မန်စီးတီးအသင်းကွင်းလယ်လူ ဂွန်ဒိုဂန်က ဒေါ့မွန်အသင်းတွင် လက်တွဲခဲ့သည့် နည်းပြ ကလော့ပ်နှင့် လက်ရှိအသင်း နည်းပြ ဂွါဒီယိုလာတို့၏ခြားနက်ချက်ကို ဂျာမနီနေ့စဉ်ထုတ်သတင်းစာ Suddeutsche Zeitung သို့ ဖွင့်ဟပြောကြားခဲ့ကြောင်း သိရသည်။
ဒေါ့မွန်အသင်းတွင် ကလော့ပ်လက်အောက်၌ (၄)နှစ်ခန့် ပါဝင်ကစားခဲ့သည့် ဂွန်ဒိုဂန်က ကလော့ပ် မှာ ရုပ်ပိုင်းဆိုင်ရာအရ ဂွါဒီယိုလာထက် ပိုကြောက်စရာကောင်းကြောင်း ဖွင့်ဟခဲ့ခြင်းဖြစ်သည်။
ဂွန်ဒိုဂန်က '' သူတို့နှစ်ယောက်က မတ်တပ်ရပ်တဲ့ ကိုယ်နေဟန်ထားမှာလည်း ခြားနားပါတယ်။ စိတ်ဓာတ်ပြင်းထန်ကြသူတွေဖြစ်ပြီး လေ့ကျင့်ရေးကွင်းမှာ တစ်စက္ကန့်တောင် နားနေလို့မရပါဘူး။ ကလော့ပ်ကတော့ နည်းနည်းပိုကြောက်ဖို့ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက လူကောင်ကြီးတယ်။ အသံကျယ်တယ်။ သွားတွေဖြဲပြလေ့ရှိတယ်''ဟု ပြောကြားခဲ့သည်။
ဂွန်ဒိုဂန်သည် ဒေါ့မွန်အသင်း၌ ယာဂန်ကလော့ပ်၏လက်အောက်တွင် ၂၀၁၁ မှ ၂၀၁၅ ခုနှစ်အထိ လေးနှစ်ကြာကစားခဲ့ဖူးသူဖြစ်သည်။
၂၀၁၆ ခုနှစ်တွင် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ ဖြင့် ရောက်ရှိလာပြီး ပြီးခဲ့သည့်သြဂုတ်လကမှ အသင်းနှင့် လေးနှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုထားခဲ့သည်။