ဆရာမများနှင့် ပတ်သက်၍ ပြောကြားမိခဲ့သော စကားအတွက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ တာဝန်ရှိသူများအား NLD ပါတီဗဟိုဌာနချုပ်တွင် တရားဝင် လာရောက်တောင်းပန်

ဆရာမများနှင့် ပတ်သက်၍ ပြောကြားမိခဲ့သော စကားအတွက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ တာဝန်ရှိသူများအား NLD ပါတီဗဟိုဌာနချုပ်တွင် တရားဝင် လာရောက်တောင်းပန်
                                     ဓာတ်ပုံ - မြန်မာနိုင်ငံ ဆရာ ဆရာများအဖွဲ့ချုပ်
                                   ဓာတ်ပုံ - မြန်မာနိုင်ငံ ဆရာ ဆရာများအဖွဲ့ချုပ်
Published 28 October 2019
မင်းနိုင်စိုး

ဆရာမများနှင့်ပတ်သက်၍ ပြောကြားမိခဲ့သော စကားအတွက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်က အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ NLD ပါတီ ဗဟိုဌာနချုပ်တွင် ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ တာဝန်ရှိသူများအား ဆရာမထုကိုယ်စား တရားဝင် လာရောက်တောင်းပန်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ ဒေါက်တာဇော်မျိုးလှိုင်က ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ အောက်တိုဘာ ၅ ရက် နတ်တလင်းမြို့နယ်ခရီးစဉ်အတွင်း နယ်ဝေးမှ လာရောက်တာဝန်ထမ်းဆောင်နေကြသော ပညာရေးဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာ အခက်အခဲနှင့် ပတ်သက်၍ ဒေသခံများက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ထံ တင်ပြခဲ့ကြပြီး ထိုသို့တင်ပြရာတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က "ဝန်ထမ်းအိမ်ရာမရှိတာ ကောင်းတယ်"ဟုလည်းကောင်း၊ "ဆရာ၊ ဆရာမတွေ ရပ်ထဲရွာထဲ နေတဲ့အခါကျ ဒီက ရွာသူ၊ ရွာသားတွေနဲ့ အိမ်ထောင်ကျ၊ အဲဒါမှ ထွက်မသွားမှာလေ၊ ပြန်ပြောင်းသွားရင် ဝန်ထမ်းလိုအပ်ချက်ရှိပြီး လူငယ်လေးတွေကလည်း ဆရာမတွေကို ရည်းစားစကား ပြောကြ၊ လိုက်ပြောကြ ဒါမှ ရွာမှာ မြဲမှာ"ဟုလည်းကောင်း ပြောကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ အဆိုပါ ပြောကြားချက်နှင့်ပတ်သက်၍ ဆရာမထုအကြား မကျေမနပ်မှုများ များစွာဖြစ်ပေါ်ခဲ့ပြီး ထိုသို့ ပြောကြားချက်အပေါ်တွင်လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က အောက်တိုဘာ ၁၂ ရက်တွင် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ကာ နိုင်ငံတော်အကြီးအကဲများထံလည်း တိုင်စာပေးပို့ခဲ့ကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက NLD ပါတီအကြီးအကဲများက မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ထံ ဆက်သွယ်၍ ဖိတ်ကြားလာပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် လာရောက်တောင်းပန်မည့်အကြောင်း အသိပေးခဲ့သည်ဟု  မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ ဒေါက်တာဇော်မျိုးလှိုင်က ပြောကြားသည်။ 

"သူ့ရဲ့စကား မှားယွင်းမှုနဲ့ ပတ်သက်ပြီးတော့ ပြန်လည်တောင်းပန်ချင်တယ်ပေါ့။ တောင်းပန်တာကတော့ ကျွန်တော်တို့ကို တောင်းပန်တာမဟုတ်ပါဘူး။ ဆရာမထု တစ်ရပ်လုံးကို တောင်းပန်ပါမယ်ဆိုလို့ ကျွန်တော်တို့ ဒီနေ့မနက် သွားတွေ့တာပါ။ ပါတီအကြီးအကဲ ဒေါက်တာမျိုးညွန့်ကတော့ ပါတီကနေ တာဝန်ပေးထားတဲ့ လူတစ်ယောက်ရဲ့စကား မှားတဲ့အတွက် သူ့အနေနဲ့လည်း ဆရာ၊ ဆရာမထုတွေကို သူလည်းပဲ တောင်းပန်ပါတယ်ပေါ့ ဒေါက်တာမျိုးညွန့်က ဒီလိုပြောပါတယ်။ ဝန်ကြီးချုပ်ကလည်း တောင်းပန်တဲ့အကြောင်း ပြောပါတယ်"ဟု ဒေါက်တာ ဇော်မျိုးလှိုင်က ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်အရ အစိုးရတစ်ရပ်အနေဖြင့် ပြည်သူလူထုနှင့် ဆက်ဆံရာတွင် တတ်နိုင်သမျှ နွေးနွေးထွေးထွေးဆက်ဆံ၍ အကူအညီပေးရန်ပါရှိပြီး အဆိုပါ ညွှန်ကြားချက်အရ ဆရာ၊ ဆရာမ လိုအပ်ချက်နှင့်ပတ်သက်၍ ပြောကြားရာတွင် နွေးနွေးထွေးထွေးဖြင့် မိသားစုသဖွယ် ပျော်စေ၊ ပျက်စေ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က ယခု လာရောက်တောင်းပန်သည့် အခမ်းအနားအတွင် ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ထံ ရှင်းပြခဲ့ကြောင်း ဒေါက်တာဇော်မျိုးလှိုင်က ပြောကြားသည်။

"အဲဒီညွှန်ကြားချက်ကြောင့် သူက ဆရာ၊ ဆရာမတွေရဲ့ တောင်းဆိုချက်ကို ပြောတဲ့အချိန်မှာ နွေးနွေးထွေးထွေးသဘောနဲ့ မိသားစုလို ပျော်စေ၊ ပျက်စေ ပြောလိုက်တယ်ပေါ့။ တရားဝင် အဖွင့်မိန့်ခွန်းတို့ အပိတ်မိန့်ခွန်းတို့မှာ ပြောတာ မဟုတ်ဘဲနဲ့ အလွတ်သဘောနဲ့ ပြောလိုက်မိတဲ့အကြောင်း ပြောပါတယ်။ ကျွန်တော်တို့ဘက်ကလည်း မြေပြင်အခြေအနေတွေကို ပြောပြပါတယ်။ နောက်ပိုင်းနှစ်တွေမှာ တစ်ချို့ဒေသတွေမှာ ဆရာ၊ ဆရာမတွေအပေါ် လေးစားမှုတွေက အားနည်းလာတယ်။ ဆရာ၊ ဆရာမတွေအပေါ်မှာ ကာယိန္ဒြေပျက်ပြားမှု လုပ်တာမှအစ ယုတ်စွအဆုံး မုဒိန်းကျင့်တဲ့အဆင့်အထိ မုဒိန်းကျင့်တယ်ဆိုတာကလည်း ဒေသမှာ မြဲစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဆရာ၊ ဆရာမတွေကို အပိုင် သူတို့ဒေသမှာ မြဲစေချင်တဲ့ ရည်ရွယ်ချက်ရှိရှိ မုဒိန်းမှုကျူးလွန်တာတွေကို ကျွန်တော်တို့ ကြားသိလာရတာတွေ ရှိတယ်။

အဲဒီတော့ အဲဒီလို အခြေအနေမျိုးမှာ ဝန်ကြီးချုပ်က အမှတ်တမဲ့ပြောလိုက်ပေမယ့် ကျွန်တော်တို့က ဒီဘက်မှာ ဆရာ၊ ဆရာမတွေရဲ့ ဘဝမလုံခြုံမှု ပြဿနာက တော်တော်ကြီးထွားနေတယ်။ ကြီးထွားနေတဲ့အချိန်မှာ ပေါက်ကွဲတော့မယ့် ယမ်းပုံတစ်ခု အဲဒီအချိန်မှာပဲ ဝန်ကြီးချုပ်ရဲ့စကားက မီးစတစ်စ ဖြစ်သွားတာ။ အဲဒါကြောင့်မို့လို့ အကုန်လုံးက ဆရာ၊ ဆရာမတွေအပေါ်မှာ ခံစားပြီးတော့ မကျေမနပ် ဖြစ်ကုန်တာပေါ့"ဟု ဒေါက်တာ ဇော်မျိုးလှိုင်က ပြောကြားသည်။

အခြေခံပညာမှ ဆရာ၊ ဆရာမများသည် လူ့အဖွဲ့စည်း၏ ကျောရိုးဖြစ်ပြီး လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတာဝန်များကို ထမ်းဆောင်နေရုံသာမက လူ့အဖွဲ့အစည်းတစ်ခုလုံး၏ နှုန်းစံတန်ဖိုးများကို ထုဆစ်ပုံဖော်နေကြသူများလည်း ဖြစ်ကြောင်း၊ နိုင်ငံတော်က ပေးအပ်သော တာဝန်များကို အခက်အခဲပေါင်းများစွာ မပြည့်စုံမှုပေါင်းများစွာကြားမှ တာဝန်ကို ကျေပွန်အောင် ကြိုးစားပမ်းစား ထမ်းဆောင်နေကြသူများဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ပြောကြားချက်နှင့်ပတ်သက်၍ အောက်တိုဘာ ၁၂ ရက်တွင်  မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ 

ယခုတောင်းပန်မှုနှင့် ပတ်သတ်၍ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းဖြေကြားခြင်းမရှိသေးသဖြင့် မေးမြန်းနိုင်ခြင်းမရှိပေ

 

Most Read

Most Recent