အစိုးရအဖွဲ့အပေါ် အမြင်မကြည်မှု အချို့ကြောင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းခဲ့သော်လည်း ကမ်းလွန်ရေနံနှင့် ဓာတ်သတ္တုတူးဖော်ရေး လုပ်ငန်းများ ခွင့်ပြုပေးနိုင်ပါက လက်ရှိဘဏ္ဍာနှစ်၌ မကြုံစဖူးသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စံချိန်တင် ရရှိလာနိုင်မည်ဟု MIC ဥက္ကဋ္ဌ ပြောကြား

အစိုးရအဖွဲ့အပေါ် အမြင်မကြည်မှု အချို့ကြောင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းခဲ့သော်လည်း ကမ်းလွန်ရေနံနှင့် ဓာတ်သတ္တုတူးဖော်ရေး လုပ်ငန်းများ ခွင့်ပြုပေးနိုင်ပါက လက်ရှိဘဏ္ဍာနှစ်၌ မကြုံစဖူးသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စံချိန်တင် ရရှိလာနိုင်မည်ဟု MIC ဥက္ကဋ္ဌ ပြောကြား
ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် လုပ်ငန်းရှင်များ အကြိမ် ၃၀ မြောက် တွေ့ဆုံပွဲတွင် ဦးသောင်းထွန်းက အမှာစကား ပြောကြားနေမှုအား တွေ့ရစဉ်
ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် လုပ်ငန်းရှင်များ အကြိမ် ၃၀ မြောက် တွေ့ဆုံပွဲတွင် ဦးသောင်းထွန်းက အမှာစကား ပြောကြားနေမှုအား တွေ့ရစဉ်
Published 19 October 2019
ဖြိုးဝေ

အစိုးရအဖွဲ့အပေါ် အမြင်မကြည်မှု အချို့ကြောင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းခဲ့သော်လည်း လက်ရှိဘဏ္ဍာနှစ်တွင် မကြုံစဖူးသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား ရရှိလာနိုင်မည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ဥက္ကဋ္ဌ ဦးသောင်းထွန်းက အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားသည်။

အဆိုပါ ပြောကြားချက်ကို အောက်တိုဘာ ၁၉ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပခဲ့သည့် နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် လုပ်ငန်းရှင်များ အကြိမ် ၃၀ မြောက် တွေ့ဆုံပွဲတွင် ဦးသောင်းထွန်းက ပြောကြားခဲ့ခြင်းဖြစ်ပြီး စံချိန်တင်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရရှိရန်အတွက်မူ ကမ်းလွန်ရေနံလုပ်ကွက်နှင့် ပြည်တွင်းဓာတ်သတ္တုရှာဖွေ ထုတ်လုပ်ရေး လုပ်ငန်းများ စိစစ်ခွင့်ပြုပေးနိုင်ရန် လိုအပ်သည်ဟု ဦးသောင်းထွန်းကဆိုသည်။

“တာဝန်ယူမှုရှိပြီးတော့ အရည်အသွေးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ကျွန်တော်တို့ ဖိတ်ခေါ်နေပါတယ်။ အဲဒီလို လုပ်ငန်းတွေလာလို့ ရှိရင်တော့ နိုင်ငံအတွက် အကျိုးရှိမှာ သေချာလှပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်း MIPP ကုန် ဂျပန်အစိုးရအဖွဲ့ဖြစ်တဲ့ JICA အကူအညီတောင်းပြီး ရေးဆွဲထားတာ အခုလက်တွေ့ အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။ လာမယ့် နှစ် ၂၀ အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ဘီလျံ ၂၀၀ ကျော် ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ကျွန်တော်တို့ ဒေါ်လာ ၄ ဒသမ ၂ ဘီလျံခန့်သာ ကျွန်တော်တို့ ခွင့်ပြုပေးနိုင်ခဲ့ပါတယ်။ အဓိကကတော့ ဒီနှစ်မှာ နိုင်ငံရေး အခြေအနေအရ ကျွန်တော်တို့ကို အမြင်မကြည်မှု အပိုင်းတွေ ရှိနေသလို ဒီဟာကို မြန်မာနိုင်ငံမှာ လာရောက်ပြီးတော့ ရင်းနှီးမြှုပ်နှံဖို့ နှောင့်နှေးနေတာ ရှိပါတယ်။ သို့သော် Deadline မှာ အဆိုပြုထားမှုတွေကို ကြည့်မယ်ဆိုရင် လာမယ့်နှစ်မှာ စံချိန်တင်လောက်နိုင်တဲ့ အခြေအနေရမယ်လို့ မျှော်မှန်းထားပါတယ်။ အထူးသဖြင့် ကမ်းလွန်ရေနံ လုပ်ကွက်နဲ့ ပြည်တွင်းမှာ ဓာတ်သတ္တုရှာဖွေ ထုတ်လုပ်ရေး လုပ်ငန်းတွေကို ကျွန်တော်တို့ စိစစ်ပြီးတော့ ခွင့်ပြုမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ နိုင်ငံဟာ မကြုံစဖူး FDI ကြီးကြီးမားမား ရရှိဖို့ အလားအလာကောင်းရှိကြောင်း သတင်းကောင်း ပါးလိုပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ် ဝန်ကြီးလည်းဖြစ်သူ ဦးသောင်းထွန်းက ပြောကြားသည်။

လက်ရှိအခြေအနေတွင် အစိုးရအဖွဲ့အနေဖြင့် အပြုသဘောဆောင်သော စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်လုပ်ကိုင်နေပြီး ရင်းနှီးမြှုပ်နှံမှုနှင့် FDI ဝင်ရောက်မှုနှင့် ပတ်သက်၍ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးဝန်းကျင် ဖွံ့ဖြိုးတိုးတက်မှုမှာ သိသိသာသာ အကျိုးရှိမည်ကို မျှော်လင့်ထားကြောင်းနှင့် ADB ထုတ်ပြန်ချက်အရ မြန်မာ့ GDP မှာ ၆ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုးတက်မည်ဟု ခန့်မှန်းထားမှုနှင့် ကမ္ဘာ့ဘဏ်မှ GDP ၆ ဒသမ  ၈ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားမှု များကြောင့် မြန်မာနိုင်ငံ၏ အလားအလာမှာ ကောင်းမွန်နေသည်ဟု ပြောကြားလိုကြောင်း ဦးသောင်းထွန်းက ဆက်လက် ပြောကြားသည်။

“စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အမျိုးမျိုးကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး ဝန်းကျင်ဟာ ပြောင်းလဲလာပြီဆိုတာ ကျွန်တော်တို့အားလုံး အသိပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ မျှော်မှန်းဆောင်ရွက်နေတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ဆိုတာ လက်တွေ့ဖြစ်ပေါ်လာမယ် ဆိုတာလည်း ကျွန်တော်တို့ မှန်းလို့ရပါပြီ။ လိုအပ်ချက်တွေကတော့ ရှိနေပါတယ်။ လိုအပ်ချက်ရှိနေပေမဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းများမှာ ကြိုးနီစနစ်တွေ ဖယ်ရှားပြီးတော့ အဂတိတရား ကင်းစင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေတာ  အများအသိပဲ ဖြစ်ပါတယ်။ ဒီလို ကြိုးပမ်းဆောင်ရွက်ခဲ့မှုမှာ Myanmar Companies Online ပေါ်ပေါက်အောင် ဆောင်ရွက်ခဲ့မှုဟာ ထိုမှတစ်ဆင့် စီးပွားရေး လုပ်ငန်းတစ်ခု စတင်ချိန်မှာ လိုအပ်တဲ့ လုပ်ငန်းဆိုင်ရာ မှတ်ပုံတင်မှု အဆင်ပြေစေဖို့ Electronic Registration ဖြစ်လာအောင် ဆောင်ရွက်နေမှု Standard Operation Procedure ပေါ်ထွန်းလာအောင် ဆောင်ရွက်နေမှုတွေကို အားလုံးဝိုင်းဝန်း ဆောင်ရွက်လို့ ဒီ Online စနစ်ကြီးက ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ ကြိုးပမ်းဆောင်ရွက်နေတာကို ကျွန်တော်တို့ ပြောကြားလိုပါတယ်။ ဒါ့အပြင် Project Bank တို့ Land Bank တို့ အထူးသဖြင့် ရင်းနှီးမြှုပ်နှံသူတွေကို အထောက်အကူပြုဖို့ နိုင်ငံတော်သမ္မတရုံးကနေ ဦးဆောင်ပြီးတော့ လုပ်ပေးနေတာ ရှိပါတယ်။ နိုင်ငံတော်သမ္မတရုံး ကနေပြီးတော့ Land Bank နဲ့ ပတ်သက်ပြီးတော့ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးလည်း ဖြစ်ပါတယ်” ဟု ဦးသောင်းထွန်းက ပြောကြားသည်။

ထိုသို့ လုပ်ဆောင်မှုများမှာ အစိုးရတစ်ရပ်၏ စီးပွားရေး ပတ်ဝန်းကျင် ပြောင်းလဲရေး လုပ်ဆောင်မှု များသာဖြစ်ပြီး World Bank ၏ ထုတ်ပြန်ချက်အရလည်း မြန်မာနိုင်ငံမှာ Doing Business ၏ တိုးတက်မှု အရှိဆုံး နိုင်ငံ ၂၀ တွင် ပါဝင်ခဲ့ပြီး အဆိုပါ အရာများကို ကြည့်ပါက မကြာမီရက်ပိုင်းအတွင်း ထုတ်ပြန်လာမည့် Doing Business တွင် မြန်မာနိုင်ငံ အဆင့်တက်လာမည်မှာ သေချာသလောက်ရှိကြောင်း ဦးသောင်းထွန်းက ဆိုသည်။

 

Most Read

Most Recent