၀ိပ္ပတ္တိတရားလေးပါး

၀ိပ္ပတ္တိတရားလေးပါး
Published 26 October 2019

၀ိပ္ပတ္တိတရား ဆိုသည်မှာ ဖောက်ပြန်ချွတ်ယွင်းခြင်း၊ ပျက်စီးခြင်းဟု အဓိပ္ပာယ်ရ၏။သတ္တဝါတို့၏ သန္တာန်၌ ရှေးရှေးဘဝပေါင်းများစွာက ပြုခဲ့သော ကံတို့သည် လွန်စွာများ ပြားရကား အကျိုးပေးရန် အခွင့်မသာ၍ အကျိုးမပေးရသေးသမျှ ခန္ဓာအစဉ်တွင် အမြဲ ပါရှိသောကြောင့် သမ္ပတ္တိဆိုက်သောအခါ ကုသိုလ်ကံ အကျိုးပေးခွင့်သာသကဲ့သို့ ၀ိပ္ပတ္တိဆိုက်သောအခါ၌လည်း အကုသိုလ်ကံ အကျိုးပေးခွင့်သာလေသည်။ ၀ိပ္ပတ္တိတရား လေးပါး ရှိသည်။ ၎င်းတို့မှာ (၁) ကာလဝိပ္ပတ္တိ - အခါကာလမကောင်းခြင်း (မင်းဆိုးမင်းယုတ် အုပ်စိုးသောအခါကာလတွင် ဖြစ်ရခြင်း)၊ (၂) ဂတိ၀ိပ္ပတ္တိ - ရရှိသောဘဝ မကောင်းခြင်း (အပါယ်လေးပါး စသည့် မကောင်းသော ဂတိတို့၌ဖြစ်ရခြင်း)၊ (၃) ဥပဓိ၀ိပ္ပတ္တိ - ရုပ်ဆင်း အင်္ဂါချို့တဲ့ခြင်းနှင့် (၄) ပယောဂဝိပ္ပတ္တိ - ဉာဏ်ဝီရိယ စသော ပယောဂ မရှိခြင်း (အသိအလိမ္မာ ဉာဏ်ပညာ၊ သတိဝီရိယ မရှိဘဲ ပြုမူ၊ ပြောဆို ကြံစည်မှု စသည့် မကောင်းသော အဖြစ်ဆိုးတို့နှင့် ကြုံဆုံရခြင်း) တို့ ဖြစ်ကြသည်။

(၁) ကာလဝိပ္ပတ္တိ - မင်းဆိုးမင်းယုတ် ခေါင်းဆောင်အညံ့စားတို့ ရှေ့သွားဦးဆောင် လုပ်လျက် အုပ်စိုးနေသည့်အခါကို ကာလဝိပ္ပတ္တိဟု ခေါ်၏။ တိုင်းပြည်ပျက်သောအခါ တိုင်းပြည်၌ စစ်ဖြစ်နေကြသောအခါများသည်လည်း ကာလဝိပ္ပတ္တိပင်တည်း။ ထိုကဲ့သို့ ကာလဝိပ္ပတ္တိ ကြုံရသောအခါ၌ ရှေးက ပါလာခဲ့သော အကုသိုလ်ကံတို့ အခွင့်သာကြသည်။လူအများပင် ဆင်းရဲငတ်မွတ်ကြရ၏။ ကုသိုလ်ကံ ကြီးမားသူတို့ပင် ထိုကုသိုလ်ကံ အခွင့် မရဘဲ ရှိသမျှ ပုန်းရ၊လျှိုးရ၊ စားချင်သည်ကို မစားရ၊ ချစ်သူနှင့် ကွေကွင်းရ၊ အချို့ မသေသင့်သော ရောဂါကလေးမျှနှင့် သင့်တော်သော ဆေး၊ ကုသပေးသည့် ဆရာ မရသောကြောင့် သေရသည်အထိ ဒုက္ခရောက်ရလေသည်။

(၂) ဂတိ၀ိပ္ပတ္တိ - အပါယ်လေးပါးကို ဂတိ၀ိပ္ပတ္တိဟုခေါ်၏။ ထိုဂတိ၀ိပ္ပတ္တိ၌ ဖြစ်သောအခါ အကုသိုလ်ကံများ အခွင့်သာ၏။ ငရဲကျရောက်သူ၊ ပြိတ္တာဖြစ်သူတို့၌ အမြဲ ဒုက္ခရောက်၊ အမြဲ အနှိပ်စက်ခံ၊ အမြဲ ပူလောင်နေရသဖြင့် အကုသိုလ်ကံများ ၀ိုင်းလျက် အကျိုး ပေးချင်တိုင်းပေးရန် အခွင့်သာကြပုံမှာ ဆိုဖွယ်မရှိ။ အထိုက်အလျောက် သက်သာသေးသည်ဟု ဆိုနိုင်သော တိရစ္ဆာန်သည်ပင် အစာငတ်၊ ရေငတ်၊ နေပူမိုးရွာ လွန်စွာဆင်းရဲ၊ တုတ် ဓား စသည်တို့ဖြင့် အရိုက်အနှက် အသတ်အဖြတ်ခံရ၊ တစ်ကောင်နှင့်တစ်ကောင် နှိပ်စက်သတ်ဖြတ် စားသောက်၊ ယင်းဒုက္ခစုကို ခံရရန် အကုသိုလ်ကံများ အကျိုးပေးခွင့် သာ၏။ အလွန်သေးငယ်သော ပိုးမွှားတိရိစ္ဆာန်များသည်ကား သွားရင်းလာရင်း သူက နင်း၊ ငါက နင်းနှင့် သေခြင်းဆိုးဖြင့် သေရန် အကုသိုလ်ကံများ အလွန့်အလွန် အခွင့်သာကြပေသည်။

(၃) ဥပဓိ၀ိပ္ပတ္တိ  - ဂတိ၀ိပ္ပတ္တိဖြစ်နေသော တိရစ္ဆာန်တို့၌ ရုပ်အဆင်း မလှမှုဟူသော ဥပဓိ၀ိပ္ပတ္တိကြောင့် ကုသိုလ်ကံ အခွင့်မရသည်မှာ ဆိုဖွယ်ရာမရှိပြီ။ ဂတိသမ္ပတ္တိဖြစ်သော လူ့ဘုံမှာပင် ဥပဓိ၀ိပ္ပတ္တိဖြစ်နေလျှင် ကုသိုလ်ကံ၏အကျိုးကို ရသင့်သလောက် မရဘဲ ရှိ တတ်၏။ အမျိုးမြတ် ဥစ္စာရှင်ပင်ဖြစ်သော်လည်း အမျိုးတူ ဥစ္စာတူသူတို့က မကြည်ဖြူနိုင်ကြ။  အလောင်းတော် ကုသမင်းကို ပဘာဝတီက တော်တော်နှင့်  မကြည်ဖြူနိုင်ခြင်းမှာ ထင်ရှားသော သက်သေ သာဓကကြီးပင်ဖြစ်၏။ ထိုသို့ ဥပဓိ၀ိပ္ပတ္တိဖြစ်နေသောအခါ အကုသိုလ်ကံတို့က စွမ်းနိုင်သမျှ အကျိုးပေးသောကြောင့် အလောင်းတော် ကုသမင်းမှာ အိုးတော်လုပ်ရ၊ ဖျာတော်ရက်ရ၊ ပွဲတော်ချက်ရနှင့် သွက်သွက်လည်အောင် ဒုက္ခခံလိုက်ရပါ သေးသည်။ ဇနီးခင်ပွန်းနှစ်ဦး ရုပ်အဆင်းချင်း ရှေ့သွားနောက်လိုက်မညီလျှင် ဥပဓိ ၀ိပ္ပတ္တိဖြစ်နေသူကို အစေခံဟုပင် အထင်ခံရတတ်သေး၏။ ရုပ်အဆင်း မလှမှုဟူသော ဥပဓိ၀ိပ္ပတ္တိကား ဤမျှလောက်ပင် ဆိုးရွားလှပေသည်။

(၄) ပယောဂဝိပ္ပတ္တိ - ဉာဏ်ပညာကင်း၍ ဖျင်းအထိုင်းမှိုင်းမှု၊ သတိကင်းပေါ့၊ မေ့လျော့မှု၊ ဝီရိယကင်း၍ ပျင်းရိမှုများသည် ပယောဂဝိပ္ပတ္တိချည်းသာ ဖြစ်၏။ ထို့အပြင် တစ်ဦးအပေါ်တစ်ဦး ဣဿာမစ္ဆရိယ အားကြီးမှု၊ အရာရာ၌ စိတ်တိုလျက် ဒေါသကြီးမှု၊ မာန်မာနကြီးမှုများသည်လည်း ကြီးပွားရေး၊ စီးပွားရေးကို နှောင့်ယှက်တတ်သဖြင့် ပယောဂ ၀ိပ္ပတ္တိများပင် ဖြစ်ကြသည်။

မည်သို့ပင်ဆိုစေ၊ မကောင်းကျိုးပေးမည့် အကုသိုလ်ကလေးများကား လူတိုင်း ကိုယ်စီ၌ ပါရှိလာတတ်ကြသော်လည်း ပညာတတ်အောင်သင်ခြင်း၊ ဥစ္စာကို တရားနည်းလမ်း အတိုင်း ရအောင် ရှာဖွေခြင်း၊ ကံငါးပါးကို မကျူးလွန်ခြင်း အစရှိသည်ဖြင့် အပြစ်ကင်းအောင် နေသူတို့၌ အကုသိုလ်ကံ ပါရှိလာသော်လည်း ထိုအကုသိုလ်ကံက အကျိုးပေးခွင့်သာမည်မဟုတ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(အောက်တိုဘာ ၂၆  ရက်ထုတ် The Daily Eleven  သတင်းစာ၏ အယ်ဒီတာ့ အာဘော်)