မြန်မာနှင့် အမေရိကန်၊ ဂျပန်၊ ပြင်သစ်၊ နယ်သာလန်၊ လာအို၊ အိန္ဒိယနိုင်ငံများအကြား ချုပ်ဆိုထားသည့် လေကြောင်း သဘောတူစာချုပ်များအား ခေတ်နှင့်လျော်ညီသည့် စာချုပ်များအဖြစ် ပြင်ဆင်ချုပ်ဆိုရန် ညှိနှိုင်းနေ

မြန်မာနှင့် အမေရိကန်၊ ဂျပန်၊ ပြင်သစ်၊ နယ်သာလန်၊ လာအို၊ အိန္ဒိယနိုင်ငံများအကြား ချုပ်ဆိုထားသည့် လေကြောင်း သဘောတူစာချုပ်များအား ခေတ်နှင့်လျော်ညီသည့် စာချုပ်များအဖြစ် ပြင်ဆင်ချုပ်ဆိုရန် ညှိနှိုင်းနေ
နယူးဇီလန်နိုင်ငံနှင့် လေကြောင်းသဘောတူစာချုပ်အား လက်မှတ်ရေးထိုးစဉ်
နယူးဇီလန်နိုင်ငံနှင့် လေကြောင်းသဘောတူစာချုပ်အား လက်မှတ်ရေးထိုးစဉ်
Published 15 October 2019
ရွှန်းလဲ့ဝင်း

မြန်မာနှင့် အမေရိကန်၊ ဂျပန်၊ ပြင်သစ်၊ နယ်သာလန်၊ လာအိုနှင့် အိန္ဒိယနိုင်ငံများအကြား ချုပ်ဆိုထားသည့် လေကြောင်း သဘောတူ စာချုပ်များအား ခေတ်နှင့်လျော်ညီသည့် စာချုပ်များအဖြစ် ပြင်ဆင်ချုပ်ဆိုရန် ညှိနှိုင်းနေကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။

မြန်မာနိုင်ငံနှင့် လေကြောင်းခရီးစဉ် ချိတ်ဆက်ပျံသန်းရန် လေကြောင်း သဘောတူစာချုပ်များ ချုပ်ဆိုရာတွင် ပထမဆုံးအကြိမ် စတင်ချုပ်ဆိုသည့် နိုင်ငံများ ရှိသကဲ့သို့ ယခင်ရှိပြီးသား လေကြောင်း သဘောတူစာချုပ်အား ခေတ်နှင့်လျော်ညီသည့် လေကြောင်းသဘောတူ စာချုပ်အဖြစ် ပြောင်းလဲချုပ်ဆိုသည့် လေကြောင်း သဘောတူ စာချုပ်များလည်း ရှိကြောင်း သိရသည်။

နှစ်နိုင်ငံ ချုပ်ဆိုထားပြီးဖြစ်သည့် လေကြောင်းသဘောတူ စာချုပ်များအား ခေတ်နှင့်လျော်ညီသည့် လေကြောင်း သဘောတူ စာချုပ်များအဖြစ်ပြောင်းလဲချုပ်ဆိုရာတွင် လေကြောင်းလိုင်းများ ပျံသန်းခွင့်အား ဖြေလျှော့ပေးမှုများရှိပြီး Safety ပိုင်းတွင်မှု ပိုမိုတင်းကြပ်သည့် အချက်များအား ထည့်သွင်းချုပ်ဆိုကြောင်း သိရသည်။

ယင်းကဲ့သို့ ခေတ်နှင့်လျော်ညီသည့် လေကြောင်းသဘောတူ စာချုပ်များအဖြစ် ပြန်လည်ပြင်ဆင်ချုပ်ရန် ဆွေးနွေးနေသည့် နိုင်ငံများမှာ ဖိလစ်ပိုင်၊ ထိုင်း၊ ပြင်သစ်၊ နယ်သာလန်၊ အမေရိကန်၊ ဂျပန်၊ လာအို၊ အိန္ဒိယ၊ အင်ဒိုနီးရှား နိုင်ငံများဖြစ်ပြီး လေကြောင်း သဘောတူစာချုပ်အသစ် ချုပ်ဆိုထားသည့် နိုင်ငံများမှာ တူရကီ၊ နယူးဇီလန်၊ အိုမန်နှင့် မွန်ဂိုလီးယား နိုင်ငံများဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၅ ရက်က မြန်မာနိုင်ငံနှင့် လေကြောင်းခရီးစဉ် ချိတ်ဆက်ပျံသန်းရန် လေကြောင်း သဘောတူစာချုပ် ချုပ်ဆိုသည့် နိုင်ငံ ၅၀ မြောက်အဖြစ် နယူးဇီလန်နိုင်ငံနှင့် လေကြောင်းသဘောတူ စာချုပ်အား ချုပ်ဆိုခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။

အဆိုပါ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီး H.E Mr Stephen Marshall၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် နယူးဇီလန်သံရုံး (ရန်ကုန်)မှ အရာထမ်းများ၊ မြန်မာအမျိုးသား လေကြောင်းလိုင်းနှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး သဘောတူစာချုပ်ကို ဒုတိယဝန်ကြီးနှင့် သံအမတ်ကြီးတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

နယူးဇီလန်နိုင်ငံသည် မြန်မာနိုင်ငံနှင့် လေကြောင်း သဘောတူစာချုပ် ချုပ်ဆိုသည့် နိုင်ငံ ၅၀ မြောက်ဖြစ်ပြီး နှစ်နိုင်ငံအကြား ပုံမှန်ခရီးစဉ်များ ပျံသန်းနိုင်ရန် နှစ်ဖက်အစိုးရအချင်းချင်း လက်မှတ်ရေးထိုး ထားခြင်းဖြစ်ပြီး လတ်တလောတွင် နှစ်နိုင်ငံအကြား လေကြောင်းပျံသန်းရန် အစီအစဉ် မရှိသေးကြောင်း သိရသည်။

“အခုလက်မှတ် ရေးထိုးထားတဲ့ လေကြောင်း သဘောတူစာချုပ်က နှစ်နိုင်ငံအကြား ပုံမှန်ခရီးစဉ် ပျံသန်းမယ်ဆိုရင် ပျံသန်းနိုင်အောင် နှစ်ဖက်အစိုးရ အချင်းချင်း Framework Agreement အနေနဲ့ လက်မှတ်ရေးထိုးတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နယူးဇီလန်နိုင်ငံဘက်ကရော မြန်မာနိုင်ငံဘက်ကပါ နှစ်နိုင်ငံအကြား ချိတ်ဆက်ပျံသန်းမယ့် လေကြောင်းလိုင်းတော့ မရှိသေးပါဘူး” ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။

 

 

Most Read

Most Recent