ကာဂျစ္စတန်အသင်းနည်းပြဖြစ်သူ ရုရှားလူမျိုး အလက်ဇန္ဒားခရစ္စတင်းက အုပ်စုတွင်း၌ မည်သည့်အသင်းကိုမျှ လျှော့တွက်၍မရကြောင်းနှင့် အုပ်စု ပွဲစဉ်အားလုံးမှာ လွယ်ကူမည်မဟုတ်ကြောင်း ကာဂျစ္စတန်သတင်းအေဂျင်စီတစ်ခုဖြစ်သည့် KABAR.KG သတင်းဌာနသို့ ထုတ်ဖော်ပြောကြားခဲ့သည်။
ကာဂျစ္စတန်လက်ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းတို့သည် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စုပွဲစဉ်အဖြစ် အောက်တိုဘာ (၁၀)ရက် မြန်မာစံတော်ချိန် ည (၉း၃၀) နာရီတွင် ကာဂျစ္စတန်နိုင်ငံ ဘစ်ရ်ှကတ်မြို့ရှိ ပရိသတ် (၂၃၀၀၀)ဆံ့ ဒိုလန်အို မူဇာကော့ဗ်ကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အလက်ဇန္ဒားခရစ္စတင်းက ''တာဂျစ်ကစ္စတန်နဲ့ပွဲမှာ ကျွန်တော့်ကစား သမားတွေဟာ ကျွန်တော် လေ့ကျင့်ပေးထားတဲ့အတိုင်း မကစားနိုင်ခဲ့ပါဘူး။ ဘာကြောင့် ဒီလိုဖြစ်ရလဲဆိုတာကို ကျွန်တော် မေးခွန်းထုတ်ချင်ပါတယ်။ ကျွန်တော့်အနေနဲ့ တချို့ကစားသမားတွေကို အသင်းအတွက် မရွေးချယ်ခဲ့ တာမှန်ပါတယ်။ ဒါပေမဲ့ (၃၊ ၄)ဦးထက်တော့ မပိုပါဘူး။ ကျွန်တော့် အသင်းရဲ့ ကစားပုံကို မကြိုက်ပါဘူး။ ကျွန်တော်တို့ တိုက်စစ်ပိုင်းမှာ အမှားတွေရှိခဲ့ပါ တယ်။ တချို့အခွင့်အရေးတွေကိုလည်း အသုံးမချနိုင်ခဲ့ပါဘူး။ အထူးသဖြင့် ပထမပိုင်းကိုပါ။ ပြီးတော့ ကွင်းလယ်ပိုင်းလည်း ပါပါတယ်။ ကျွန် တော်မျှော်မှန်း ထားတာက ကွင်းလယ်ပိုင်းမှာ ဒီထက်ပိုပြီး အလုပ်လုပ်နိုင်မယ်လို့ ထင်ခဲ့တာ ပါ။ ကျွန်တော်တို့အုပ်စုမှာက ဘယ်အသင်းကိုမှ လျှော့တွက်လို့ မရပါဘူး။ ဘယ်အရာမဆို ဖြစ်သွားနိုင်ပါတယ်။ အိမ်ကွင်းအဝေးကွင်းတွေ အပြန်အလှန် ကစားရတာကြောင့် ရာသီဥတုနဲ့ ရေခံမြေခံအပေါ် မှာလည်း မူတည်ပါသေး တယ်။ အုပ်စုတွင်းပွဲအားလုံးကတော့ လွယ်ကူမှာမဟုတ်ပါဘူး''ဟု ပြောကြား ခဲ့ခြင်းဖြစ်သည်။
ကာဂျစ္စတန်နှင့် မြန်မာအသင်းတို့သည် အုပ်စုတွင်း၌ ဂျပန်၊ တာဂျစ်ကစ္စ တန်၊ မွန်ဂိုလီးယားအသင်းတို့နှင့်အတူ ကျရောက်နေပြီး ကာဂျစ္စတန်အသင်း မှာ အုပ်စုပထမပွဲတွင် အဝေးကွင်း၌ တာဂျစ်ကစ္စတန်အသင်းကို (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ထားသည်။
ထို့အတူ မြန်မာအသင်းမှာလည်း အုပ်စု(၂)ပွဲကစားခဲ့ရာတွင် မွန်ဂိုလီးယားအသင်းကို အဝေးကွင်း၌ (၀-၁)ဂိုး၊ ဂျပန်အသင်းကို အိမ်ကွင်း၌ (၀-၂)ဂိုးတို့ဖြင့် ရှုံးနိမ့်ထားသည်။