ရိုဒရီဂိုရဲ့ နောက်ကျဂိုးနဲ့ ယူရို-၂၀၂၀ ခြေစစ်ပွဲအောင်ခဲ့တဲ့ စပိန်

ရိုဒရီဂိုရဲ့ နောက်ကျဂိုးနဲ့ ယူရို-၂၀၂၀ ခြေစစ်ပွဲအောင်ခဲ့တဲ့ စပိန်
Photos: Marca & Twitter
Photos: Marca & Twitter
Published 16 October 2019

■ ဆွီဒင် ၁-၁ စပိန်

စပိန်အသင်းဟာ ဆွီဒင်မြေမှာ ပွဲပြီးခါနီးအထိ ရှုံးနိမ့်ခဲ့ပေမယ့် လူစားဝင်တိုက်စစ်မှူး ရိုဒရီဂိုနဲ့ နောက်ကျဂိုးကြောင့် (၁-၁)ဂိုးနဲ့ သရေကာ ယူရိုခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။

ဆွီဒင်အသင်းဟာ အိမ်ကွင်းမှာ အနိုင်ရဖို့အတွက် အဓိကကစားသမားအစုံအလင်နဲ့ ပွဲထွက်ခဲ့ပြီး ၄-၄-၂ ကစားကွက်ကို အသုံးပြုခဲ့ပါတယ်။ စပိန်အသင်းကတော့ ဒီနေ့ပွဲမှာ ၄-၃-၁-၂ ပုံစံကို အသုံးပြုခဲ့ပြီး တိုက်စစ်မှာ အိုရာဇာဘယ်လ်နဲ့ ဂျရတ်မော်ရီနိုတို့ကို တွဲဖက်ပွဲထုတ်ကာ ဂိုးသမားနေရာမှာတော့ ဒီဟေးယားက ကစားခဲ့တာပါ။ 

စပိန်အသင်းဟာ ပွဲစကတည်းက ဘောလုံးပိုင်ဆိုင်မှုအသာစီး ရယူပြီး ဆွီဒင်အသင်းဘက်ကို ထိုးဖောက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ပွဲအစပိုင်းမှာပဲ စပိန်အသင်း ဂိုးသွင်းခွင့်တွေ ရခဲ့ပြီး ဖာဘီယန်ရုဇ်နဲ့ ကန်ချက်ကို ဆွီဒင်ဂိုးသမား အိုလ်ဆင် ပုတ်ထုတ်ကာကွယ်ခဲ့လို့ စပိန်တို့ စောစောစီးစီးဂိုး မရခဲ့တာပါ။ 

ဒါအပြင် ပထမပိုင်း မိနစ် (၂၀)လောက်အတွင်းမှာပဲ သီယာဂို၊ ဂျရတ်မော်ရီနိုတို့ အခွင့်အရေးတွေ ရခဲ့ပေမယ့် ဂိုးသမား အိုလ်ဆင် လက်စွမ်းပြခဲ့လို့ ဆွီဒင်တို့ သက်သာရခဲ့ပါတယ်။ ပွဲချိန် မိနစ် (၂၀)ကျော်လောက်မှာတော့ ဆွီဒင်အသင်းက အခွင့်အရေးတွေ ပိုမိုရရှိခဲ့ပါတယ်။ 

ဆွီဒင်ဘက်က လူစတင်ရဲ့ ကန်ချက်၊ ကွယ်ဆန်ရဲ့ ခေါင်းတိုက်ချက်တွေကို ဂိုးသမား ဒီဟေးယား လက်စွမ်းပြ ကာကွယ်ခဲ့လို့သာ စပိန်တို့ ပထမပိုင်းမှာ ဂိုးမပေးခဲ့ရတာပါ။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ ပထမပိုင်းမှာ အရှိန်ရနေတဲ့ ဆွီဒင်အသင်းဟာ ဖိကစားခဲ့ပြီး ပွဲချိန် (၅၀) မိနစ်မှာ အဖွင့်ဂိုး ရသွားခဲ့ပါတယ်။ ဖော့စ်ဘတ်ရဲ့ အနီးကပ်ကန်ချက်ကို ဒီဟေးယား ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ ဘောလုံးကို ဂိုးပေါက်ရှေ့မှာ အသင့်ရှိနေတဲ့ တိုက်စစ်မှူး မားကပ်စ်ဘက်က အနီးကပ်ခေါင်းတိုက်သွင်းယူခဲ့တာပါ။ 

ဂိုးပေးလိုက်ရပြီးနောက်မှာ စပိန်အသင်း ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ဆွီဒင်အသင်းက အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့တာကြောင့် မလွယ်ခဲ့ပါဘူး။ စပိန်အသင်းနည်းပြ ရောဘတ်မော်ရီနိုဟာ ပွဲချိန် (၆၆)မိနစ်မှာတော့ သီယာဂိုကို ထုတ်ပြီး တိုက်စစ်မှူး ရိုဒရီဂိုကို ထည့်သွင်းခဲ့ပါတယ်။

ရိုဒရီဂို ဝင်လာပြီးနောက်မှာ စပိန်အသင်း ပိုကောင်းလာပေမယ့် ဆွီဒင်အသင်းရဲ့ မာကျောတဲ့ ခံစစ်ကို ကျော်ဖြတ်နိုင်ဖို့ ရုန်းကန်ခဲ့ရသလို၊ တစ်ဖက်ကလည်း တန်ပြန်တိုက်စစ်ကနေ ဆွီဒင်ရဲ့ ဖိအားပေးမှုကို ခံခဲ့ရပါတယ်။ 

ဆွီဒင်အသင်း အနိုင်ရတော့မယ်လို့ ထင်မှတ်ခဲ့ပေမယ့် နာကျင်အချိန်ပို (၂) မိနစ်မှာတော့ စပိန်အသင်း အဖိုးတန်ချေပဂိုးရသွားခဲ့ပါတယ်။ ဖာဘီယန်ရုဇ် ဖန်တီးပေးတာကို လူစားဝင်တိုက်စစ်မှူး ရိုဒရီဂိုက အနီးကပ်အနေအထားကနေ သွင်းယူခဲ့တာပါ။ 

ဒီပွဲမှာ သရေကျခဲ့ပေမယ့် စပိန်အသင်းဟာ အုပ်စု (F) မှာ ရမှတ် (၂၀)နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပြီး ယူရိုခြေစစ်ပွဲအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ 

 

■ ယူရို-၂၀၂၀ ခြေစစ်ပွဲစဉ်များ ရလဒ်

ဖင်လန် ၃-၀ အာမေးနီးယား

ဆွစ်ဇာလန် ၂-၀ အိုင်ယာလန်

ဂျီဘရော်လ်တာ ၂-၃ ဂျော်ဂျီယာ

ဆွီဒင် ၁-၁ စပိန်

ရိုမေးနီးယား ၁-၁ နော်ဝေ

ဖာရိုးကျွန်းစုများ ၁-၀ မော်လ်တာ

အစ္စရေး ၃-၁ လတ်ဗီးယား

လက်ချင်စတိန်း ၀-၅ အီတလီ

ဂရိ ၂-၁ ဘော့စနီးယား

 

Most Read

Most Recent