ဘူးသီးတောင်မြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် သုံးဆယ့်တစ်ဘုံ ဘုရားပရိဝုဏ်အတွင်း တပ်စွဲနေရာယူခြင်း မပြုလုပ်ရန် မြို့နယ်သံဃနာယကအဖွဲ့ မေတ္တာရပ်ခံခဲ့ပြီး တပ်စွဲထားခြင်း လုံးဝမရှိဟု တပ်မတော် တုံ့ပြန်

ဘူးသီးတောင်မြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် သုံးဆယ့်တစ်ဘုံ ဘုရားပရိဝုဏ်အတွင်း တပ်စွဲနေရာယူခြင်း မပြုလုပ်ရန် မြို့နယ်သံဃနာယကအဖွဲ့ မေတ္တာရပ်ခံခဲ့ပြီး တပ်စွဲထားခြင်း လုံးဝမရှိဟု တပ်မတော် တုံ့ပြန်
Published 3 October 2019

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် သုံးဆယ်တစ်ဘုံဘုရားပရိဝုဏ်အတွင်း တပ်စွဲနေရာယူခြင်း မပြုလုပ်ရန် ဘူးသီးတောင်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်က အောက်တိုဘာ ၁ ရက် ရက်စွဲဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံ စာပေးပို့ခဲ့ပြီး အဆိုပါနေရာတွင် တပ်စွဲထားခြင်းမျိုး လုံးဝမရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တုံ့ပြန်ပြောကြားသည်။

ဘူးသီးတောင်မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တတေဇောဘာသက အောက်တိုဘာ ၁ ရက်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ စာရေးသားပေးပို့ခဲ့ပြီး အဆိုပါစာတွင် ရှေးဟောင်းသမိုင်းဝင် သုံးဆယ့်တစ်ဘုံဘုရားပရိဝုဏ်အတွင်း တပ်စွဲနေရာယူခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံခဲ့သည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စံဂိုးထောင်ကျေးရွာတွင် တည်ရှိသော ရှေးဟောင်းသမိုင်းဝင် သုံးဆယ့်တစ်ဘုံဘုရားရင်ပြင်တွင် ဗုဒ္ဓရုပ်ပွားတော်များ၊ သာသနိကအဆောက်အဦများ၊ စစ်လက်နက်ဒဏ်ကြောင့် ပျက်စီးနေမှုများကို ဝမ်းနည်ကြေကွဲဖွယ် တွေ့မြင်နေရကြောင်း၊ ထို့ကြောင့်အဆိုပါ သာသနိကအဆောက်အအုံများ၊ ပရိဝုဏ်များအတွင်း တပ်စွဲနေရာယူခြင်းမပြုလုပ်ကြရန် မြို့နယ်သံဃနာယကအဖွဲ့အနေဖြင့် အထူးမေတ္တာရပ်ခံကြောင်း အဆိုပါစာတွင် ပါရှိသည်။

“သုံးဆယ့်တစ်ဘုံံဘုရားပေါ်မှာ တပ်လုံးဝမရှိပါဘူး။ ခုနကပြောတဲ့ သုံးဆယ့်တစ်ဘုံဘုရားမှာ AA အဖွဲ့က ၂၀၁၉ မတ်လမှာ သုံးဆယ့်တစ်ဘုံဘုရားကို လာတယ်။ လာပြီးတော့ ပစ်ကျင်းတွေ တူးတယ်။ အဲဒီအတွက်ကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာတွေရှိတယ်။ အဲဒီနောက်ပိုင်းတိုက်ပွဲဖြစ်ပွားခဲ့တာ မရှိဘူး” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အဆိုပါ ဒေသတွင် လုံခြုံရေးအရ တပ်ပြင်ဆင်ထားမှုရှိသည့်အတွက် AA အဖွဲ့အနေဖြင့် သုံးဆယ့်တစ်ဘုံဘုရားပတ်ဝန်းကျင်ရှိ စံဂိုးထောင်ကျေးရွာ၊ ဥယျာဉ်သာကျေးရွာများသို့ မဝင်ရောက်နိုင်သောကြောင့်သာ ယခုကဲ့သို့ စွပ်စွဲပြောဆိုမှုများ ရှိနေပြီး တပ်မတော်သည် ယခင်ကတည်းက အဆိုပါဘုရားဧရိယာတွင် မရှိခဲ့ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

“ယခင်ကလည်း မရှိခဲ့ဘူး။ အဲဒီအပေါ်မှာ နေလို့လည်းမရဘူး။ အဲဒီမှာ သူတို့ AA အဖွဲ့ပဲအပေါ်မှာ တက်နေပြီးတော့ ကျင်းတွေ ဘာတွေတူးထားတာရှိတယ်။ အဲဒီမှာ တက်နေလို့ ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာ။ အဲဒီအပျက်အစီးတွေကလည်း အဲဒီနောက်ပိုင်းမှာ ဖြစ်တဲ့ဟာ ဖြစ်တယ်။ ပြောရရင်တော့ သုံးဆယ့်တစ်ဘုံဘုရားဆိုတာ အဲဒီမှာရှိတဲ့ အရင်တုန်းက တပ်တွေ၊ တပ်ရင်းဌာနချုပ်တွေက အမြဲတမ်း ပြုပြင်ပေးနေတဲ့ ဘုရားဖြစ်တယ်။ အခုကျမှ တက်ပြီးတော့ အသံကောင်းဟစ်တာပေါ့” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့သည် ယခုနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်းရှိ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊မင်းပြား၊ မြောက်ဦးစသည့် မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများကြောင့် ဒေသခံအများအပြားမှာ လက်ရှိအချိန်အထိ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေသည်။

 

Most Read

Most Recent