ပန်းချီကားတွေရဲ့ နောက်ကွယ်မှာ . . .

ပန်းချီကားတွေရဲ့ နောက်ကွယ်မှာ . . .
ရန်ကုန်မြို့လယ်တွင် ပြသခဲ့သည့် ပန်းချီပြခန်း တစ်ခုအတွင်း မြင်ကွင်း
ရန်ကုန်မြို့လယ်တွင် ပြသခဲ့သည့် ပန်းချီပြခန်း တစ်ခုအတွင်း မြင်ကွင်း
Published 27 October 2019
သိင်္ဂီဝင်းထွန်း

ကျွန်မတို့တွေဟာ လောကကြီးမှာ အသက်ရှင်နေရတဲ့ ကာလပတ်လုံး အမြဲတမ်း ရှင်သန်လှုပ်ရှား သွားလာနေကြရပြီး ရုန်းကန်နေရပါတယ်။ ပြီးတော့ အသက်ရှင်နေသမျှ ကာလပတ်လုံးမှာ စားဝတ်နေရေးဆိုတဲ့ အရေးသုံးပါး အတွက်လည်း ဖြေရှင်းရပြန်ပါတယ်။ အဲဒီအခါမှာ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ဘဝအမောတွေကိုလည်း  ကြုံတွေ့လာရပါတော့တယ်။  လူတွေဟာ အခုလို ဘဝအမောတွေနဲ့  ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါမှာ စိတ်နှလုံးတွေ ကြမ်းတမ်းခက်ထန် လာတတ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ရန်လိုလာတတ်ပါတယ်။ အမုန်းပွားလာတတ်ပါတယ်။ တိုက်ခိုက်သတ်ဖြတ်ချင်စိတ်တွေ ဖြစ်လာတတ်ပါတယ်။ ဒီလို ကြမ်းတမ်းတဲ့ လူတွေရဲ့စိတ်ကို နူးညံ့ပျော့ပျောင်းအောင် ပြုလုပ်ပေးနိုင်တဲ့ အရာကတော့ အနုပညာခံစားမှု ဆိုတာပဲ ဖြစ်တယ်။

အနုပညာဆိုတဲ့ နယ်ပယ်မှာတော့ ကဗျာ၊ ဝတ္ထု၊ ဂီတ၊ ပန်းချီ၊ ပန်းပု၊ ပြဇာတ် စတဲ့အရာတွေ ပါဝင်ပါတယ်။ အဲဒီလို အနုပညာတွေကို ခံစားရခြင်းကြောင့် လူတွေရဲ့ ကြမ်းတမ်းတဲ့စိတ်တွေကို နူးညံ့အောင် ပြုလုပ်လို့ ရပါတယ်။ ဒီနေရာမှာ အနုပညာကို ခံစားနိုင်အောင်၊ အနုပညာ လက်ရာမြောက်အောင် နောက်ကွယ်ကနေ ပံ့ပိုးမှုတစ်ခုလို့ ဆိုနိုင်တဲ့ အနုပညာဖန်တီးသူတွေရဲ့ ဘဝဖြစ်တည်မှုတွေကလည်း အရေးပါလာပါတော့တယ်။

အနုပညာ အမျိုးမျိုးရှိသလို အနုပညာရှင်တွေလည်း အမျိုးမျိုးရှိတယ်လို့ ယူဆစရာရှိပါတယ်။ ဒီနေရာမှာ အနုပညာ ၁၀ မျိုးထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ပန်းချီအနုပညာကို ဖန်တီးတဲ့ ပန်းချီပညာရှင်တွေ အကြောင်း  ဖော်ပြလိုပါတယ်။

ပန်းချီဆိုတာ ကဗျာ၊ စာပေတွေလို စိတ်ခံစားချက်ကို စကားလုံးနဲ့ ရေးသားဖော်ပြလို့ရတဲ့ အနုပညာမျိုး မဟုတ်ဘဲ ရေးဆွဲသူရဲ့စိတ်ခံစားချက်ကို ဆေးရောင်တွေ၊ စုတ်ချက်တွေ အသုံးပြုပြီး  ရေးဆွဲဖော်ပြရတဲ့ အနုပညာ ဖြစ်ပါတယ်။ ဂီတတွေ၊ ရုပ်ရှင်တွေက နေရာမျိုးစုံကနေ ပုံစံမျိုးစုံနဲ့ မြင်နိုင်ကြားနိုင်ပေမဲ့ ပန်းချီကတော့ ပန်းချီကား ကိုယ့်မျက်စိ ရှေ့ရောက်မှသာ ထိတွေ့ခွင့်ရတာမို့ ဂီတ၊ ရုပ်ရှင်တွေလို လူတွေနဲ့ရင်းနှီးမှု သိပ်မရှိပါဘူး။ ပြီးတော့ မြန်မာနိုင်ငံက ဖွံ့ဖြိုးမှုအားနည်းပြီး ဆင်းရဲတဲ့ နိုင်ငံတစ်ခု ဖြစ်နေတာကြောင့်လည်း စားဝတ်နေရေးအတွက် ပိုမိုရုန်းကန်ရတာဖြစ်လို့ ပန်းချီကားတွေကိုကြည့်ပြီး စိတ်အပန်းဖြေဖို့၊ ပန်းချီပြပွဲတွေကို သွားရောက်ကြည့်ရှုဖို့၊ ပန်းချီကားတွေ ဝယ်ယူစုဆောင်းပြီး အိမ်မှာ အဆင်တန်ဆာအဖြစ် ချိတ်ဆွဲဖို့ ဆိုတာတွေကတော့ အလှမ်းဝေးနေပါတယ်။

“တိုင်းပြည်ကလည်း ဆင်းရဲတော့ စားဝတ်နေရေးအတွက်ပဲ လုံးပန်းနေရတယ်။ ပန်းချီကကျပြန်တော့လည်း ဂီတတို့၊ ရုပ်ရှင်တို့လို မဟုတ်ပြန်ဘူး။ ဂီတဆိုရင် ထီဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေမှာ သီချင်းသံတွေက အမြဲကြားနေရတယ်။ မကြားချင်လည်း ကြားနေရတာပဲလေ။ ရုပ်ရှင်ဆိုလည်း လူတွေက တီဗွီနေ့တိုင်းကြည့်ကြတော့ တီဗွီတွေမှာကလည်း ရုပ်ရှင်က တစ်ကားပြီး တစ်ကား အမြဲလာနေတာပဲ။ အဒီလိုတွေကြောင့် လူတွေနဲ့ ပိုရင်းနှီးလွယ်တယ်။ ပိုပြီးလည်း နီးစပ်စေတယ်။ ပန်းချီကတော့ ပန်းချီပြပွဲ ကြည့်မယ်ဆိုရင် ပြခန်းလာရမယ်။ အဲဒီအတွက်လည်း အချိန်သက်သက် တစ်ခုပေးရမယ်။ အဲဒီလိုတွေကြောင့် ပန်းချီပွဲတွေလည်း သွားမကြည့်နိုင်ကြ၊ ပန်းချီကားတွေလည်း မဝယ်နိုင်တော့ လူတွေနဲ့ ပန်းချီက နည်းနည်းဝေးတယ်။ အဲဒါကြောင့်လည်း ပန်းချီကားတွေက ခေတ်မစားသေးဘူး။ ကျွန်တော်ထင်တယ်။ နိုင်ငံရဲ့စီးပွားရေး အလားအလာ ကောင်းလာရင်တော့ တော်တော်အဆင်ပြေလာမှာပါ။ အဲဒီအခါ လူတွေလည်း ပန်းချီနဲ့ ပိုနီးစပ်လာမယ်။ တီဗွီအစီအစဉ်တွေမှာလည်း ကျွန်တော်တို့ ပန်းချီပြပွဲတွေ အကြောင်းရိုက်ပြမယ်။ ရပ်ကွက်ထဲမှာလည်း ပန်းချီဆရာတွေ များလာမယ် ဆိုရင်တော့ လူတွေက ပန်းချီနဲ့ ပိုနီးလာမှာပါ” လို့ ပန်းချီဆရာကြီး ဝင်းဖေမြင့်က လတ်တလော အခြေအနေတွေနဲ့ ပတ်သက်လို့ သူ့ရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။

ပန်းချီအနုပညာရှင်တွေ ပြပွဲလုပ်တဲ့ အခါတွေမှာလည်း ပန်းချီပတ်ဝန်းကျင်က လူတွေ၊ ဆွေမျိုးတွေ၊ လူငယ်ပန်းချီ ၀ါသနာရှင်တွေနဲ့ မီဒီယာအချို့သာ လာရောက် ကြည့်ရှုကြပါတယ်။ ပန်းချီကို အားပေးသူ နည်းနေတဲ့ အခြေအနေတွေကြောင့်လည်း ပန်းချီပညာရှင်တွေက ၀ါသနာနဲ့ ရေရှည်ရပ်တည်နိုင်ဖို့အတွက် ပိုမိုရုန်းကန်ကြရပါတယ်။ ပန်းချီကားစျေးကွက် ဆိုတာကလည်း စီးပွားရေး လုပ်ငန်းရှင်တွေ၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေ အပေါ်မှာပဲ အားကိုးနေရပါတယ်။ ပန်းချီစျေးကွက်က ချမ်းသာတဲ့သူတွေ၊ အရင်းအနှီးကြီးကြီး ရင်းနှီးမြှုပ်နှံတဲ့သူတွေ များလာမှသာ မြန်မာနိုင်ငံက ပန်းချီပညာရှင်တွေ၊ ၀ါသနာရှင်တွေအတွက် အသက်ရှူချောင်တဲ့ အနေအထားတစ်ခုကို ရောက်နိုင်မယ့် အခြေအနေ ဖြစ်နေပါတယ်။

“ပန်းချီ စရေးတဲ့သူတွေဆို ပိုပြီး အခက်အခဲရှိတာပေါ့။ ကိုယ့်ရဲ့ လက်ရာကို ထုတ်ပြခွင့် အခြေအနေတွေ မရှိဘူး။ အသစ်ဆိုတော့ လူမသိသေးဘူး။ ပြပွဲတွေလုပ်လည်း လူစိတ်ဝင်စားမှု သိပ်မရဘူး။ ပြီးတော့ ကျွန်တော်တို့နိုင်ငံက မနက်မိုးလင်းတာနဲ့ စားဝတ်နေရေးက ဖိအားပုံစံမျိုး ဖြစ်နေတယ်လေ။ အခုဆို ဆေးပစ္စည်းတွေက စျေးကြီးတယ်။ ဘောင်တွေစျေးကြီးတယ်။ အဲဒီလိုမျိုးတွေကြောင့် အရမ်းရုန်းကန် နေရတယ်” လို့ ပန်းချီမင်းသားကြီးကလည်း လက်ရှိမှာ ပန်းချီဆရာတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ခုလိုပြောပြပါတယ်။

ပန်းချီအနုပညာရှင်တွေကတော့ သူတို့ဖန်တီးလိုက်တဲ့ အနုပညာကို တန်ကြေးဖြတ်ပြီး ရေးဆွဲတာမျိုး မရှိပါဘူး။ မရေးဆွဲခင်ကတည်းက အခကြေးငွေများစွာတန်တဲ့၊ အနုပညာ ပြောင်မြောက်လှတဲ့ ပန်းချီကား တစ်ချပ်ဖြစ်ရမယ်လို့ ရည်စူးရေးဆွဲကြတာမျိုး မဟုတ်ပါဘူး။ ပန်းချီဆရာရဲ့ စိတ်လှုပ်ရှားမှုကြောင့် ဖြစ်လာတဲ့ ခံစားမှုကို ခံစားရတဲ့အတိုင်း ရေးဆွဲပြသတာ ဖြစ်ပါတယ်။ ပန်းချီဆရာတွေက ပန်းချီကားတစ်ချပ် ရေးဆွဲပြီးမြောက်ဖို့ အတွက် ပြင်းပြတဲ့ စိတ်ခံစားမှုရှိပြီး အခြားသော ငွေရေးကြေးရေးအတွက် စိတ်ထဲမရှိကြတာ များပါတယ်။ 

ပန်းချီရေးဆွဲနေတဲ့ အခါမှာလည်း အချိန်ကာလ သတ်မှတ်ချက်တွေ၊ နာရီတွေဆိုတာ မရှိတော့သလို ထမင်းမေ့ ဟင်းမေ့ ထိုင်ရာက မထဘဲ ပြောင်မြောက်တဲ့ ပန်းချီကားတစ်ချပ် ဖြစ်လာဖို့အတွက် အာရုံထားတာကလည်း ပန်းချီဆရာ အတော်များများရဲ့ တူညီတဲ့အချက်တစ်ခုပါ။

“ပန်းချီဆရာ ဆိုတာကတော့ လုပ်ချင်ရာ လုပ်နေရတဲ့အတွက် ပျော်တယ်။ ကိုယ်ဝါသနာပါတာတွေ လုပ်နေရတယ်။ လုပ်ချင်ရာ လုပ်နေရလို့ ပျော်တာပဲ ရှိပါတယ်။ ငွေရေးကြေးရေးကတော့ မအောင်မြင်ပါဘူး။ တချို့လည်း တကယ်အောင်မြင်သွားပြီးတော့ ၀ါသနာပါတာလည်း လုပ်ရတယ်။ ပိုက်ဆံရတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အဲဒါကတော့ အနည်းစုပါ။ အများစုကတော့ နည်းနည်းရုန်းကန်ရတယ်။ ပန်းချီဆရာက ဒီပန်းချီတစ်ခုကိုပဲ ဇောက်ချလုပ်တယ်ဆိုရင် ပန်းချီကားရောင်းရမှ သူကဝင်ငွေရတာလေ။ ပန်းချီကား မရောင်းရရင် ဝင်ငွေမရှိတဲ့အတွက် သူ့ရဲ့ရပ်တည်မှုက ခက်ခဲတယ်” လို့ ပန်းချီမျိုးကျော်က ပန်းချီဆရာတွေရဲ့ ၀ါသနာ၊ ဘဝရပ်တည်မှုနဲ့ ပတ်သက်လို့ ပြောပြပါတယ်။

ပန်းချီဆရာတွေက သူတို့ရဲ့ ပန်းချီကားတွေကို ငွေကြေးအတွက် ချရောင်းတဲ့သူတွေ မဟုတ်ပါဘူး။ ပန်းချီကား ရောင်းရတာ၊ မရတာ၊ ငွေအရနည်းတာ များတာတွေထက်  သူတို့ရဲ့လက်ရာတွေ၊ စစ်မှန်တဲ့ အရည်အသွေး တွေကိုသာ ဖော်ထုတ်ပြသလိုကြတာပါ။ ဒါပေမဲ့လည်း ပန်းချီနဲ့ပဲ ရပ်တည်နိုင်ဖို့၊ ပန်းချီကားတွေ ရောင်းရမှ ဆက်ပြီး ပန်းချီတွေ ဆွဲနိုင်ဖို့အတွက် ပန်းချီစျေးနှုန်းတစ်ခုကို သတ်မှတ်ကြရပါတယ်။ ပန်းချီပစ္စည်းတွေ စျေးကြီးတာရော၊ ပန်းချီပြပွဲပြသဖို့ အခန်းငှားရမ်းခတွေနဲ့ ဆေးတွေ ဘောင်တွေ ဝယ်ခတွေကြောင့်လည်း ပန်းချီကား မရောင်းရတဲ့အခါ ပန်းချီဆက်ရေးဖို့အတွက် အခက်အခဲတွေ ဖြစ်လာပါတယ်။ တချို့ပန်းချီ ဆရာတွေကတော့ တစ်ဖက်က ၀ါသနာပါတာကို လုပ်ပြီး တစ်ဖက်က ဝင်ငွေရတဲ့ အလုပ်အကိုင်ကို လုပ်ကိုင်ကြပါတယ်။ ဒါမှလည်း ဆက်လက်ပြီး ရပ်တည်နိုင်မှာ ဖြစ်လို့ပါ။

“ကျွန်တော်က အခုမှ ပန်းချီစရေးတာဆိုတော့ အခက်အခဲနည်းနည်းတော့ ရှိပါတယ်။ ကိုယ်ရေးတဲ့ ပန်းချီကား မရောင်းရတဲ့အခါ နောက်ထပ် ပန်းချီဆက်ဆွဲဖို့ ပစ္စည်းတွေဝယ်ဖို့ အိမ်က ပြန်ထောက်ပံ့ပေးရတယ်။ နောက် ကိုယ်တိုင်အလုပ်လုပ်ပြီး ပိုက်ဆံရှာတယ်။ ပြီး ပန်းချီတွေ ဆက်ဆွဲတာပေါ့” လို့ လူငယ်ပန်းချီဆရာ လင်းသန့်က ဆိုပါတယ်။

ပန်းချီဆရာတွေဟာ ငွေကြေးအရှိန်အဝါ လွှမ်းမိုးမှုကို တွန်းလှန်ဖယ်ရှားပြီး သီးခြား ပန်းချီပြခန်းလေးတွေမှာ သူတို့ရဲ့ပန်းချီ လက်ရာတွေကို ဖော်ထုတ်ပြသ ကြပါ တယ်။  ပန်းချီဆရာကြီး ဝင်းဖေမြင့် ပြောသလိုပါပဲ။ ပန်းချီဆရာတွေရဲ့ ကမ္ဘာက တခြားသူတွေရဲ့ ကမ္ဘာထက် ပိုလှပါတယ်။ ဒီလိုပဲ ပန်းချီဆရာ တွေကလည်း သူတို့ရဲ့ လှပတဲ့ကမ္ဘာကို တခြားသူတွေကို မြင်စေချင်သလို တခြားသူတွေရဲ့ ကမ္ဘာကိုလည်း လှအောင်ဖန်တီးပေးချင် ကြတဲ့သူတွေပါ။ ပန်းချီဆရာတွေက လူတွေကို သူတို့ခံစားရသလို ခံစားနိုင်စေဖို့၊ ကြုံတွေ့ရတဲ့ ဘဝအမောတွေကို သူတို့မြင်တွေ့သလို မြင်တွေ့နိုင်စေဖို့အတွက် သူတို့တတ်မြောက်တဲ့ ပညာနဲ့ ပန်းချီပြပွဲတွေ ပြုလုပ်ပြီး အနုပညာကို မျှဝေပေးကြပါတယ်။

ကဗျာဆရာတွေက သူတို့ရဲ့ ခံစားချက်ကို အခြားသူဆီ ရောက်အောင် စကားလုံးအလှ၊ ကာရန်အလှတွေ သုံးပြီး သီကုံးဖွဲ့နွဲ့လို့ ခံစားသူရဲ့ ရင်ထဲရောက်အောင် ပို့ဆောင်ပေးသလို ပန်းချီဆရာတွေကလည်း  အရောင်တွေ၊ စုတ်ချက်တွေနဲ့ ကြည့်ရှုခံစားသူကို စိတ်အေးငြိမ်းမှုရအောင် ပေးလေ့ရှိပါတယ်။ 

“ပန်းချီဆရာတွေကတော့ ငွေရေးကြေးရေး အခက်အခဲက ရင်ဆိုင်ရတယ်။ ပိုက်ဆံရှိတဲ့သူတွေ ပန်းချီကို ၀ါသနာအရ ရေးတာကတော့ ကိစ္စမရှိဘူးပေါ့။ ပိုက်ဆံလည်း သိပ်မရှိဘူး။ ဝင်ငွေကလည်း သိပ်မရှိဘူး ဆိုရင်တော့ ပိုဆိုးတာပေါ့။ ပန်းချီပစ္စည်းတွေကလည်း ဝယ်ရတာ စျေးကြီးတယ်လေ။ တကယ် သူတို့ကို ကိုယ်ချင်းစာတယ်။ သနားဖို့လည်း ကောင်းတယ်။ ဒီလိုမရှိတဲ့ကြားက ပိုက်ဆံလေးတွေစုပြီး ဆေးဘူးလေးတွေဝယ်၊ စက္ကူလေးတွေဝယ်ပြီးတော့ ရေးနေကြတယ်။ ရောင်းရလည်း ရေးတာပဲ။ မရောင်းရလည်း ရေးတာပဲ။ ရောင်းရလည်းပြ မရောင်းရလည်း ပြတာပဲလေ။ အခုက တိုင်းပြည်စီးပွားရေးက မကောင်းတော့ ပန်းချီကား အရောင်းအဝယ်က ပါးတယ်။ ပန်းချီစျေးကွက် အရောင်းအဝယ် ပါးတာကတော့ သုံးနှစ်လောက်ရှိပြီ။ ဒါပေမဲ့လည်း ရေးနေကြတာပါပဲ။ ရေးပြီးတော့လည်း ပြပွဲတွေပြတယ်။ ခင်တဲ့သူ၊ ရင်းနှီးတဲ့သူတွေကတော့ တစ်ကားစ၊ နှစ်ကားစ ဝယ်ကြပါတယ်” လို့ ပန်းချီဆရာကြီး ဝင်းဖေမြင့်က ပြောပြပါတယ်။

 

Most Read

Most Recent