးခဲ့ရခြင်း စသည့်အခြေအနေ ဖြစ်ပေါ်ခဲ့သည့် နယ်မြေများ ဖြစ်သည်ကို တွေ့ရှိရကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သာဓကအားဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၇ ရက်၊ ၁၈ ရက်၊ ၂၁ ရက်နှင့် ၂၃ ရက်တွင်လည်း မွန်ပြည်နယ် ဘုရားသုံးဆူ နယ်မြေအတွင်း NMSP အဖွဲ့နှင့် KNU အဖွဲ့တို့အကြား နယ်မြေအငြင်းပွားမှုကြောင့် လက်နက်ကိုင်ပဋိပက္ခ ငါးကြိမ် ဖြစ်ပွားခဲ့ကြောင်းနှင့် အလားတူ EAO အချင်းချင်း ပဋိပက္ခများ ဖြစ်ပွားခဲ့ပါက ဖြေရှင်းရခက်ခဲသည့် ပြဿနာများ ဖြစ်လာနိုင်ကြောင်း တွေ့ရှိရသည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန်သည်။

ထို့ပြင် RCSS ဥက္ကဋ္ဌနှင့်အဖွဲ့ သွားရောက်မည့် လွယ်တိုင်းလျဲန်း-ဟိုမိန်းမှတစ်ဆင့် တောင်ကြီး၊ နေပြည်တော်အထိ ခရီးမိုင် စုစုပေါင်း မိုင် ၄၀၀ ကျော်ရှိ၍ ခရီးကွာဝေးလွန်းခြင်း၊ လမ်းကြောင်းတစ်လျှောက် လုံခြုံရေး ပြုလုပ်ပေးနိုင်ရန် သိရှိရသည့် နေ့ရက်မှာလည်း နီးကပ်နေခြင်း၊ RCSS/SSA နှင့် ဖြတ်သန်းရမည့် ဒေသအတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းများအကြား တင်းမာမှု ဖြစ်ပွားနေသည့် နယ်မြေဖြစ်ခြင်း စသည်တို့ကြောင့် မလိုလားအပ်သော ကိစ္စရပ်များ ဖြစ်ပေါ်လာနိုင်သဖြင့် ၂၀၁၅ ခုနှစ်တွင် ကျင်းပခဲ့သော NCA လက်မှတ်ရေးထိုးပွဲ အပါအဝင် ၎င်းနောက်ပိုင်း နေပြည်တော်သို့ သုံးကြိမ်တိုင် လာရောက်ခဲ့သည့် ခရီးစဉ်အတိုင်း တာချီလိတ်မှတစ်ဆင့်သာ လေယာဉ်ဖြင့် လာရောက်သင့်ကြောင်း နိုင်ငံတော်သမ္မတရုံးသို့ အကြံပြု တင်ပြခဲ့ခြင်း ဖြစ်သည်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ရှင်းလင်းထုတ်ပြန်သည်။

RCSS/SSA အဖွဲ့၏ ထုတ်ပြန်ချက်အပေါ် စိစစ်ရာ၌လည်း NRPC မှ တာဝန်ရှိသူများနှင့် စေ့စပ်ညှိနှိုင်းစဉ် အောက်ခြေအဆင့်၌ ခရီးစဉ်အား မိမိသဘောဖြင့်သာ ညှိနှိုင်းဆောင်ရွက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများသို့ ပြန်လည် အသိပေးတင်ပြခြင်း မရှိဘဲ ရက်နီးကပ်မှသာ ခရီးစဉ်ကိစ္စအား တပ်မတော်သို့ အသိပေးခဲ့ခြင်း ဖြစ်သည်ကို တွေ့ရကြောင်း၊ ထို့ပြင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်သို့ အသိပေး အကြောင်းကြားခြင်း မရှိဘဲ ၎င်းခရီးစဉ်ကို ကြိုဆိုရန် အရပ်မော်တော်ယာဉ် လေးစီးဖြင့် ဟိုမိန်းသို့ အောက်တိုဘာ ၂၄ ရက်ညနေပိုင်းတွင် ရောက်ရှိလာကြောင်း တွေ့ရှိရသဖြင့် တိုင်းစစ်ဌာနချုပ်မှ စုံစမ်း၍ အဆင့်ဆင့် သတင်းပို့တင်ပြမှသာ လုံခြုံရေး အခြေအနေအရ လိုအပ်သည်များ ဆက်လက် ဆောင်ရွက်ခဲ့ရကြောင်းလည်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

NRPC တာဝန်ရှိသူများက NCA နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်နိုင်ရေးအတွက် ထပ်မံညှိနှိုင်းသော်လည်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ အနေဖြင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှတစ်ဆင့် တာချီလိတ်မြို့သို့ သွားရမည်ဆိုလျှင် ထိုင်းနိုင်ငံ အာဏာပိုင်များအား သုံးရက်မှ ငါးရက်အထိ ကြိုတင်အကြောင်းကြားခွင့် တောင်းရမည်ဟု အကြောင်းပြန်ကြားချက်အရ NRPC မှ တာဝန်ရှိသူများက ထိုင်းနိုင်ငံမှတစ်ဆင့် နေ့ချင်းသွားလာနိုင်ရန် စီစဉ်ဆောင်ရွက်မှုများကို ပြုလုပ်ပေးခဲ့သည့်အပြင် တာချီလိတ်မှတစ်ဆင့် စင်းလုံးငှားလေယာဉ်ဖြင့် နေပြည်တော်သို့ လာရောက်ရန် အသင့်စီစဉ် ပေးခဲ့ကြောင်းလည်း သိရသည်ဟု အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

တပ်မတော်အနေဖြင့် နယ်မြေလုံခြုံရေးအရ အကောင်းမွန်ဆုံး ခရီးစဉ်ဖြစ်အောင် အကြံပြုစီစဉ် ပေးခဲ့သော်လည်း ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့တို့သည် NCA လက်မှတ်ရေးထိုးခြင်း လေးနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ မတက်ရောက်ခဲ့ကြောင်းနှင့် ထိုကဲ့သို့ မတက်ရောက်နိုင်ခြင်းမှာ သက်ဆိုင်ရာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၏ ကိစ္စရပ်သာဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

 

Most Read

Most Recent