ကမ္ဘာပေါ်တွင် ကလေးလုပ်သား စျေးကွက်သည် အခန်းကဏ္ဍ အများအပြားတွင် ကျယ်ပြန့်စွာ ရှိနေသည်။ ထိုသို့ဖြစ်ရခြင်းသည် ပညာရေးအခွင့်အလမ်း မရှိခြင်း၊ ဆင်းရဲမွဲတေခြင်း၊ လူမှုအကာအကွယ် မရခြင်းနှင့် လူမှုရေးခွဲခြား ဆက်ဆံခံရခြင်းတို့ကြောင့် ဖြစ်သည်။
သို့သော် နိုင်ငံအများစုတွင် ပညာအရည်အချင်း ကျွမ်းကျင်မှုအတွက် လိုအပ်သော အလုပ်အကိုင် လုံလောက်စွာ မရှိခြင်းသည် ချို့တဲ့သော လူငယ်များအနေဖြင့် ကျောင်းတက်ရန် အဟန့်အတားများ ဖြစ်စေပြီး ကလေးများကို လုပ်သားစျေးကွက်သို့ ငယ်ငယ်ရွယ်ရွယ်ဖြင့် ဝင်ရောက်စေသည့် အကြောင်းများဖြစ်နေသည်။
ILO ၏ ကမ္ဘာလုံးဆိုင်ရာ ခန့်မှန်းချက်နှင့် ဦးတည်ချက် (၂၀၀၀ - ၂၀၁၂) တွင် ကမ္ဘာတစ်ဝန်းလုံး၌ ကလေးလုပ်သားဦးရေ ၁၆၈ သန်းကျော်ရှိပြီး ၎င်းတို့အနက် သန်း ၁၂၀ သည် အသက် ငါးနှစ်မှ ၁၄ နှစ်အတွင်း ရှိသူများဖြစ်သည်ဟု ဖော်ပြထားသည်။
ကလေးလုပ်သားဦးရေကို အာရှနှင့် ပစိဖိတ်ဒေသတွင် အများဆုံးတွေ့ရပြီး အာဖရိကဘက်ခြမ်းတွင်မူ ကလေး လုပ်သားများမှာ လုပ်ငန်းခွင်တွင် ထိခိုက်ဒဏ်ရာရရှိမှု အမြင့်ဆုံးဖြစ်နေကြောင်း ဖော်ပြထားသည်။
ကလေးများ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကော်မရှင် (၁၉၈၉) က ချမှတ်ထားသည့် ဥပဒေစံနှုန်းများတွင် ကလေးများအား စီးပွားရေးအရ ခေါင်းပုံဖြတ်ခြင်းနှင့် အန္တရာယ် ဖြစ်စေနိုင်သော အလုပ်လုပ်ကိုင်စေခြင်း သို့မဟုတ် ရုပ်ပိုင်း၊ စိတ်ပိုင်း သို့မဟုတ် ဉာဏ်ပညာဖွံ့ဖြိုးမှုပိုင်း ထိခိုက်စေသော အလုပ်များကို လုပ်ကိုင်စေခြင်းတို့မှ အကာအကွယ်ပေးမှု ရရှိစေခြင်းသည် ကလေးများ၏ အခွင့်အရေးအဖြစ် သတ်မှတ်ပြဋ္ဌာန်းထားသည်။
ကလေးလုပ်သားဆိုသည်မှာ ကလေးများ၏ ဘဝ၊ ၎င်းတို့၏ အလားအလာနှင့် ၎င်းတို့၏ ဂုဏ်သိက္ခာကို အဟန့်အတား ဖြစ်စေသည့် အလုပ်နှင့် ရုပ်ပိုင်းစိတ်ပိုင်း ဖွံ့ဖြိုးမှုကို ထိခိုက်စေသော အလုပ်များ လုပ်ကိုင်နေရသည့် ကလေးများကို ဆိုလိုသည်။
ထိုအဓိပ္ပာယ် ဖွင့်ဆိုချက်တွင် ကလေး များ၏ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လူမှုရေးပိုင်းနှင့် ကိုယ်ကျင့်တရားပိုင်း အန္တရာယ်ရှိသော၊ ထိခိုက်စေသော လုပ်ငန်းများ ပါဝင်သည့်ပြင် ကလေးများ၏ ကျောင်းတက်ရောက်မှု အခွင့်အရေးကို အဟန့်အတားဖြစ်စေခြင်း သို့မဟုတ် ကျောင်းတက်သော်လည်း အလုပ်ချိန် မြင့်မားခြင်းနှင့် ပင်ပန်းကြီးစွာ လုပ်ကိုင်ရသော အလုပ်များလည်း ပါဝင်သည်။
■ မြန်မာနိုင်ငံအခြေအနေ
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အကြီးဆုံးနိုင်ငံ ဖြစ်သော်လည်း အဆင်းရဲဆုံး နိုင်ငံများထဲတွင် တစ်နိုင်ငံအဖြစ် ပါဝင်ပြီး လူဦးရေ၏ လေးပုံတစ်ပုံသည် ဆင်းရဲမှုမျဉ်းအောက် ရောက်ရှိနေသည်။
မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေး လုပ်ငန်းများတွင် ကလေးသူငယ်များကို အခကြေးငွေပေး၍ ခိုင်းစေလေ့ ရှိသည့်အတွက် ကလေးလုပ်သား စျေးကွက်သည် သိသိသာသာ ကြီးမားလာသဖြင့် ကလေး လုပ်သားများမှာလည်း အကာအကွယ်မဲ့သော အနေအထားသို့ ရောက်ရှိနေသည်။
၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ အိမ်ထောင်စု လူဦးရေ ၄၈ သန်း ရှိသည့်အနက် ၂၇ ရာခိုင်နှုန်းသည် အသက် ငါးနှစ်မှ ၁၇ နှစ်အထိရှိသော ကလေးသူငယ်များ ဖြစ်သည်။
အဆိုပါ ၂၇ ရာခိုင်နှုန်း သို့မဟုတ် ကလေးသူငယ်ဦးရေ ၁၂ သန်းတွင် မိန်းကလေးနှင့် ယောကျ်ားလေး ဦးရေသည် ခြောက်သန်းစီဖြင့် ဆတူရှိနေသည်။
ကလေးသူငယ်ဦးရေ ၇၄ ရာခိုင်နှုန်းသည် ကျေးလက်တွင် နေထိုင်သူများဖြစ်ပြီး ကျန် ၃၀ ရာခိုင်နှုန်းမှာ မြို့ပြတွင် နေထိုင်သူများ ဖြစ်ကြသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကလေးသူငယ် ပါဝင်မှုသည် ရှမ်းပြည်နယ်တွင် ၁၃ ရာခိုင်နှုန်း၊ ရန်ကုန်တိုင်းတွင် ၁၂ ဒသမ ၃ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး ကယားပြည်နယ်တွင် ၀ ဒသမ ၇ ရာခိုင်နှုန်း ဖြင့် အနည်းဆုံး ဖြစ်ကြောင်း သိရသည်။ အခြားသော တိုင်းနှင့် ပြည်နယ်များတွင် ကလေးသူငယ် ပျံ့နှံ့ပါဝင်မှုသည် တစ်ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအတွင်း ရှိသည်။
■ ကျောင်းတက်ရောက်မှု
မြန်မာနိုင်ငံတွင် ကလေးသူငယ်များ၏ ၈၃ ရာခိုင်နှုန်းသည် ကျောင်းတက်နေသူများဖြစ်ပြီး အလုပ်လုပ်ကိုင်ခြင်း မရှိပေ။
ယင်းရာခိုင်နှုန်းသည် အသက် ငါးနှစ်မှ ၁၁ နှစ်အတွင်းရှိ ကလေးသူငယ်များတွင် ၉၇ ဒသမ ၅ ရာခိုင်နှုန်းဖြင့် အများဆုံး ဖြစ်သည်။ အသက် ၁၂ နှစ်မှ ၁၄ နှစ် အသက်အုပ်စုတွင် ၈၂ ဒသမ ၆ ရာခိုင်နှုန်းသည် ကျောင်းတက်နေပြီး အသက် ၁၅ နှစ်မှ ၁၇ နှစ်အရွယ် အုပ်စုတွင်မူ ကျောင်းထွက်လိုက်ကြသည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်သည့် ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ ကလေးလုပ်သားစစ်တမ်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပညာသင်ကြားမှုနှုန်း ကျဆင်းရခြင်း၏ အကြောင်းရင်းကို လေ့လာကြည့်ပါက ဆင်း ရဲနွမ်းပါးမှု၊ နေထိုင်မှု အဆင့်အတန်း၊ အိမ်ထောင်စုဝင်များ ပါဝင်ဆောင်ရွက်မှု ပိုမိုလိုအပ်သော စိုက်ပျိုးရေးနှင့် ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းများ၏ သဘောသဘာဝ၊ အလုပ်နှင့် ပညာရေးအကြား ဝေခွဲမရဖြစ်ခြင်း နှင့် ကျောင်းနေရန် လက်လှမ်းမမီခြင်း စသည့် အချက်များအပေါ်တွင် မူတည်နေသည်။
ကလေးသူငယ်များ၏ ၁၅ ရာခိုင်နှုန်း ဖြစ်သော် လူဦးရေ ၁၈ သိန်းကျော်သည် ကျောင်းတက်နိုင်ခြင်း မရှိဘဲ ယင်းသို့ ကျောင်းမတက်သူ ဦးရေ၏ ၆၅ ရာခိုင်နှုန်းဖြစ်သော လူဦးရေ ၁၂ သိန်းကျော်မှာ အသက် ၁၅ နှစ် မှ ၁၇ နှစ်အတွင်း ရှိသူများ ဖြစ်နေသည်။ ကလေးသူငယ် အားလုံး၏ ၆ ဒသမ ၅ ရာခိုင်နှုန်းခန့်သည် ကျောင်းလုံးဝ တက်ရောက်ဖူးခြင်း မရှိသူများဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။
■ အလုပ်လုပ်သော ကလေးများ
လူဦးရေစာရင်းအရ ကလေးသူငယ်များ၏ ၁၀ ဒသမ ၅ ရာခိုင်နှုန်း သို့မဟုတ် လူဦးရေ ၁၂ သိန်းကျော်သည် အလုပ်လုပ်နေသော ကလေးသူငယ်များဖြစ်ပြီး ယောကျ်ားလေးဦးရေ ခြောက်သိန်းကျော်နှင့် မိန်းကလေးဦးရေ ခြောက်သိန်းကျော် ရှိသည်။
အလုပ်လုပ်သော ကလေးသူငယ်များ၏ ၇၅ ရာခိုင်နှုန်း သို့မဟုတ် လူဦးရေ ကိုးသိန်းကျော်သည် အသက်အုပ်စု ၁၅ နှစ်မှ ၁၇ နှစ်အထိဖြစ်ပြီး ယောကျ်ားလေး ၅၃ ရာခိုင်နှုန်းနှင့် မိန်းကလေး ၄၇ ရာခိုင်နှုန်း ဖြစ်ကြောင်း ၂၀၁၅ ခုနှစ် ကလေးလုပ်သားစစ်တမ်း အစီရင်ခံစာတွင် တွေ့ရှိရသည်။
အလုပ်လုပ်နေသော ကလေးသူငယ်များ၏ ရာခိုင်နှုန်း ၈၀ နီးပါးသည် ကျေးလက်ဒေသတွင် နေထိုင်ကြသည်။ ထို့ပြင် အလုပ်လုပ်နေသော ကလေးသူငယ်များ၏ ၅၇ ရာခိုင်နှုန်းသည် လုပ်ခလစာ ရရှိသည့် အလုပ်သမားများဖြစ်ကြပြီး ကျန်လူဦးရေသည် ကိုယ်ပိုင်လုပ်ငန်း သို့မဟုတ် အခကြေးငွေ မရသော မိသားစုဝင် လုပ်သားများ ဖြစ်ကြသည်။
ကလေးသူငယ်များ အဓိက လုပ်ကိုင်ရသော လုပ်ငန်းများကို ရာခိုင်နှုန်းအားဖြင့် ကြည့်မည်ဆိုပါက လယ်ယာစိုက်ပျိုးရေး လုပ်ငန်း၊ သစ်တော လုပ်ငန်းနှင့် ငါးလုပ်ငန်းများတွင် ၆၀ ဒသမ ၅ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်ငန်းများတွင် ၁၂ ရာခိုင်နှုန်း၊ ကုန်သွယ်မှု လုပ်ငန်းများတွင် ၁၁ ဒသမ ၁ ရာခိုင်နှုန်းနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများတွင် ၆ ဒသမ ၁ ရာခိုင်နှုန်း ရှိကြောင်း ကလေးလုပ်သားစစ်တမ်း အစီရင်ခံစာက ဆိုသည်။
မြို့ပြနေ ကလေးသူငယ်များသည် လက်မှုပညာနှင့် ဆက်စပ်သော လုပ်ငန်းများ၊ ဝန်ဆောင်မှုနှင့် အရောင်းလုပ်ငန်းများကို အများအားဖြင့် လုပ်ကိုင်လေ့ရှိကြပြီး ကျေးလက်ဒေသတွင်မှု လယ်ယာလုပ်ငန်းနှင့် အခြေခံလွယ်ကူသော လုပ်ငန်းများကို လုပ်ကိုင်ကြသည်။
ကျေးလက်ဒေသနှင့် စိုက်ပျိုးရေး လုပ်ငန်းများသည် ကလေးများအပေါ်တွင် မှီတည်နေပြီး အဆိုပါ လုပ်ငန်းများသည် ကလေးများအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။
■ အလုပ်ချိန်နှင့် လုပ်ခလစာ
ကလေးသူငယ်များသည် ပျမ်းမျှအားဖြင့် တစ်ပတ်လျှင် ၅၂ နာရီခန့် အလုပ်လုပ်ကြရပြီး မိန်းကလေးများက ယောကျ်ားလေးများထက် အလုပ်ချိန် အနည်းငယ်ပိုသည်ဟု ၂၀၁၅ ခုနှစ် ကလေးလုပ်သား စစ်တမ်းအစီရင်ခံစာက ဆိုသည်။
အလုပ်လုပ်နေသော ကလေးသူငယ်များ၏ ၂၄ ဒသမ ၄ ရာခိုင်နှုန်း မှ ၃၃ ဒသမ ၆ ရာခိုင်နှုန်းသည် တစ်ပတ်လျှင် အလုပ်ချိန် နာရီ ၅၀ မှ ၆၀ အကြား လုပ်ကိုင်ရသည့် ခက်ခဲပင်ပန်းသော လုပ်ငန်းများတွင် ရှိနေသည်။ ထို့ကြောင့် ယင်းကလေးသူငယ်များသည် ရက်သတ္တတစ်ပတ်လျှင် အလုပ်လုပ်ရက် ခြောက်ရက်နှင့် တွက်ပါက တစ်နေ့လျှင် အလုပ်ချိန် ရှစ်နာရီမှ ၁၀ နာရီအထိ လုပ်ကိုင်နေရကြောင်း ဖော်ပြထားသည်။
ကလေးသူငယ်များ အလုပ်လုပ်ကိုင်လျက်ရှိသော အဓိကလုပ်ငန်းများတွင် အလုပ်ချိန်သည် ပျမ်းမျှ တစ်ပတ်လျှင် ၅၂ နာရီရှိသည်ကို တွေ့ရှိရသည့်အပြင် မြို့ပြနေ ကလေးသူငယ်များ၏ အလုပ်ချိန်သည် ကျေးလက်နေ ကလေးသူငယ်များ၏ အလုပ်ချိန်ထက် အနည်းငယ်ပိုသည်ကို တွေ့ရှိရသည်။
လုပ်ခလစာဖြင့် လုပ်ကိုင်လျက်ရှိသော ကလေးသူငယ်များ၏ ၆၁ ရာခိုင်နှုန်းခန့်သည် ၎င်းတို့ လုပ်ခလစာကို တစ်ရက်အတွက်ရရှိပြီး ရာခိုင်နှုန်းအားဖြင့် ယောကျ်ားလေးများသည် မိန်းကလေးများထက် မြင့်မားသည်ကို တွေ့ရှိရသည်။
မြို့ပြနေ ကလေးသူငယ်အများစုသည် လုပ်ခကို တစ်လတစ်ကြိမ် ရရှိကြပြီး ကျေးလက်နေ ကလေးသူငယ်များမှာမူ လုပ်အားခကို နေ့အလိုက် ရရှိကြသည်။ လခစားအဖြစ် လုပ်ကိုင်နေသော မြို့ပြနေ ကလေးသူငယ်များတွင် မိန်းကလေး ၆၅ ရာခိုင်နှုန်းနှင့် ယောကျ်ားလေး ၄၇ ရာခိုင်နှုန်း ဖြစ်ကြောင်း တွေ့ရှိရသည်။
အသက် ၁၅ နှစ် မှ ၁၇ နှစ် အုပ်စု ကလေးသူငယ်များတွင် လခစားနှင့် နေ့စားလုပ်ခ ရရှိမှုကို လေ့လာကြည့်မည် ဆိုပါက မိန်းကလေးများသည် ယောကျ်ားလေးများထက် လုပ်ခလစာ ပိုမိုမြင့်မားသည်ဟု ၂၀၁၅ ခုနှစ် ကလေးလုပ်သားစစ်တမ်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြို့ပြနေ ယောကျ်ားလေးများသည် ကျေးလက်နေ ယောကျ်ားလေးများထက် လုပ်ခလစာ ပိုမိုရရှိပြီး တစ်ခြားတစ်ဖက်တွင်မူ ကျေးလက်ရှိ နေ့စားမိန်းကလေးများ၏ လစာထက် ပိုမိုမြင့်မားကြောင်း တွေ့ရှိရသည်။
သို့သော် မြို့ပြနှင့် ကျေးလက်များကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ လေ့လာရာတွင် တစ်ရက်အတွက် သို့မဟုတ် တစ်လအတွက် လုပ်ခရရှိမှုတွင် ယောကျ်ားလေးများသည် မိန်းကလေးများထက် လုပ်ခလစာ ပိုမိုမြင့်မားကြောင်း တွေ့ရှိရသည်။
ကလေးသူငယ်များကို အသက်အုပ်စုအလိုက် လေ့လာရာတွင် အသက် ၁၂ နှစ်မှ ၁၄ နှစ်အထိ အုပ်စုတွင် နေ့စား လုပ်ကိုင်သူ ပိုများပြီး အသက် ၁၅ နှစ်မှ ၁၇ နှစ်အထိ အုပ်စုတွင် လခစား လုပ်ကိုင်မှု ပိုမိုများပြားကြောင်း ကလေးလုပ်သား စစ်တမ်းအစီရင်ခံစာက ဆိုသည်။
ကလေးလုပ်သား တစ်ဦးသည် ပျမ်းမျှအားဖြင့် တစ်နာရီလျှင် ကျပ် ၄၀၀ ရရှိပြီး သတ္တုနှင့် ကျောက်တူးဖော်ခြင်း လုပ်ငန်းများတွင် အမြင့်မားဆုံးအနေဖြင့် တစ်နာရီလုပ်ခ ကျပ် ၆၀၀ ရရှိကြောင်း တွေ့ရှိရသည်။
■ အန္တရာယ် လုပ်ငန်းခွင်ထဲက ကလေးများ
ကလေးသူငယ်များ၏ ကိုးရာခိုင်နှုန်း သို့မဟုတ် ၁ ဒသမ ၁ သန်းခန့်သည် ကလေးလုပ်သားများ ဖြစ်ကြသည်။ ၎င်းတို့တွင် ယောကျ်ားလေး ၀ ဒသမ ၆ သန်းနှင့် မိန်းကလေး ၀ ဒသမ ၅ သန်းရှိကြောင်း သိရသည်။
တိုင်းနှင့် ပြည်နယ် ခုနစ်ခုတွင် ကလေးလုပ်သား ရာခိုင်နှုန်းသည် ကိုးရာခိုင်နှုန်းနှင့် ၁၂ ရာခိုင်နှုန်းကြားတွင် ရှိနေသည်။
မြို့ပြနေ ကလေးသူငယ် ၇ ဒသမ ၁ ရာခိုင်နှုန်း သို့မဟုတ် လူဦးရေ နှစ်သိန်းကျော်ခန့်သည် ကလေး လုပ်သားများ ဖြစ်ကြပြီး ၎င်းတို့ထဲတွင် ယောကျ်ားလေး တစ်သိန်း နှစ်သောင်းကျော်နှင့် မိန်းကလေး ကိုးသောင်းကျော် ရှိသည်။
အသက်အုပ်စုလိုက် ကလေးလုပ်သား ပါဝင်မှုတွင် အသက် ၁၅ နှစ်မှ ၁၇ နှစ်အုပ်စု၌ ၇၃ ရာခိုင်နှုန်း၊ အသက် ၁၂ နှစ်မှ ၁၄ နှစ် အုပ်စု၌ ၂၅ ရာခိုင်နှုန်း နှင့် အသက် ငါးနှစ်မှ ၁၁ နှစ်အုပ်စုတွင် နှစ်ရာခိုင်နှုန်း ရှိသည်ဟု ၂၀၁၅ ခုနှစ် ကလေးလုပ်သားစစ်တမ်း အစီရင်ခံစာက ဆိုသည်။
ထို့အတူ အန္တရာယ်ရှိသော အလုပ်လုပ်နေသည့် ကလေးလုပ်သားများ၏ ၇၅ ရာခိုင်နှုန်းသည် အသက် ၁၅ နှစ်မှ ၁၇ နှစ်အတွင်းရှိသူများ ဖြစ်ကြပြီး အသက် ၁၂ နှစ်မှ ၁၄ နှစ်အတွင်း အသက်အုပ်စုတွင် အန္တရာယ်ရှိသော အလုပ်လုပ်နေသည့် ကလေးလုပ်သား သုံးပုံတစ်ပုံ ပါဝင်ကြောင်း ဖော်ပြထားသည်။
အလုပ်လုပ်နေသော ကလေးသူငယ်များ၏ ၇ ဒသမ ၆ ရာခိုင်နှုန်းခန့်သည် တစ်ပတ်လျှင် ၄၃ နာရီထက်ပိုမို၍ အလုပ်ချိန်များစွာ လုပ်ကိုင်ကြရပြီး ငါးရာခိုင်နှုန်းထက် ပိုသော ကလေးသူငယ်များသည် အန္တရာယ်ရှိသော လုပ်ငန်းများတွင် လုပ်ကိုင်ကြရကြောင်း တွေ့ရှိရသည်။
မြို့ပြနေ ကလေးသူငယ်များထက် ကျေးလက်နေ ကလေးသူငယ်များတွင် ယောကျ်ားလေးများသာမက မိန်းကလေးများပါ ပို၍အန္တရာယ်များပြီး ထိခိုက်လွယ်သော လုပ်ငန်းများတွင် လုပ်ကိုင်နေကြ ရသည့်အပြင် အလုပ်ချိန်လည်း ပို၍ကြာမြင့်စွာ လုပ်ကိုင်ကြရကြောင်း တွေ့ရှိရသည်ဟု ကလေးလုပ်သား စစ်တမ်းအစီရင်ခံစာက ဆိုသည်။
အန္တရာယ်များသော လုပ်ငန်းများတွင် အများဆုံး လုပ်ကိုင်နေသော အသက်အုပ်စုမှာ အသက် ၁၅ နှစ် မှ ၁၇ နှစ် အုပ်စုဖြစ်သည်။ ယင်းအသက်အုပ်စုအတွင်း လုပ်ကိုင်နေသော ကလေးသူငယ်များ၏ ၁၈ ရာခိုင်နှုန်းသည် အန္တရာယ်ရှိသော အလုပ်များတွင် လုပ်ကိုင်နေကြရသည့်အပြင် ၂၇ ရာခိုင်နှုန်းသည် အလုပ်ချိန်များစွာကို လုပ်ကိုင်နေကြရပြီး ၃၂ ရာခိုင်နှုန်းမှာ အခြားကလေးလုပ်သား ပုံစံမျိုးဖြင့် လုပ်ကိုင်နေကြရသည်။
ကလေးလုပ်သားစစ်တမ်း ကောက်ယူရာတွင် အလုပ်ချိန်များစွာ လုပ်ကိုင်နေရခြင်းကို တစ်ပတ်အတွင်း အလုပ်ချိန်နှင့် တိုင်းတာ တွက်ချက်ခဲ့ကြောင်း ကလေးလုပ်သားစစ်တမ်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အသက် ငါးနှစ်မှ ၁၂ နှစ်အတွင်း တစ်ပတ် တစ်နာရီနှင့်အထက် ခိုင်းစေခြင်း၊ အသက် ၁၃ နှစ် မှ ၁၄နှစ်အတွင်း တစ်ပတ် ၂၄ နာရီနှင့်အထက် ခိုင်းစေခြင်းနှင့် အသက် ၁၅ နှစ် မှ ၁၇ နှစ်အတွင်း တစ်ပတ် ၄၄ နာရီအထက် ခိုင်းစေခြင်းကို ဆိုလိုခြင်းဖြစ်ကြောင်း ရှင်းပြထားသည်။
ကျောင်းလုံးဝ တက်ရောက်ဖူးခြင်း မရှိသည့် ကလေးသူငယ်များ၏ ၁၀ ရာခိုင်နှုန်းခန့်သည် အလုပ်လုပ်နေသော ကလေးသူငယ်များ ဖြစ်ကြသည်။ ၎င်းတို့အနက် ၈ ဒသမ ၅ ရာခိုင်နှုန်းသည် ကလေးလုပ်သားများ ဖြစ်ကြပြီး ကလေးလုပ်သား ထက်ဝက်ခန့်သည် အန္တရာယ်ရှိသော အလုပ်တွင် လုပ်ကိုင်နေကြသည့် ကလေးလုပ်သားများ ဖြစ်သည်ကို တွေ့ရှိရကြောင်း ကလေးလုပ်သား စစ်တမ်းအစီရင်စာက ဆိုသည်။
ကျောင်းလုံးဝ တက်ရောက်ဖူးခြင်း မရှိသည့် ကလေးလုပ်သားနှင့် အန္တရာယ်ရှိသော အလုပ်တွင် လုပ်ကိုင်နေကြသည့် ကလေးလုပ်သားများအဖြစ် လုပ်ကိုင်နေသော ကျေးလက်ဒေသရှိ ကလေးသူငယ်များ၏ အရေအတွက်သည် မြို့ပြကလေးသူငယ်များထက် နှစ်ဆခန့်ရှိကြောင်း တွေ့ရှိရသည်။
■ ကလေးလုပ်သားများ၏ လုပ်ငန်းခွင်အခြေအနေ
လခစား အလုပ်သမား ကလေးသူငယ်များ၏ ရာခိုင်နှုန်း ၉၀ တွင် ၄၈ ဒသမ ၂ ရာ ခိုင်နှုန်းသည် အန္တရာယ်များသော အလုပ်အကိုင် အခြေအနေများတွင် လုပ်ကိုင်နေကြရပြီး ၄၂ ဒသမ ၁ ရာခိုင်နှုန်းသည် အခြားသော ကလေးလုပ်သားများ ဖြစ်ကြောင်း ၂၀၁၅ ခု နှစ် ကလေးလုပ်သားစစ်တမ်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အခကြေးငွေမရဘဲ မိသားစုဝင် လုပ်သားအဖြစ် လုပ်ကိုင်နေသည့် ကလေးသူငယ် ၂၃ ဒသမ ၂ ရာခိုင်နှုန်းသည်ပင် အန္တရာယ်ရှိသော လုပ်ငန်းခွင်အခြေအနေတွင် လုပ်ကိုင်နေကြရသူများ ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။
ဆောက်လုပ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်နေကြရသည့် ကလေး ၆၃ ရာခိုင်နှုန်း သို့မဟုတ် လူဦးရေ ငါးသောင်းနှင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများနှင့် သစ်တောလုပ်ငန်းများတွင် လုပ်ကိုင်နေကြရသူ ကလေးသူငယ် ၅၄ ဒသမ ၆ ရာခိုင်နှုန်း သို့မဟုတ် လူဦးရေ ခုနစ်သိန်းခွဲသည် အန္တရာယ်ရှိသော လုပ်ငန်းများတွင် လုပ်ကိုင်နေကြရသည့် ကလေးလုပ်သားများအဖြစ် ပါဝင်သည်။
ထို့ပြင် အန္တရာယ်ရှိသော လုပ်ငန်းများတွင် လုပ်ကိုင်နေကြရသည့် ကလေးလုပ်သားများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများတွင် အများဆုံးပါဝင်နေပြီး လျှပ်စစ်နှင့် ဓာတ်ငွေ့ဆိုင်ရာ လုပ်ငန်းများတွင်မူ အနည်းဆုံး ပါဝင်သည်ကို တွေ့ရှိရကြောင်း ကလေးလုပ်သားစစ်တမ်း အစီရင်ခံစာက ဆိုသည်။
ကလေးလုပ်သား ၉၂ ရာခိုင်နှုန်းသည် အဓိက အလုပ်အကိုင် သုံးမျိုးဖြစ်သည့် ကျွမ်းကျင် လယ်ယာစိုက်ပျိုးရေးနှင့် သစ်တော လုပ်သားတွင် ၄၈ ရာခိုင်နှုန်း၊ အခြေခံအလုပ်အကိုင်များတွင် ရာခိုင်နှုန်း ၃၀ နှင့် လက်မှုပညာနှင့် ဆက်စပ် လုပ်ကိုင်သူများတွင် ၁၃ ရာခိုင်နှုန်းတို့ အသီးသီးပါဝင် လုပ်ကိုင်နေသည်။
ကလေးလုပ်သားများ၏ တစ်ပတ်ပျမ်းမျှ အလုပ်ချိန်သည် ၅၄ ဒသမ ၂၂ နာရီဖြစ်ပြီး တစ်ရက်လျှင် ကိုးနာရီအထက် လုပ်ကိုင်နေရကြောင်း တွေ့ရှိရသည်ဟု ကလေးလုပ်သားစစ်တမ်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အသက်အုပ်စုအလိုက် အလုပ်ချိန်များကို ကြည့်မည်ဆိုပါက အသက် ၁၅ နှစ်မှ ၁၇ နှစ်အထိ အသက်အုပ်စုတွင် ၅၅ ဒသမ ၂၂ နာရီ၊ အသက် ၁၂ နှစ်မှ ၁၄ နှစ်အထိ အသက်အုပ်စုတွင် ၅၂ ဒသမ ၃၃ နာရီ ဖြစ်သည်ကို တွေ့ရှိရသည်။ ထို့ကြောင့် အသက်အုပ်စု ၁၅-၁၇ နှစ်နှင့် ၁၂-၁၄ နှစ် အတွင်းရှိ အလုပ်လုပ်နေသော ကလေးများ၏ တစ်ပတ်ပျမ်းမျှ အလုပ်ချိန်မှာ ၅၂ နာရီ ဖြစ်သည်။
ထို့ပြင် အန္တရာယ်ရှိသော လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် ကလေးစုစုပေါင်းသည် ခြောက်သိန်းကျော်ရှိပြီး ၎င်းတို့၏ ပျမ်းမျှအလုပ်ချိန်သည် တစ်ပတ်လျှင် ၅၁ ဒသမ ၉ နာရီ လုပ်ကိုင်နေရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ သို့သော် မြို့ပြရှိ အန္တ ရာယ်ရှိသော လုပ်ငန်းများကို လုပ်ကိုင်နေကြရသည့် ကလေးသူငယ်များ၏ ၁၇ ရာခိုင်နှုန်းမှာမူ ပျမ်းမျှတစ်ပတ်လျှင် ၅၄ ဒသမ ၄ နာရီအထိ အလုပ်လုပ်နေကြရကြောင်း သိရသည်။
■ အခြားသက်ဆိုင်သော အကြောင်းအရာများ
မြန်မာနိုင်ငံတွင် အိမ်ထောင်စု အရေအတွက် ၁၁ သန်းနီးပါး ရှိသည့်အနက် အိမ်ထောင်စုများ၏ ရာခိုင်နှုန်း ၆၀ တွင် ကလေးတစ်ဦးရှိပြီး ကလေးရှိသည့် အိမ်ထောင်စုများ၏ ခြောက်ပုံတစ်ပုံတွင် အနည်းဆုံး အလုပ်လုပ်နေသည့် ကလေးတစ်ဦး ရှိသည်ကို တွေ့ရှိရကြောင်း ကလေးလုပ်သား စစ်တမ်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ ယင်းအိမ်ထောင်စုများ၏ ၁၂ ရာခိုင်နှုန်းသည် အကြွေးတင်နေကြောင်းကိုလည်း တွေ့ရှိရသည်ဟု ပါရှိသည်။
ကလေးသူငယ် လုပ်သားများ လုပ်ကိုင်ကြသည့် အန္တရာယ်ရှိသော အလုပ်အကိုင်များကို ကြည့်မည်ဆိုပါက ဖုန်များနှင့် အခိုးအငွေ့များကြားတွင် အလုပ်လုပ်ကိုင်သူက ရာခိုင်နှုန်း ၄၀၊ အန္တရာယ်ရှိသော စက်ကိရိယာများဖြင့် လုပ်ကိုင်သူက ၁၆ ဒသမ ၅ ရာခိုင်နှုန်း၊ အပူအအေး ပြင်းထန်မှုများသည့် လုပ်ငန်းများတွင် ၁၁ ရာခိုင်နှုန်းနှင့် ဓာတုဗေဒပစ္စည်းများဖြင့် လုပ်ကိုင်ရသော လုပ်ငန်းများတွင် ၉ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် စိုက်ပျိုးရေး၊ သတ္တုတူးဖော်ခြင်း၊ ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းများသည် ကလေးငယ်အများစုကို ဖုန်၊ အခိုးအငွေ့၊ အန္တရာယ်ရှိသော စက်ပစ္စည်းများ၊ အပူ၊ အအေးနှင့် ဓာတုဗေဒပစ္စည်းများကို ထိတွေ့စေသည့် အန္တရာယ်ရှိသော လုပ်ငန်းများတွင် လုပ်ကိုင်နေသူများ ဖြစ်စေသည့် အဓိက လုပ်ငန်းကဏ္ဍများ ဖြစ်သည်ကို တွေ့ ရှိရကြောင်း အစီရင်ခံစာက ဆိုသည်။
ထို့ပြင် စိုက်ပျိုးရေး၊ သတ္တုတူးဖော်ခြင်း၊ ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းများသည် ကလေးငယ်အများစုကို ဖုန်၊ အခိုးအငွေ့၊ အန္တရာယ်ရှိသော စက်ပစ္စည်းများ၊ အပူ၊ အအေးနှင့် ဓာတုဗေဒ ပစ္စည်းများကို ထိတွေ့စေသည့် အန္တရာယ်ရှိသော လုပ်ငန်းများတွင် လုပ်ကိုင်နေသူများ ဖြစ်စေသည့် အဓိက လုပ်ငန်းကဏ္ဍများ ဖြစ်သည်ကို တွေ့ရှိရကြောင်း အစီရင်ခံစာက ဆိုသည်။
အဆိုပါ အန္တရာယ်ရှိသော လုပ်ငန်းများတွင် ကျေးလက်ဒေသရှိ ကလေးသူငယ်များသည် ပိုမိုဝင်ရောက် လုပ်ကိုင်နေကြရသည်။ အသက် ၁၂ နှစ်မှ ၁၄ နှစ်အထိ အသက်အုပ်စု နှင့် အသက် ၁၅ နှစ်မှ ၁၇ နှစ်အထိ အသက်အုပ်စုများအတွင်းရှိ ကလေးအများစုသည် အန္တရာယ်ရှိသော အလုပ်များကို ပိုမို လုပ်ကိုင်နေကြရကြောင်း တွေ့ရှိရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် အလုပ်လုပ်နေသော ကလေးများ၏ ၃ ဒသမ ၅ ရာခိုင်နှုန်းသည် လုပ်ငန်းခွင်အတွင်း အော်ဟစ် ပြောဆိုခြင်းနှင့် ဆဲဆိုခြင်းများကိုလည်း ခံနေရသည်။
■ ကလေးလုပ်သားပပျောက်ရေး အစီအစဉ်
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က စတင်ဖွဲ့စည်းခဲ့သည်။ ယင်းကော်မတီကို ဒုတိယသမ္မတ (၁) က ဦးဆောင်ပြီး အဖွဲ့ဝင် ၃၇ ဦး ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ ကလေးအလုပ်သမား အများစုသည် ဆင်းရဲနွမ်းပါးမှု၊ ပညာသင်ခွင့် မရရှိမှုနှင့် မိသားစုကို ထောက်ပံ့ပေးလိုမှုအတွက် စားသောက်ဆိုင်များ၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများနှင့် အိမ်အကူလုပ်ငန်းများတွင် လုပ်ကိုင်နေကြရပြီး ယင်းလုပ်ငန်းခွင်များမှ ကလေးများကို ကာကွယ်စောင့်ရှောက် ပေးနိုင်ရေးအတွက် အမျိုးသားအဆင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်ကို ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ကော်မတီ လုပ်ငန်းတာဝန်ကို ရှစ်ရပ် သတ်မှတ်ထားပြီး ယင်းလုပ်ငန်း တာဝန်များမှာ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေး စီမံကိန်းအတွက် အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်နိုင်ရန် လိုအပ်သော လုပ်ငန်းကော်မတီများ ဖွဲ့စည်းခြင်း၊ စီမံကိန်း ရည်မှန်းချက်များကို ဆောင်ရွက်ရာတွင် အရေးကြီးသော လုပ်ငန်းများအား မူဝါဒချမှတ်ပေးခြင်း၊ အမိန့်ကြော်ငြာစာများ ထုတ်ပြန်ခြင်း၊ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြန်လည် သုံးသပ်ခြင်း၊ လုပ်ငန်းကော်မတီများ၏ ဆောင်ရွက်ချက်များအပေါ် ခြောက်လ တစ်ကြိမ် ပြန်လည်သုံးသပ်၍ လိုအပ်သလို လမ်းညွှန်ခြင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အစိုးရများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် ကြီးကြပ်ခြင်း၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည်ပအဖွဲ့အစည်း၊ အလှူရှင်များ၊ ပြည်တွင်း အဖွဲ့အစည်းများမှ ထည့်ဝင် လှူဒါန်းသည့် ငွေကြေး၊ ပစ္စည်းဥစ္စာနှင့် နည်းပညာများကို ထိန်းသိမ်းခြင်း၊ စီမံခန့်ခွဲခြင်းနှင့် စီမံကိန်း ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်မှုကို ပြည်ထောင်စု အစိုးရအဖွဲ့သို့ တစ်နှစ် တစ်ကြိမ် အစီရင်ခံတင်ပြခြင်းတို့ ဖြစ်သည်။
ထို့ပြင် ကလေးအလုပ်သမားများ လျော့နည်းပပျောက်စေရေးအတွက် “ခိုင်မာတိကျသည့် အခြေခံ အချက်အလက်များ ကောက်ယူခြင်း၊ အသိပညာပေးခြင်း (Awareness)နှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်ရေးဆွဲမှုနှင့် အကောင်အထည်ဖော် ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေခြင်း၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်း ခံနေရသည့် ကလေးအလုပ်သမားများအား ဖယ်ရှားခြင်းနှင့် ပြန်လည်ကုစားခြင်း၊ မိသားစုများအတွက် ပိုမိုကောင်းမွန်သည့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ ရရှိစေခြင်း” စသည့် ရည်မှန်းချက်များ ထားရှိဆောင်ရွက်သွားကြရမည် ဖြစ်သည်။
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် တစ်ကြိမ်၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် တစ်ကြိမ်နှင့် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် တစ်ကြိမ် စုစုပေါင်း သုံးကြိမ် ကျင်းပခဲ့ပြီး ဖြစ်သည်။
၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၇ ရက်က နေပြည်တော် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက ကလေးအလုပ်သမား ပပျောက်ရေးသည် မျက်မှောက်ခေတ်၏ Global Issue တစ်ခု ဖြစ်ပြီး မိမိတို့နိုင်ငံအတွက် ကြီးမားသည့် စိန်ခေါ်မှုဖြစ်သကဲ့သို့ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ရေရှည် ဆောင်ရွက်သွားရမည့် လုပ်ငန်းဖြစ်သည့်အတွက် တာဝန်ရှိသူများ၊ အဖွဲ့အစည်းများသာမက ဆက်စပ် ကဏ္ဍပေါင်းစုံမှတစ်ဆင့် လက်တွေ့ကျကျ တိကျသည့်စီမံချက်ဖြင့် အစဉ်တစိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် အရေးကြီးကြောင်း ပြောကြားသည်။
ကလေးအလုပ်သမား ပပျောက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နေပြည်တော် ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုအနက် ကနဦး ဦးစားပေး စီမံကိန်းနယ်မြေများအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ကို သတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ယင်းဒေသများရှိ ကလေးများအတွက် ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်း၊ ၎င်းတို့၏ မိသားစုအခြေအနေများ၊ ဆင်းရဲနွမ်းပါးမှု အခြေအနေများအပေါ် ထည့်သွင်း စဉ်းစားမည်ဖြစ်ပြီး ယင်းဒေသအတွင်း ကလေးအလုပ်သမား ပပျောက်ရေးအတွက် စတင်လုပ်ဆောင်နိုင်မည့် လုပ်ငန်းများကို ဦးစားပေးအလိုက် လုပ်ငန်းကော်မတီများ၊ အဓိက မိတ်ဖက်အဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။
၂၀၁၈ ခုနှစ် နှစ်စဉ် လုပ်သားအင်အား စစ်တမ်း အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် အသက် ငါးနှစ်မှ ၁၇ နှစ်အထိ ကလေးဦးရေ ၁၂ ဒသမ ၄ သန်းရှိရာ သုည ဒသမ ၆ သန်းခန့်သည် အလုပ်လုပ်ကိုင်နေကြပြီး ၀ ဒသမ ၄၂ သန်းကို ကလေးလုပ်သားများအဖြစ် တွေ့ရှိရကြောင်း ဖော်ပြထားသည်။
ကလေးဦးရေ ၀ ဒသမ ၄ သန်းသည် အန္တရာယ်ရှိသည့် အလုပ်များတွင် လုပ်ကိုင်နေကြရသည့် ကလေးလုပ်သားများဖြစ်ပြီး ကလေးဦးရေ ၁၂ ဒသမ ၄ သန်း၏ ရာခိုင်နှုန်း ၃၀ ကျော်သည် ကျေးလက် ကလေးအလုပ်သမားဖြစ်ပြီး ရာခိုင်နှုန်း ၂၀ ကျော်သည် မြို့ပြကလေးအလုပ်သမားများ ဖြစ်သည်ကို တွေ့ရကြောင်း ပါရှိသည်။
ပြည်တွင်း ကလေးအလုပ်သမားစျေးကွက်တွင် ၁၅ နှစ် မှ ၁၇ နှစ်ကြား ကလေးများသည် ကလေးအလုပ်သမားအဖြစ် အများဆုံး အလုပ်လုပ်ကိုင်နေကြရပြီး အများစုသည် မူလတန်း ပညာအရည်အချင်းအဆင့်သာ သင်ကြားခဲ့ရသည်ကို လေ့လာတွေ့ရှိရ ကြောင်း အစီရင်ခံစာက ဆိုထားသည်။ ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးသည် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝ မြင့်မားမှု၊ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုများနှင့် တိုက်ရိုက် သက်ဆိုင်နေသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းပဋိပက္ခအချို့ကြောင့် ဆင်းရဲနွမ်းပါးမှုများနှင့် ရွှေ့ပြောင်းနေထိုင်မှုများ၊ ရာသီဥတု ပြောင်းလဲခြင်း အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များ၊ စားနပ်ရိက္ခာ မဖူလုံမှုများနှင့် လူမှုစီးပွားဘဝ အကျပ်အတည်းများကြောင့် တစ်နွယ်ငင် တစ်စင်ပါ ဆိုသလို ကလေးများအနေဖြင့် ပညာဆုံးခန်းတိုင်အောင် မသင်ကြားနိုင်ဘဲ ကလေးအလုပ်သမားအဖြစ် တွန်းပို့ခံနေရသည်။
ထို့ကြောင့် ယင်းအကြောင်းအရာများသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ခက်ခဲကြာရှည်စွာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ဖြစ်သော်လည်း အစိုးရအနေဖြင့် အထူးအလေးထား ဖြေရှင်းဆောင်ရွက်ရန် လိုအပ်နေသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သည့်အတွက် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေး ဆောင်ရွက်ရာတွင် အခက်အခဲများနှင့် နိုင်ငံတကာ ထောက်ပြမှုများ ရှိသော်လည်း ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သတ်မှတ်၍ ရေရှည်ဆောင်ရွက်ရမည် ဖြစ်ကြောင်း အမျိုးသားကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။










