ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယူအေအီးနိုင်ငံ အဘူဒါဘီမြို့သို့ အောက်တိုဘာ ၁၅ ရက်တွင် သွားရောက်စဉ်အတွင်း ရုရှားစီးပွားရေးတွင် ဒေါ်လာ ၁.၃ ဘီလျံ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများ ရရှိနိုင်ရန်အ တွက် ဆွဲဆောင်ရန် ကြိုးပမ်းခဲ့သည်။
ဆော်ဒီအာရေဗျတွင် အဓိကကျသော ရေနံသဘောတူညီချက်ကို လက်မှတ်ထိုးနိုင်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် အဘူဒါဘီသို့ ရောက်ရှိလာခဲ့သည့် ပူတင်အား အဘူဒါဘီ၏ သြဇာကြီး အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဇေယက်အယ်နာယန်က ကြိုဆိုခဲ့သည်။
ဒေါ်လာ ၁.၃ ဘီလျံကျော်တန်ဖိုးရှိ အထူးသဖြင့် စွမ်းအင်၊ အဆင့်မြင့်နည်းပညာ နှင့် အခြားကဏ္ဍများမှ သဘောတူညီချက် တစ်ဒါဇင်ကျော်ကို ထိုခရီးစဉ်အတွင်း လက်မှတ်ထိုးနိုင်ရန် ပူတင်က မျှော်လင့်ထား ကြောင်း ရုရှားက ထုတ်ပြန်ခဲ့သည်။
ပင်လယ်ကွေ့နိုင်ငံများတွင် ယူအေအီးသည် ရုရှားနှင့်ကုန်သွယ်မှု၌ ဦးဆောင်နေကြောင်း ပူတင်၏ အကြံပေး ယူရီအူရှာကော့ဗ်က ပူတင်၏ ခရီးစဉ်မတိုင်မီ ရက်အနည်းငယ် အလိုတွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုသည် ဒေါ်လာ ၁.၇ ဘီလျံအထိ တိုးတက်ခဲ့သည်။
ယူအေအီးနှင့် ရုရှားအကြား ဆက်ဆံ ရေးသည် အလွန်အမင်း တိုးတက်လာနေကြောင်း ရုရှားစီးပွားရေးဝန်ကြီး Maxim Oreshkin က အောက်တိုဘာ ၁၄ ရက်တွင် ရီယာ့ဒ်မြို့၌ သတင်းထောက်များကို ပြောကြားခဲ့သည်။
■ ရုရှားနှင့် ဆော်ဒီ ရေနံဆိုင်ရာ အဓိကသဘောတူညီချက် လက်မှတ်ရေးထိုး
ရေနံအင်အားကြီး နိုင်ငံများဖြစ်သော ဆော်ဒီအာရေဗျနှင့် ရုရှားတို့သည် နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် အဓိကသဘောတူညီချက်တစ်ခုကို အောက်တိုဘာ ၁၄ ရက်၌ လက်မှတ်ရေးထိုးခဲ့သည်။ ဆော်ဒီ ရေနံချက်စက်ရုံများ တိုက်ခိုက်ခံခဲ့ရမှုသည် မော်စကို၏ မဟာမိတ် တီဟီရန်၏ လက်ချက်ဖြစ်ကြောင်း ၀ါရှင်တန်နှင့် ရီယာ့ဒ်တို့က အပြစ်တင်ထားမှုကြောင့် ပင်လယ်ကွေ့တွင် နိုင်ငံရေးဆိုင်ရာ တင်းမာမှုမြင့် တက်နေစဉ် ပူတင်က ဆော်ဒီသို့ သွားရောက် ခဲ့ခြင်းဖြစ်သည်။
ရီယာ့ဒ်တွင် အခမ်းအနားတစ်ခု$ ပူတင်နှင့် အိမ်ရှင်ဖြစ်သူ ဆော်ဒီဘုရင် ဆယ်မန်တို့က လေကြောင်းအာကာသ၊ ယဉ် ကျေးမှု၊ ကျန်းမာရေး၊ အဆင့်မြင့်နည်းပညာ နှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတို့အား အဓိကထားသည့် ဒေါ်လာသန်းပေါင်းများ စွာ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘော တူညီချက်များစွာကို လက်မှတ်ရေးထိုးခဲ့ကြ သည်။
ထိုသဘောတူညီချက်များထဲတွင် အဓိကကျသော တစ်ခုမှာ ရေနံထုတ်လုပ် တင်ပို့သည့် နိုင်ငံများအဖွဲ့ အိုပက်နှင့် အဖွဲ့ ဝင်မဟုတ်သော နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန် သဘောတူညီခဲ့ ခြင်း ဖြစ်သည်။
မော်စကိုသည် အိုပက်အဖွဲ့ဝင် မဟုတ်သော်လည်း ၂၀၁၄ ခုနှစ်က ရေနံဈေးနှုန်း အလွန်အမင်းကျဆင်းခဲ့ပြီးနောက်ပိုင်း ရေနံထုတ်လုပ်မှုအား ကန့်သတ်ရန်နှင့် ဈေးနှုန်းကို မြှင့်တင်နိုင်ရန်အတွက် အိုပက်အဖွဲ့နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေသည်။














