ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီသည် ချန်ပီယံလိဂ် ပြိုင်ပွဲတွင် အင်္ဂလန်ကလပ်များနှင့် တွေ့ဆုံပါက ဗြိတိန်ပြည်ဝင်ခွင့်ပိတ်ပင်ခံရမည့် အခြေအနေနှင့် ရင်ဆိုင်ရဖွယ်ရှိနေကြောင်း သိရသည်။
အသက် (၃၂)နှစ်ရှိ မက်ဆီသည် အခွန်ရှောင်တိမ်းမှုကြောင့် စပိန်အာဏာပိုင်များ၏စစ်ဆေးအရေးယူမှုခံခဲ့ပြီး လက်ရှိအချိန်တွင် ဆိုင်းငံ့ထောင်ဒဏ် (၂၁)လချမှတ်ခံထားရသူဖြစ်သည်။
ဗြိတိန်နိုင်ငံသည် EU (ဥရောပသမဂ္ဂ) ပြင်ပနိုင်ငံသားများအား ရာဇဝတ်မှုနှင့် ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံထားရသူဖြစ်နေပါက ပြည်ဝင်ခွင့်မပေးသည့်ဥပဒေထုတ် ပြန်ထားသည်။
ဘာစီလိုနာအသင်း တိုက်စစ်မှူး မက်ဆီမှာ စပိန်နှင့် အာဂျင်တီးနားပတ်စပို့တ်(၂)ခုစလုံးကို ကိုင်ဆောင်ထားသူဖြစ်သောကြောင့် ဗြိတိန်၏ဥပဒေအရ ငြိစွန်းခြင်းမရှိသော်လည်း ယခုအခါ ဗြိတိန်သည် EU အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ရန် ကြိုးပမ်းနေ၍ ယင်းဥပဒေမှာ ကစားသမားအများစုအပေါ် သက်ရောက်လာဖွယ်ရှိနေသည်။
ဗြိတိန်လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာရှေ့နေ အန်ဒရူးအော့စ်ဘူနီက "ခင်ဗျားဟာ EU အဖွဲ့ဝင်နိုင်ငံသားတစ်ယောက်ဆိုရင် ရာဇဝတ်မှု ပြစ်ချက်တွေရှိရင်တောင် ဗြိတိန်ကို သွားရောက်လည်ပတ်နိုင်ပါတယ်။ အခွန်ရှောင်တိမ်းမှုကြောင့် ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နာမည်ကျော်ဘောလုံးသမားတွေလည်း အများကြီးပါပဲ။ သူတို့က EU ပတ်စပို့တ်ကိုင်ဆောင်ထားတော့ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ဗြိတိန်သာ EU ကနေ နုတ်ထွက်ခဲ့မယ်ဆိုရင် ဒီလိုကစားသမားတွေအနေနဲ့ ပြည်ဝင်ခွင့် ပိတ်ပင်ခံရဖွယ်ရှိနေပါတယ်" ဟု သုံးသပ်ပြောကြားခဲ့သည်။