သရုပ်ဆောင်ဇဏ်ခီနှင့် တွေ့ဆုံခြင်း

သရုပ်ဆောင်ဇဏ်ခီနှင့် တွေ့ဆုံခြင်း
Published 1 October 2019
လင်းလင်းခိုင်

ဥပါယ်တံမျဉ်ဇာတ်ကားတွင် သရုပ်ဆောင်ထားမှုအား စတင်တွေ့မြင်ခွင့် ရချိန်မှအစပြုကာ ပရိသတ် တစ်ခဲနက်အားပေးမှုကို ရရှိလာသည့် သရုပ်ဆောင်ဇဏ်ခီသည် ဇာတ်ကားတစ်ကား၏ ဇာတ်လမ်းဖန်တီးသူ၊ ဇာတ်ညွှန်း၊ ဂီတပိုင်းဆိုင်ရာ၊ သရုပ်ဆောင်ပိုင်း စသည့် ကဏ္ဍအများအပြားတွင် ပါဝင်ကာ ပြောင်မြောက်သည့် အနုပညာဖန်တီးမှုများ လုပ်ဆောင်နေသူဖြစ်သည်။ လတ်တလောတွင် သရုပ်ဆောင်ဇဏ်ခီ၏ ဇာတ်လမ်းကို ဒါရိုက်တာခရစ္စတီးနားခီရိုက်ကူးကာ သရုပ်ဆောင်ဇဏ်ခီနှင့် ပိုင်ဖြိုးသုတို့ပါဝင်ထားသည့် “Now & Ever” ဇာတ်ကားမှာ မကြာမီ ရုံတင်ပြသတော့မည်ဖြစ်သည်။ ယင်းဇာတ်ကားနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ခဲ့သည်များ၊ ဇာတ်ကားတွင် တွဲဖက်ပါဝင်ခဲ့သည့် အတွေ့အကြုံများအား မေးမြန်းဖြစ်ခဲ့သည်။

မေး -“Now & Ever” ဇာတ်ကားနဲ့ ပတ်သက်လို့ ပရိသတ်တွေကလည်း ရင်ခုန်နေကြပြီဆိုတော့ အဲဒါနဲ့ပတ်သက်လို့ ပြောပြပေးပါဦး။

ဖြေ - ရင်ခုန်တာအပြင် ရင်လည်းတုန်တယ်။ တစ်နှစ်၊ တစ်နှစ်ခွဲလောက်ကြာမှ ထွက်လာမှာဖြစ်သလို အားလုံးကလည်း ကြိုးစားထားကြတယ်။ ရိုက်ကူးသူတွေရော၊ သရုပ်ဆောင်တဲ့သူတွေပါ အရမ်းကို ကြိုးစားထားကြတယ်။ Teaser လေးတစ်ခု ထွက်လာတဲ့အချိန်မှာ ပရိသတ်ရဲ့ response က ကောင်းတဲ့အတွက် ကျွန်တော်တို့ စိတ်ချမ်းသာရတယ်။ နည်းနည်းလေး ယုံကြည်မှုရှိလာတယ်။ တစ်ဖွဲ့လုံးအနေနဲ့ ဒီဇာတ်ကားကို အရမ်းကြိုက်တယ်။ ပရိသတ်တွေလည်း ထပ်တူထပ်မျှ ကြိုက်ကြပါစေလို့ စိတ်ထဲမှာ ဆုတောင်းနေတာပေါ့။

မေး - “Now & Ever” ဇာတ်ကားက pure love ကို ပုံဖော်ထားတာဆိုတော့ ဘာကြောင့်ဒီဇာတ်လမ်းကို ရွေးချယ်ဖြစ်တာလဲ။

ဖြေ - “Now & Ever” ကတော့ပြောရမယ်ဆိုရင် inspire by true event ပေါ့နော်။ ကျွန်တော် US မှာ ရှိနေတုန်းက လင်မယားနှစ်ယောက်အကြောင်း ကြားဖူးတာရှိတယ်။ စိတ်ထဲမှာ inspiration တစ်ခု ဖြစ်နေတာပေါ့နော်။ အဲဒါလေးက ရင်ထဲမှာအမြဲရှိနေတဲ့အခါ ဥပါယ်တံမျဉ် ရိုက်ပြီးသွားတဲ့အခါ အဲဒီအကြောင်းအရာကိုရေးဖို့ စိတ်ထဲမှာ အရမ်းပြင်းပြနေတာပေါ့။ အဲဒီအကြောင်းအရာပေါ် မူတည်ပြီးတော့ ဇာတ်လမ်းကို ချဲ့လိုက်တာပေါ့နော်။ ဇာတ်လမ်းအနေနဲ့ချဲ့လိုက်တဲ့အခါ ရှိရင်းအကြောင်းအရာထက်တော့ အများကြီးပြောင်းသွားတာတော့ ရှိတယ်။ base on true event ပဲ ဖြစ်သွားတာပေါ့။

မေး - တွဲဖက်သရုပ်ဆောင်ရတဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုနဲ့ Chemistry ကိုက်ဖို့အတွက် ဘယ်လိုတွေ ပြင်ဆင်ခဲ့ရလဲ။

ဖြေ - ကျွန်တော်တို့ Character Preparation လုပ်ဖို့ Acting Workshop တွေ လုပ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်မှုတွေ Chemistry ကိုက်ဖို့ အများကြီး ကြိုးစားခဲ့ရတယ်။ Chemistry ကိုက်ဖို့က အရမ်းကြီးတော့ မကြိုးစားလိုက်ရဘူး။ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်လို့ရတဲ့ ကြိုက်တဲ့ Positive အမြင်ရှိတယ်။ ပြင်ဆင်မှုအပိုင်းကျတော့ ပိုပြီးအကျိုးရှိသွားတာပေါ့။ ရုပ်ရှင်စတဲ့အချိန်မှာ Relationship တည်ဆောက်နိုင်သွားတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင်ရှိတော့ အရမ်းကြီး လုပ်ယူရတာမျိုး မရှိတော့ဘူးပေါ့။

မေး - ဇာတ်ကားနဲ့ပတ်သက်တဲ့ အမှတ်တရဆိုရင်ရော။

ဖြေ - ဇာတ်ကားနဲ့ပတ်သက်တဲ့ အမှတ်တရတွေကတော့ အများကြီးပေါ့။ တစ်နှစ်ကျော်ကျော် အချိန်ယူပြီး လုပ်ခဲ့တာဖြစ်သလို ခရီးသွားတွေလည်းများတော့ အမှတ်တရတွေ အများကြီးပါပဲ။

မေး - ဇာတ်ကားရဲ့ပိုစတာနဲ့ပတ်သက်ပြီး တိုက်ခိုက်နေကြတဲ့အပေါ်မှာ ပြောချင်တာရှိမလား။

ဖြေ - ပိုစတာပိုင်းနဲ့ပတ်သက်လို့တော့ အများကြီးမပြောချင်ပါဘူး။ ဘယ်ပိုစတာကိုမှလည်း တိုက်ရိုက်ယူထားတာလည်းမရှိဘူး။ ဖြစ်သင့်ဖြစ်ထိုက်တယ်လို့ ထင်တဲ့အထဲကမှ ဂရပ်ဖစ်ဒီဇိုင်နာ လုပ်ပြတာတွေထဲကပဲ ရွေးလိုက်တာပါ။

မေး - ကိုဇဏ်က ဇာတ်ကားတွေထဲက Character နဲ့ ထပ်တူကျတဲ့ပုံစံမျိုး အမြဲမြင်ရတယ်နော်။

ဖြေ - ဇာတ်ညွှန်းကြောင့်လည်း အများကြီးပါသလို တစ်ယောက်နဲ့တစ်ယောက် လုပ်ယူရတာမျိုးမဟုတ်ဘဲ Natural လေးဖြစ်သွားအောင် ဇာတ်ညွှန်းက ပံ့ပိုးပေးတယ်။ Training တွေနဲ့လည်း ဆိုင်တာပေါ့။ Training တွေမှာက ဘာတွေသင်လဲဆိုရင် သရုပ်ဆောင်တွေက များသောအားဖြင့် ကိုယ့်ဘာသာဂရုစိုက်တာများတယ်။ ငါမှလှရဲ့လား၊ ဒိုင်ယာလော့ခ် မှတ်မိပါ့မလားဆိုတာမျိုးပေါ့။ ကျွန်တော်တို့ Training မှာကတော့ ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်မှု တတ်နိုင်သမျှလျှော့ပြီးတော့ ကိုယ့်ရဲ့အာရုံစိုက်မှုက ကိုယ့်ရဲ့ပါတနာပေါ်မှာ ၁၀၀ ရာခိုင်နှုန်း အာရုံစိုက်မှုရှိနေတယ်။ သူ့ကိုယ်သူ မယုံကြည်တာ ဘာမှမရှိဘူး။ အဲဒါလေးတွေပေါ့နော်။ အဲဒီတော့ ကျွန်တော်တို့နှစ်ယောက် ချိတ်ဆက်မှုရှိသွားတာကို မြင်ရတယ်လို့ ထင်ပါတယ်။

မေး - ကိုဇဏ်တို့ဖန်တီးတဲ့ ဇာတ်ကားတွေက ပြင်ပလောကနဲ့ အနီးစပ်ဆုံးပုံဖော်တယ်လို့ ပရိသတ်က အမြဲခံစားရတယ်နော်။ အဲဒီအပိုင်းနဲ့ပတ်သက်လို့လည်း ပြောပါဦး။

ဖြေ - သရုပ်ဆောင်တွေရဲ့ အဓိကရည်မှန်းချက်က သဘာဝနဲ့အနီးစပ်ဆုံး လုပ်ရတာပေါ့။ အဲဒါမှလည်း ပရိသတ်တွေက လိုက်ပြီးစီးမျောလို့ရမယ်။ နောက်ထပ် ဘာဂရုစိုက်ရလဲဆိုတော့ ပါဝင်တဲ့ကာရိုက်တာတွေက တစ်ယောက်နဲ့တစ်ယောက် ခိုင်မာနေဖို့လိုတယ်။ ဥပမာ-ဇာတ်ကားထဲမှာ ရည်းစားဆိုရင် သူတို့နောက်ပိုင်းမှာကြုံလာတဲ့ အခြေအနေတွေကို အထောက်အကူပြုဖို့က သဘာဝနဲ့နီးစပ်နေဖို့ အရမ်းလိုတယ်။

မေး - “Now & Ever” ရဲ့ ဂီတပိုင်းကိုလည်း ဖန်တီးပေးထားတယ်နော်။

ဖြေ - ဒီဇာတ်ကားမှာ ဂီတပိုင်းနဲ့ပတ်သက်လို့ ကျွန်တော်တာဝန်ယူတယ်။ ရိုက်တုန်းက ဒီလောက်အထိ သီချင်းတွေ သုံးဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ ဒါပေမဲ့ ကားဆက်ရင်းနဲ့ သီချင်းတွေကို ထည့်ကြည့်တဲ့အခါ အရမ်းလိုက်နေတော့ သီချင်းတွေ ပါလာတယ်။ ဂီတပိုင်းကို တာဝန်ယူထားတဲ့အခါကျတော့ သီချင်းတွေ ကိုယ်တိုင်စပ်ဖြစ်တယ်။ ဆိုတဲ့သီချင်းတွေချည်း ခြောက်ပုဒ်လောက်ပါသွားတဲ့အခါ Original Song Track ဆိုပြီးတော့ အခွေထွက်ဖို့ရှိတယ်။ ရုပ်ရှင်ထွက်တဲ့ကာလနဲ့ မကမ်းမလှမ်းမှာပဲ ထွက်လိမ့်မယ်။ ကျွန်တော်တို့ sign တွေ ဘာတွေ ထိုးတဲ့အချိန်ကျရင် အဲဒီအခွေလေး ထွက်ဖြစ်လိမ့်မယ်။

Most Read

Most Recent