သွင်းကုန်/ထုတ်ကုန် ရှင်းလင်းရေး လုပ်ငန်းစဉ်ဖြစ်သည့် MACCS စနစ်ကို ရန်ကုန်ဧရိယာနှင့် သီလဝါ အထူးစီးပွားရေးဇုန် အပါအဝင် ရေဆိပ်၊ လေဆိပ်နေရာ ၁၃ ခု၌ အသုံးပြုနေပြီး မူဆယ်နယ်စပ်တွင် ၂၀၂၀ နှစ်ကုန်ပိုင်း စတင်အသုံးပြုရန် ပြင်ဆင်လျက်ရှိ

သွင်းကုန်/ထုတ်ကုန် ရှင်းလင်းရေး လုပ်ငန်းစဉ်ဖြစ်သည့် MACCS စနစ်ကို ရန်ကုန်ဧရိယာနှင့် သီလဝါ အထူးစီးပွားရေးဇုန် အပါအဝင် ရေဆိပ်၊ လေဆိပ်နေရာ ၁၃ ခု၌ အသုံးပြုနေပြီး မူဆယ်နယ်စပ်တွင် ၂၀၂၀ နှစ်ကုန်ပိုင်း စတင်အသုံးပြုရန် ပြင်ဆင်လျက်ရှိ
မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
Published 21 October 2019
နီလာ

သွင်းကုန်/ထုတ်ကုန် ရှင်းလင်းရေး လုပ်ငန်းစဉ်ဖြစ်သည့် MACCS စနစ်ကို ရန်ကုန်ဧရိယာနှင့် သီလဝါ အထူးစီးပွားရေးဇုန် အပါအဝင် ရေဆိပ်၊ လေဆိပ်နေရာ ၁၃ ခု၌ အသုံးပြုနေပြီး မူဆယ်နယ်စပ်တွင် ၂၀၂၀ နှစ်ကုန်ပိုင်း စတင်အသုံးပြုရန် ပြင်ဆင်လျက်ရှိကြောင်း အကောက်ခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းသန့်က ပြောကြားသည်။

“MACCS စနစ်ကို ၂၀၂၀ ဘတ်ဂျက်နှစ်ကျမှ သုံးနိုင်မှာ ဖြစ်ပါတယ်။ အခုမှ ဘတ်ဂျက်နှစ်အစပဲ ရှိသေးတော့ အဲဒါလုပ်ဖို့အတွက် တင်ဒါလုပ်ငန်းစဉ်တွေ ဆောင်ရွက်နေပြီ။ ၂၀၂၀ နှစ်ကုန်လောက်မှ စနိုင်မယ်” ဟု အကောက်ခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းသန့်က ပြောကြားသည်။

သွင်းကုန်/ထုတ်ကုန် ရှင်းလင်းရေး လုပ်ငန်းစဉ်များ ရှင်းလင်းလွယ်ကူစေရန်အတွက် Myanmar Automated Cargo Clearance System (MACCS) စနစ်ကို ရန်ကုန်ဧရိယာနှင့် သီလဝါ အထူးစီးပွားရေးဇုန် အပါအဝင် ရေဆိပ်၊ လေဆိပ် နေရာ ၁၃ ခုတွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က စတင်အသုံးပြုခဲ့ကြောင်း သိရသည်။

“MACCS စနစ်ကို ကျင့်သုံးနေသော်လည်း အချို့အပိုင်းတွေမှာ Online ရော စာရွက်စာတမ်းရော အသုံးပြုနေတဲ့အတွက် မလိုလားအပ်ဘဲ အဆင်မပြေမှုတွေ ရှိနေပါတယ်။ Fully Online (Paperless) အနေနဲ့ဖြစ်အောင် ဆောင်ရွက်သင့်ပါတယ်။  အထူးသဖြင့် Payment အပိုင်းမှာလည်း Online နဲ့ ချိတ်ဆက် ဆောင်ရွက်သင့်ပါတယ်။ ဒါမှသာ Fully Online ဖြစ်ပြီး ကုန်သွယ်မှု လွယ်ကူစေမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပါဝင်သော စီးပွားရေး စကားဝိုင်းတွင် ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

“MACCS စနစ်ဟာ လက်ရှိအနေအထားအရ Fully Online မဖြစ်သေးပါဘူး။ ဖြစ်အောင်လည်း ဆောင်ရွက်နေပါတယ်။ အထူးသဖြင့် Payment ပိုင်းမှာ Bank တွေနဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေမှာ အားနည်းချက်တွေ ရှိနေပါသေးတယ်။ လက်ရှိအချိန်မှာ ကုန်သွယ်မှု တိုးတက်များပြားလာတာတွေ၊ စစ်ဆေးရေးစခန်းတွေ တိုးချဲ့ဖို့နဲ့ Dry Port တွေ တိုးချဲ့မှာ ဖြစ်တဲ့အတွက် ဝန်ထမ်းအင်အား တိုးချဲ့ဖွဲ့စည်းဖို့  လိုအပ်နေပါတယ်။ လက်ရှိအချိန်မှာလည်း ဝန်ထမ်းအင်အား နည်းပါးတဲ့အတွက် လုပ်ငန်းဆောင်ရွက်ရာမှာ  အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဝန်ထမ်းအင်အား တိုးချဲ့ဖွဲ့စည်းပေးဖို့ တင်ပြထားပါတယ်” ဟု အကောက်ခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်က ပြောကြားသည်။

“တကယ်လို့ Dry Port တွေ Bonded Warehouse တွေ လုပ်တော့မယ်ဆိုရင် ဝန်ထမ်းအင်အား မဖြစ်မနေ လိုအပ်လာမှာ ဖြစ်ပါတယ်။ နောက်တစ်ခါ ကုန်သွယ်မှု တိုးမြှင့်ဖို့အတွက် နိုင်ငံတော်က ဆောင်ရွက်နေပါတယ်။ အိမ်နီးချင်းနိုင်ငံများ နယ်စပ်ဒေသ ကုန်သွယ်မှု Border Trade နဲ့ဆက်စပ်ပြီး တိုးမြှင့်ဆောင်ရွက် နေတာတွေကြောင့် အကောက်ခွန် ဦးစီးဌာန အနေနဲ့လည်း တိုးမြှင့်ဆောင်ရွက်နေတာနဲ့အမျှ နေရာတိုင်းမှာ  ဝန်ထမ်းတွေကို ပို့ရတော့မယ်။ သင်တန်းတွေလည်း ပေးရမယ်။ တော်တော်လေး ပြောင်းလဲသင့်တာက  ဝန်ထမ်းအင်အား တိုးချဲ့ဖို့ပါပဲ။ ဝန်ထမ်းအင်အား တိုးချဲ့မှသာ ကျွန်မတို့အတွက် ကုန်သွယ်မှုမှာ  တော်တော်လေး အဆင်ပြေမယ်လို့ ထင်ပါတယ်” ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

သွင်းကုန်၊ ထုတ်ကုန်ရှင်းလင်းရေး လုပ်ငန်းစဉ်များ ရှင်းလင်းလွယ်ကူစေရန်အတွက် Myanmar Automated Cargo Clearance System (MACCS) စနစ်ကို ပထမအဆင့် အနေဖြင့် မြန်မာ-ထိုင်း နယ်စပ်ရှိ   မြဝတီနယ်စပ်၌ ၂၀၁၈ ခုနှစ် ဇွန် ၅ ရက်တွင် စတင်အသုံးပြု ဆောင်ရွက်ခဲ့ပြီး ဆက်လက်၍ အခြားနယ်စပ်များတွင် တစ်ဆင့်ပြီး တစ်ဆင့် တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်က ပြောကြားသည်။

Most Read

Most Recent