ကုလသမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံအားလုံး အကျိုးအတွက် ဖြစ်သည့်အပြင် အဖွဲ့၏ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ရေးအတွက် ကုလသမဂ္ဂ၏ စည်းမျဉ်းများကို တစ်ပြေးညီ လိုက်နာကျင့်သုံးရန် လိုအပ်ဟု နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြ

ကုလသမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံအားလုံး အကျိုးအတွက် ဖြစ်သည့်အပြင် အဖွဲ့၏ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ရေးအတွက် ကုလသမဂ္ဂ၏ စည်းမျဉ်းများကို တစ်ပြေးညီ လိုက်နာကျင့်သုံးရန် လိုအပ်ဟု နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြ
Published 24 October 2019

ကုလသမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံအားလုံး အကျိုးအတွက် ဖြစ်သည့်အပြင် အဖွဲ့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ရေးအတွက် ကုလသမဂ္ဂ၏ စည်းမျဉ်းများကို တစ်ပြေးညီ လိုက်နာကျင့်သုံးရန်လိုအပ်ဟု အောက်တိုဘာ ၂၄ ရက်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၇၄ နှစ်မြောက် ကုလသမဂ္ဂ နှစ်ပတ်လည်နေ့သို့ ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြထားသည်။

ယနေ့ကမ္ဘာကြီးသည် နိုင်ငံတစ်နိုင်ငံတည်းက ဖြေရှင်း၍မရသော ပြင်းထန်သည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း၊ ကုလသမဂ္ဂအနေဖြင့် ကမ္ဘာတစ်ဝန်း အများရင်ဆိုင်နေရသည့် ရာသီဥတုပြောင်းလဲမှုအပါအဝင် သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော ပြဿနာများနှင့် စိန်ခေါ်မှုများအား ဖြေရှင်းရာတွင် တစ်နေ့တခြား ပိုမိုအရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ ယင်းသို့ဖြေရှင်းရာတွင်လည်း နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် အတူတကွ လက်တွဲဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယင်းကဲ့သို့သော ပြဿနာများအတွက် ၎င်းတို့၏ စွမ်းဆောင်ရည်နှင့် အရင်းအမြစ်များအရ ဖြစ်နိုင်သည့် အတိုင်းအတာအတွင်း လက်တွေ့ကျစွာ ဖြေရှင်းဆောင်ရွက်ရေးအတွက် အဖွဲ့ဝင်နိုင်ငံတိုင်းကို ကုလသမဂ္ဂအနေဖြင့် ပံ့ပိုးပေးရန် တာဝန်ရှိကြောင်း နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် ပါရှိသည်။

“အချုပ်အခြာအာဏာ တန်းတူညီမျှမှု၊ သမာသမတ်ကျမှု၊ ဘက်မလိုက်မှုစသည့် အခြေခံမူများကို ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းတွင် ထင်ရှားစွာ ပြဋ္ဌာန်းထားပါသည်။ ယင်းအချက်ကို ထိန်းသိမ်းနိုင်မှသာလျှင် ကုလသမဂ္ဂအဖွဲ့သည် နိုင်ငံကြီးငယ်မရွေး အားလုံးအတွက်ဖြစ်သည်ဟူသည့် ဂုဏ်ကိုလည်း ထိန်းသိမ်းနိုင်မည်ဖြစ်ပါသည်။ ကုလသမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံအားလုံး အကျိုးအတွက် ဖြစ်သည့်အပြင် အဖွဲ့၏ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ရေးအတွက် ကုလသမဂ္ဂ၏ စည်းမျဉ်းများကို တစ်ပြေးညီ လိုက်နာကျင့်သုံးရန် လိုအပ်ပါသည်။ အချို့နိုင်ငံများ၏ အလိုဆန္ဒနှင့်လျော်ညီစွာ လိုက်ပါဆောင်ရွက်ခြင်းထက် လိုအပ်သည်များနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ပါသည်။ ထိုကဲ့သို့ အစွန်းတရားရောက် ရှိလာခြင်းသည် နိုင်ငံတကာစံနှုန်းများအား ယုံကြည်မှုကင်းမဲ့လာခြင်းနှင့် များမကြာမီနှစ်များက အမျိုးသားရေးဝါဒနှင့် လူထုအကျိုးကို မျှော်ရည်သောဝါဒ တိုးပွားလာခြင်းက သက်သေတစ်ခု ဖြစ်ပါသည်” ဟု နိုင်ငံတော် သမ္မတက သဝဏ်လွှာတွင် ရေးသားထားသည်။

ထို့ပြင် ကုလသမဂ္ဂအဖွဲ့ အဓွန့်ရှည်တည်တံ့ရန်အတွက် အဖွဲ့ဝင်နိုင်ငံများသည် ကုလသမဂ္ဂ အသိုက်အဝန်းအောက်တွင် တူညီသောစံနှုန်းဖြင့် ရပ်တည်ကြရမည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းသည် ကျွနု်ပ်တို့အားလုံးအတွက် လမ်းပြအဖြစ် တည်ရှိနေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂသည် ဘက်ပေါင်းစုံပါဝင်သော ကိစ္စရပ်များအတွက် အဓိကအရေးပါသည်ဟု မှတ်ယူကြောင်း၊ သို့အတွက် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ကျွနု်ပ်တို့နိုင်ငံခြားရေးမူဝါဒ၏ အလေးထားသော နေရာတွင် ထားရှိကြောင်း၊ ပြည်တွင်း စိန်ခေါ်မှုများ ကြုံတွေ့နေရသော ဒီမိုကရေစီ ဖော်ဆောင်လျက်ရှိသည့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော် တည်ဆောက်ရေးတွင် ကုလသမဂ္ဂနှင့် အတူတကွ ဆက်လက်ဆောင်ရွက်ရန် ထပ်လောင်း၍ ကတိပြုကြောင်းလည်း နိုင်ငံတော်သမ္မတက သဝဏ်လွှာတွင် ဖော် ပြထားသည်။

 

Most Read

Most Recent