ဆီးရီးယားအရှေ့မြောက်ပိုင်း၌ ထိုးစစ်ဆင်နေစဉ်အတွင်း တူရကီတပ်ဖွဲ့ဝင်များနှင့် ဆီးရီးယားသူပုန်မဟာမိတ်များသည် လက်တန်းကွပ်မျက်ခြင်းများအပါအဝင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI)က အောက်တိုဘာ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တူရကီတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၉ ရက်တွင် စတင်ခဲ့သည့် စစ်ဆင်ရေးအတွင်း ကြီးမားသည့် ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လက်တန်းသတ်ဖြတ်ခြင်းများနှင့် ဥပဒေနှင့်ဆန့်ကျင်သည့်တိုက်ခိုက်မှုများ ကျူးလွန်ခဲ့သည်ဟု AI က စွပ်စွဲခဲ့သည်။
ယင်းစွပ်စွဲချက်များသည် ဆေးဘက်ဆိုင်ရာ၊ ကူညီထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးဝန်ထမ်းများ၊ ဂျာနယ်လစ်များနှင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့သူတို့ပါဝင်သည့် လူ ၁၇ ဦး၏ သက်သေခံချက်များအပြင် ဗီဒီယိုဖိုင်များအပေါ် အခြေခံခဲ့သည်ဟု AI က ထုတ်ပြန်ခဲ့သည်။
သတင်းအချက်အလက်စုဆောင်းထားမှုတွင် တူရကီနှင့် မဟာမိတ်ဆီးရီးယား လက်နက်ကိုင်အဖွဲ့များက နေအိမ်တစ်လုံး၊ မုန့်တိုက်တစ်ခု၊ ကျောင်းတစ်ကျောင်းအပါအဝင် လူနေဒေသများကို မဆင်မခြင် တိုက်ခိုက်ခဲ့သည့် သက်သေအထောက်အထားရရှိခဲ့ကြောင်း AI က ထုတ်ပြန်ခဲ့သည်။
ကာ့ဒ်အမျိုးသမီးနိုင်ငံရေးသမား Hevrin Khalaf နှင့် ၎င်း၏ကိုယ်ရံတော်တို့ကိုလည်း တူရကီ ကျောထောက်နောက်ခံပြု လေ့ကျင့်ပေးထားသည့် ဆီးရီးယားအမျိုးသားတပ်မတော်၏အဖွဲ့ဝင်များက ကွပ်မျက်ခဲ့သည်ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ တူရကီ၏ဆီးရီးယား မဟာမိတ်များသည် ဒေသဆိုင်ရာဆေးဘက်အဖွဲ့အစည်းမှ ဝန်ထမ်းနှစ်ဦးကို ပြန်ပေးဆွဲခဲ့သည်ဟုလည်း AI က ထုတ်ပြန်ခဲ့သည်။
တူရကီက ယင်းစွပ်စွဲချက်အတွက် ချက်ချင်းတုံ့ပြန်ခဲ့ခြင်းမရှိပေ။ တူရကီ၏ စစ်ဆင်ရေးသည် ဆီးရီးယားမြောက်ပိုင်းရှိ ၎င်း၏ နယ်နိမိတ်အနီးရှိ ဒေသများမှ ကာ့ဒ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPG) များကို ဖယ်ရှားရန် ရည်ရွယ်သည်။ ယင်းထိုးစစ်အတွင်း အရပ်သား ၇၂ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဆီးရီးယားလူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီးနောက် တိုက်ခိုက်မှုများ ပြတ်တောင်းပြတ်တောင်းဖြစ်ပေါ်
ဆီးရီးယားမြောက်ပိုင်းတွင် တူရကီ၏ ကိုးရက်ကြာထိုးစစ်ကို ဆိုင်းငံ့ထားရန် အမေရိကန်က ကြားဝင်ညှိနှိုင်းပေးခဲ့သော်လည်း ဆီးရီးယားနယ်စပ်မြို့တွင် တူရကီတပ်ဖွဲ့ဝင်များနှင့် ကာ့ဒ်များအကြား ကွက်ကြားတိုက်ခိုက်မှုများ ရှိနေဆဲဖြစ်သည်။ တူရကီသမ္မတရီဆပ်တေရစ်အာဒိုဂန်နှင့် အမေရိကန် ဒုတိယသမ္မတ မိုက်ပင့်စ်တို့ အင်ကာရာတွင် တွေ့ဆုံခဲ့ပြီးနောက် တူရကီကတိုက်ခိုက်မှုများ ငါးရက်ကြာဆိုင်းငံ့ကြောင်းကို အောက်တိုဘာ ၁၇ ရက် နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ ယင်းသဘောတူညီမှုအရ ကာ့ဒ်တပ်ဖွဲ့ဝင်များသည် ၃၂ ကီလိုမီတာနက်သည့် နယ်စပ်နေရာတစ်နေရာမှ ဆုတ်ခွာပြီး တူရကီက တောင်းဆိုသည့် ဘေးကင်းလုံခြုံရေး ဇုန်တစ်ခု ဖန်တီးပေးရန်လိုအပ်သည်။
တိုက်ပွဲကြောင့် ပြီးခဲ့သည့်ရက်များအတွင်း ဆီးရီးယားအရှေ့မြောက်ပိုင်းမှ အမျိုးသမီးများနှင့် ကလေးများအပါအဝင် လူ ၁၇၀၀ ခန့်သည် အီရတ်သို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ခိုလှုံခွင့်တောင်းဆိုခဲ့သည်ဟု ကုလသမဂ္ဂက အောက်တိုဘာ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။














