■ ရီးယဲလ်မက်ဒရစ် ၂-၂ ကလပ်ဘရုဂေး
ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၂) ပထမနေ့ရဲ့ အစောပိုင်းပွဲစဉ်ဖြစ်တဲ့ ရီးယဲလ်မက်ဒရစ် နဲ့ ကလပ်ဘရုဂေးတို့ရဲ့ပွဲစဉ်မှာတော့ အိမ်ရှင်ရီးယဲလ်မက်ဒရစ်အသင်း ချေပဂိုးတွေနောက်ကလိုက်သွင်းပြီး (၂-၂)ဂိုးသရေနဲ့ကျေနပ်ခဲ့ရပါတယ်။
လာလီဂါမှာ အဆင့် (၁)နေရာရပ်တည်နေပြီး ယုံကြည်မှုပြန်ရနေတဲ့ကစားပုံကြောင့် အခုပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်ကိုမျှော်လင့်ခဲ့ကြပေမယ့် လက်တွေ့မှာတော့ စိတ်ပျက်စရာကောင်းတဲ့စွမ်းဆောင်ရည်ကိုပဲ တွေ့ခဲ့ရတာပါ။
အုပ်စုပွဲစဉ် (၁)မှာ PSG ကို (၃)ဂိုးပြတ်ရှုံးတဲ့တာကြောင့် ရီးယဲလ်နည်းပြ ဇီဒန်းအတွက်တော့ ချန်ပီယံလိဂ်ဟာ အစောပိုင်းမှာတင်ဖိအားများနေပြီးလို့ဆိုရမှာဖြစ်ပြီး ကစားသမားသစ် ဟာဇက်ခြေစွမ်းမပြနိုင်တာကြောင့်လည်း
ပိုပြီးစိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။
အိမ်ကွင်းမှာနိုင်ပွဲရဖို့အတွက် ဟာဇက်၊ ဘန်ဇီမာ၊ မိုဒရစ်၊ ကရို့စ်၊ ကက်စမဲရိုးတို့နဲ့ ရီးယဲလ်မက်ဒရစ်လူစုံထုတ်ပွဲထွက်ခဲ့ပေမယ့် ဧည့်သည်အသင်းရဲ့လျင်မြန်တဲ့တုံ့ပြန်မှုက အခက်တွေ့စေခဲ့တာပါ။
ပွဲအစ (၉)မိနစ်မှာပဲ ဘရုဂေးအသင်းအဖွင့်ဂိုးရသွားခဲ့ပြီး အသက် (၂၁)နှစ်အရွယ်သာရှိသေးတဲ့ အယ်လ်ဂျီးရီးယားတိုက်စစ်မှူးဒန်းနစ်က သွင်းယူပေးခဲ့တာပါ။
မထင်မှတ်ဘဲ ဂိုးပေးလိုက်ရပြီးနောက်မှာ ရီးယဲလ်တို့ ချေပဂိုးအတွက် တိုက်စစ်မြှင့်ကစားခဲ့ပေမယ့် ဘရုဂေးအသင်းရဲ့ တန်ပြန်တိုက်စစ်ကြောင့် စိတ်လွတ်ကိုယ်လွတ်ကစားခွင့်မရခဲ့ပါဘူး။
ဘရုဂေးအသင်းနဲ့ ကွင်းလယ်နဲ့ ခံစစ်က ရီးယဲလ်ရဲ့တိုက်စစ်လမ်းကြောင်းတွေကို အဆင့်ဆင့်ဟန့်တားခဲ့ပြီး အခွင့်အရေးမပေးရဖို့ကြိုးစားခဲ့ပါတယ်။
ပွဲချိန် (၃၉)မိနစ်မှာ ဘရုဂေးအသင်း ဒုတိယဂိုးရသွားခဲ့ပြီး ဒန်းနစ်ကပဲ ဟန်ချက်ပျက်သွားတဲ့ အနေအထားကနေ ဂိုးအဖြစ် ရအောင်ပြောင်းလဲပေးခဲ့ပါတယ်။
ပထမပိုင်းတစ်ပိုင်းလုံးရီးယဲလ်ခံစစ်က ဟာကွက်တွေများခဲ့ပြီး ဘရုဂေးအသင်း အခွင့်အရေးတချို့အသုံးမချနိုင်ခဲ့လို့သာ ဒီထက်ဂိုးမပြတ်ခဲ့တာပါ။
ဒုတိယပိုင်းအစမှာပဲ ရီးယဲလ်အသင်းဟာ ကော်တိုအာနေရာ အာရီယိုလာ၊ နာချိုနေရာ မာဆယ်လိုတို့ကို ထည့်သွင်းပြီး အပြောင်းအလဲလုပ်ခဲ့ပါတယ်။
(၂)ဂိုးပြတ်အရှုံးကြောင့် ရီးယဲလ်အသင်း ဒုတိယပိုင်းစတာနဲ့ ကစားကွက်စီးပြီးကစားခဲ့သလို အခွင့်အရေးတွေလည်းပြန်ရလာခဲ့ပါတယ်။
ပွဲချိန် (၅၅)မိနစ်မှာ ရီးယဲလ်အသင်း ပထမချေပဂိုးရသွားခဲ့ပြီး အသင်းခေါင်းဆောင်ရာမို့စ်က သွင်းယူပေးခဲ့တာပါ။ ဒီဂိုးမှာ လူကျွံအနေအထားရှိခဲ့ပေမယ့် VAR နဲဲ့ဆုံးဖြတ်ပြီး ဂိုးအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။
ဒီဂိုးကိုသွင်းယူခဲ့တဲ့ ရာမို့စ်ကတော့ ဘာစီလိုနာနောက်ခံလူ ပီကေးနဲ့အတူ ချန်ပီယံလိဂ်မှာ (၁၀)ရာသီဂိုးသွင်းနိုင်တဲ့ နောက်ခံလူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ချေပဂိုးတစ်ဂိုးရပြီးနောက်မှာ ရီးယဲလ်တို့ ပိုဖိအားပေးကစားခဲ့ပြီး ဘရုဂေးကတော့ ခံစစ်မှာပဲ အချိန်ကုန်ခဲ့တာပါ။
ပွဲရဲ့အလှည့်အပြောင်းဖြစ်သွားတာက (၈၄)မိနစ်မှာ ဘရုဂေးအသင်းခေါင်းဆောင် ဗောမား ဗင်နီစီယပ်စ်ကို ပြစ်ဒစ်ဘောကျူးလွန်လို့ (၂)၀ါ၊ (၁)နီနဲ့ ထုတ်ပယ်ခံရတာဖြစ်ပြီး၊ ဒီပြစ်ဒဏ်ဘောကနေ တိုနီကရို့စ်ရဲ့ပေးပို့မှုကို ကက်စမဲရိုးက လှလှပပခေါင်းတိုက်သွင်းယူခဲ့တာပါ။
လက်ကျန်မိနစ်မှာတော့ အနိုင်ဂိုးအတွက် ရီးယဲလ်တို့ တစ်ဖက်သက်ဖိကစားပြီး အခွင့်အရေးတွေရခဲ့ပေမယ့် ဘရုဂေးခံစစ်နဲ့ ဂိုးသမားမစ်ဂနိုလတ်တို့က အကောင်းဆုံးတောင့်ခံကာ ဘာနေဗျူးမှာ အဖိုးတန်သရေတစ်မှတ်ကို ရယူသွားနိုင်ခဲ့ပါတယ်။
ရီးယဲလ်အသင်းအတွက်ကတော့ နောက်တစ်ဆင့်တက်ရောက်ဖို့အတွက် လက်ကျန်အုပ်စု (၄)ပွဲမှာ ပိုပြီးဖိအားများသွားခဲ့တာတော့အမှန်ပါပဲ။















