ချင်းပြည်နယ်ရှိ ဖလမ်း (ဆူရ်ဘုန်)လေယာဉ်ကွင်း၏ လေယာဉ်ပြေးလမ်း၊ လေယာဉ်ရပ်နားရာနေရာနှင့် လေယာဉ်ဝင်ထွက်လမ်းတို့အား နိုင်လွန်ကတ္တရာခင်း တည်ဆောက်ခြင်းလုပ်ငန်းတစ်ခုလုံးကို မြန်မာကျပ်ငွေဖြင့် တင်ဒါတင်သွင်းရန် အိတ်ဖွင့်တင်ဒါခေါ်ယူ

ချင်းပြည်နယ်ရှိ ဖလမ်း (ဆူရ်ဘုန်)လေယာဉ်ကွင်း၏ လေယာဉ်ပြေးလမ်း၊ လေယာဉ်ရပ်နားရာနေရာနှင့် လေယာဉ်ဝင်ထွက်လမ်းတို့အား နိုင်လွန်ကတ္တရာခင်း တည်ဆောက်ခြင်းလုပ်ငန်းတစ်ခုလုံးကို မြန်မာကျပ်ငွေဖြင့် တင်ဒါတင်သွင်းရန် အိတ်ဖွင့်တင်ဒါခေါ်ယူ
  ဖလမ်း(ဆူရ်ဘုန်) လေဆိပ်သစ် တည်ဆောက်နေမှုကို တွေ့ရစဉ်
ဖလမ်း(ဆူရ်ဘုန်) လေဆိပ်သစ် တည်ဆောက်နေမှုကို တွေ့ရစဉ်
Published 1 October 2019
          ရွှန်းလဲ့ဝင်း

မြန်မာနိုင်ငံ၏ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ဆုံးရှိ ဖလမ်း(ဆူရ်ဘုန်) လေယာဉ်ကွင်း၏ လေယာဉ်ပြေးလမ်း၊ လေယာဉ်ရပ်နားရာနေရာနှင့် လေယာဉ်ဝင်/ထွက် လမ်းတို့အား နိုင်လွန်ကတ္တရာခင်းတည် ဆောက်ခြင်းလုပ်ငန်းတစ်ခုလုံးအား မြန်မာကျပ်ငွေဖြင့် တင်ဒါတင်သွင်းရန် အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ပြည်ထောင်စုရန်ပုံငွေဖြင့် ဖလမ်း (ဆူရ်ဘုန်) လေဆိပ်၊ လေယာဉ်ပြေးလမ်း (၆၀၀_၁၀၀) ပေ၊ လေယာဉ်ရပ် နားရန် နေရာ (၂၅၀_၂၅၀) ပေနှင့် လေယာဉ်ဝင်/ထွက်လမ်းတို့အား လေးလက်မထုနိုင်လွန် ကတ္တရာခင်းတည်ဆောက်ခြင်းလုပ်ငန်းတစ်ခုလုံးအား မြန်မာကျပ်ငွေဖြင့် တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။

တင်ဒါပုံစံများကို စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၄ ရက်အထိ ရောင်းချမည်ဖြစ်ပြီး အောက်တိုဘာ ၂၁ ရက်တွင် တင်ဒါစတင်လက်ခံမည်ဖြစ်ကာ တင်ဒါတင်သွင်းရမည့် နောက်ဆုံးရက်မှာ အောက်တိုဘာ ၂၈ ရက်ဖြစ်ကြောင်း သိရသည်။

ပင်လယ်ရေမျက်နှာပြင် ၆၀၀၀ အထက်၌ တည်ဆောက်နေသည့် ချင်းပြည်နယ်ရှိ ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ်စီမံကိန်း၏ မြေသားလုပ်ငန်းများဖြစ်သည့် မြေထိန်းနံရံတစ်ခုအပါအဝင် စီမံကိန်းလုပ်ငန်းများ၏ ၆၅ ရာခိုင်နှုန်း ပြီးစီးနေပြီး မြေထိန်းနံရံ စတင်တည်ဆောက်နေပြီဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

“ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ်ကို လေယာဉ်ပြေးလမ်း အလျားပေ ၆၀၀၀၊ အကျယ်ပေ ၁၀၀ ရှိတဲ့ ကတ္တရာခင်းပြေးလမ်း တည်ဆောက်မှာဖြစ်ပြီး တောင်ဘက်ထိပ်မှာ Safety Area ထည့်သွင်း တည်ဆောက်သွားမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မြေထိန်းနံရံတစ်ခု တည်ဆောက်ပြီးစီးသွားပါပြီ။ စီမံကိန်းလုပ်ငန်းတစ်ခုလုံးရဲ့ ၆၅ ရာခိုင်နှုန်းနီးပါး ပြီးစီးနေပါပြီ” ဟု လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန၊ လေယာဉ်ကွင်းစံချိန်စံညွှန်းနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောကြားသည်။

ကုန်းလမ်းပို့ဆောင်ရေးတစ်ခုတည်းကိုသာ အားထားနေရပြီး မိုးရာသီကာလတွင် သွားလာရေးခက်ခဲသည့် ချင်းပြည်နယ်တွင် ဖလမ်း (ဆူရ်ဘူန်) လေယာဉ်ကွင်းသစ်အား စတင်တည်ဆောက်နေပြီဖြစ်သည်။

ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ကုန်းလမ်းပို့ဆောင်ရေးလမ်းကြောင်းတစ်ခုတည်းကိုသာ အားထားနေရပြီး မိုးရာသီကာလတွင် အချို့လမ်းပိုင်းနေရာများ၌ မြေပြိုမှုများကြောင့် ပို့ဆောင်ဆက်သွယ်ရေး ပြတ်တောက်မှုများဖြစ်ပေါ်ချိန်တွင် လွယ်ကူစွာသွားလာနိုင်ရန် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ အဆိုပြုတင်ပြမှုနှင့် ချင်းပြည်နယ်မှ ပြည်သူလူထု၏ တောင်းဆိုမှုများကြောင့် ဖလမ်းမြို့တွင် လေယာဉ်ကွင်းသစ်တစ်ခု တည်ဆောက်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ်သည် ချင်းပြည်နယ် ဖလမ်းမြို့ ဆူရ်ဘုန်တောင်ကြော၊ ဖလမ်းမြို့၏ အနောက်မြောက် ၈ ဒသမ ၅ မိုင်အကွာ၊ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၆၀၀၀ တွင် တည်ရှိပြီး လေယာဉ်ပြေးလမ်း အလျား ၆၀၀၀ ပေ၊ အကျယ် ၁၀၀ ပေ၊ Flexible Pavement ပြေးလမ်းအမျိုးအစားဖြစ်ပြီး ပြေးလမ်းအရှိန်သတ်စွန်း Over Run အလျား ၂၀၀ ပေ၊ အကျယ် ၁၀၀ ပေ၊ လေယာဉ်ရပ်နားရာနေရာမှာ အလျား ၂၅၀ ပေ၊ အကျယ် ၂၅၀ ပေရှိပြီး ပြေးလမ်းခံနိုင်ရည် ပေါင် ၅၀၀၀၀ ရှိကာ ATR 72 (MTOW- 49604) ပေါင် ဆင်းသက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။