၂၀၂၀ မတိုင်မီ NLD အစိုးရ ဖြေဆိုရမည့် နိုင်ငံရေးစာမေးပွဲများ

၂၀၂၀ မတိုင်မီ NLD အစိုးရ ဖြေဆိုရမည့် နိုင်ငံရေးစာမေးပွဲများ
၂၀၁၈ ခုနှစ် ဇူလိုင် ၁၁ ရက်က ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ တတိယ အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် NLD အစိုးရအဖွဲ့မှ တာဝန်ရှိသူများအား တွေ့ရစဉ်
၂၀၁၈ ခုနှစ် ဇူလိုင် ၁၁ ရက်က ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ တတိယ အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် NLD အစိုးရအဖွဲ့မှ တာဝန်ရှိသူများအား တွေ့ရစဉ်
Published 29 September 2019
ဆန်းမိုးထွန်း

၁၉၈၉ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် စတင်တည်ထောင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် ယခုဆိုလျှင် သက်တမ်း ၃၁ နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။

NLD ပါတီကို ၁၉၈၉ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးအောင်ကြီး၊ ဟံသာဝတီဦးဝင်းတင်၊ သူရဦးတင်ဦးနှင့် ဦးအောင်ရွှေတို့က စတင်ဖွဲ့စည်းခဲ့သည်။

ယင်းကာလတွင် ဒေါ်အောင်ဆန်းစုကြည်က ပါတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ သို့သော် ဒေါ် အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျ နေသည့် ကာလများတွင် ဦးအောင်ရွှေက ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပပြီးချိန်တွင် နေအိမ်အကျယ်ချုပ်မှ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီးနောက် NLD ပါတီကို ပြန်လည်ဦးဆောင်ခဲ့သည်။

ထို့နောက် ၂၀၁၂  ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲတွင် NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၅ နေရာ ရှိသည့်အနက် ၄၃ နေရာအထိ NLD ပါတီက အနိုင်ရခဲ့သည်။

၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲသည် NLD ပါတီအတွက် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲသို့ပင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်။

မြန်မာနိုင်ငံ၌ ၂၀၁၆ ခုနှစ် ဧပြီတွင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်သည့် အရပ်သားအစိုးရ (သို့မဟုတ်) NLD အစိုးရ ပေါ်ပေါက်လာသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရတစ်ရပ် ရှိခဲ့သော်လည်း ပြည်သူလူထုက စစ်တစ်ပိုင်းအစိုးရအဖြစ် သတ်မှတ်ထားသောကြောင့် ၂၀၁၅ ရွေးကောက်ပွဲပြီးမှသာ ထွက်ပေါ်လာသည့် NLDအစိုးရကို အရပ်သားအစိုးရအဖြစ် ပြည်သူများက ရှုမြင်ကြသည်။

အဘယ်ကြောင့်ဆိုသော် ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရအဖွဲ့တွင် ယခင် ဗိုလ်ချုပ်ကြီးများက အရပ်ဝတ်လဲ၍ ပါဝင်လာသောကြောင့် ပြည်သူများမှာ စစ်တစ်ပိုင်း အစိုးရဟု ရှုမြင်ကြခြင်းဖြစ်သည်။

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီတိုက်ပွဲကို ဆင်နွှဲခဲ့ရသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်ခဲ့သည်။ ၁၉၈၈ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ စတင်တည်ဆောင်ချိန်မှစ၍ NLDပါတီသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီးလမ်းတွင် ပြည်သူများနှင့်အတူ ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရသည်။

NLD ပါတီသည် နှစ်ပေါင်း ၂၀ ကျော်ကြာ ဒီမိုကရေစီတိုက်ပွဲ ဆင်နွှဲပြီးချိန်တွင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ သောင်ပြို ကမ်းပြို အနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ရယူနိုင်ခဲ့သည်မှာ ယခုဆိုလျှင် အစိုးရသက်တမ်း သုံးနှစ်ကျော်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။

၁၉၈၈ ပါတီတည်ထောင်ချိန်မှစ၍ NLD အပေါ်၌ လူထုက မျှော်လင့်ချက်ကြီးမားစွာဖြင့် ထောက်ခံခဲ့ကြသော်လည်း အစိုးရဖြစ်ပြီး သက်တမ်း သုံးနှစ်ကျော်ရောက်ရှိလာချိန်တွင် ပြည်သူများအနေဖြင့် ထောက်ခံမှုများအစား ဝေဖန်မှုများကပို၍ ကျယ်လောင်လာခဲ့သည်။

NLD အစိုးရ၏ သက်တမ်းသုံးနှစ်ကျော်ကာလအတွင်း ဆုတ်ယုတ်လာသည့် စီးပွားရေးအခြေအနေ၊ တိုးတက်မှုနှေးကွေးသည့် ငြိမ်းချမ်းရေး၊ အစိုးရအဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်များ၊ ရခိုင်အရေးကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံတကာဖိအား၊ အရပ်သား အစိုးရလက်ထက်ဖြစ်သော်လည်း မေးခွန်းထုတ်ရမည့် လွတ်လပ်စွာပြောဆိုရေးသားခွင့်နှင့် ရွေးကောက်ပွဲကတိကဝတ်များကို အကောင်အထည် ဖော်ဆောင်နိုင်မှု စသည့် အကြောင်းအရာများသည် NLD အစိုးရအပေါ် လူထု၏ယုံကြည်မှုက လျော့ပါးစေခဲ့သည်။

ယခုကဲ့သို့သော အခြေအနေများကြောင့် NLD အစိုးရ၏ သက်တမ်းသုံးနှစ်ကျော်အတွင်း လူထုက ချီးကျူးထောက်ခံမှုများအစား ဝေဖန်မှုများကသာ ပိုများလာခဲ့ခြင်းလည်း ဖြစ်သည်။

မကြာမီကာလဖြစ်သည့် ၂၀၂၀ ပြည့်နှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ NLDအစိုးရ သက်တမ်း ငါးနှစ်သည်လည်း တစ်နှစ်ကျော်သာ ကျန်တော့သည့် အခြေအနေတွင် ရှိနေသည်။  ပြီးခဲ့သည့် NLDအစိုးရ၏ သုံးနှစ်ကျော် သက်တမ်းအတွင်း မြန်မာ့နိုင်ငံရေးသည် ထင်သလောက်ခရီးမပေါက်ခဲ့ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

ယခုဆိုလျှင် NLDအစိုးရအနေဖြင့် လက်ကျန်သက်တမ်း တစ်နှစ်ကျော်ရှိနေချိန်တွင် မြန်မာ့နိုင်ငံရေး၌ အစမ်းသပ်ခံဖြေဆိုရမည့် စာမေးပွဲများက စောင့်ကြို၍နေသည်။

 

တိုင်းရင်းသားအရေး

NLD ပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် တိုင်းရင်းသားအရေး သည် နံပါတ် (၁)  ဦးစားပေးနေရာတွင် ပါဝင်သည်။

NLD ရွေးကောက်ပွဲကြေညာ စာတမ်းတွင် တိုင်းရင်းသားအရေးနှင့် ပတ်သက်ပြီး အချက်ခြောက်ချက်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းအချက်များအနက် နံပါတ် (၃) အချက်ဖြစ်သည့် လွတ်လပ်ခြင်း၊ တူညီသောအခွင့်အရေးရရှိခြင်းနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိခြင်းတို့နှင့် ပြည့်စုံသော စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောင်ရေးကို ဦးတည်ဆောင်ရွက်မည်ဆိုသည့်အချက်ကို NLD အစိုးရအနေဖြင့် သက်တမ်း သုံးနှစ်ကျော်အတွင်း ဖော်ဆောင်နိုင်ခြင်း ရှိ မရှိ ပြန်လည်ဆန်းစစ်ရန် လိုပေသည်။

ထိုသို့ ပြန်လည်ဆန်းစစ်မည်ဆိုပါက NLD အစိုးရသက်တမ်း သုံးနှစ်ကျော်အတွင်း တိုင်းရင်းသားများ အနေဖြင့် လွတ်လပ်ခြင်း၊ တူညီသော အခွင့်အရေးရရှိခြင်းနှင့် ကိုယ့့်ကြမ္မာ ကိုယ်ဖန်တီး နိုင်ခွင့်ရှိပြီလားဆိုသည်ကို မေးခွန်းထုတ်ရဖွယ်ရှိသည်။

၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် NLD ပါတီအနေဖြင့် ပြည်ထောင်စုအစိုးရဖွဲ့နိုင်ရန် အနိုင်ရလဒ် ရရှိခဲ့သော်လည်း ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ် စသည့်တိုင်းရင်းသား မဲဆန္ဒနယ်များတွင် ရှုံးနိမ့်ခဲ့သည်။ ရှမ်းနှင့် ရခိုင်တွင် တိုင်းရင်းသားပါတီများက ကိုယ်စားလှယ်အများစု အနိုင်ရခဲ့သော်လည်း ပြည် နယ်ဝန်ကြီးချုပ် နေရာအတွက် ရွေးချယ်ခြင်း မခံခဲ့ရပေ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတက ပြည်နယ်ဝန်ကြီးချုပ်ကို ခန့်အပ်ရာတွင် NLD ပါတီအနေဖြင့် ကိုယ်စားလှယ်နေရာ အများစု အနိုင်ရသည့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်ကို ဝန်ကြီးချုပ် မခန့်အပ်ဘဲ ၎င်းပါတီမှ ကိုယ်စားလှယ်ကိုသာ ဝန်ကြီး ချုပ်ခန့်အပ်ခဲ့သည်။ ထို့ကြောင့် NLD ပါတီ ၏ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ တိုင်းရင်းသားများ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဆိုသည့်အချက်မှာ လေထဲတွင် တိုက်အိမ်ဆောက်သကဲ့သို့ ဖြစ်ခဲ့ရသည်။

နောက်ပိုင်းတွင် NLD အစိုးရနှင့် ပြည်နယ်များရှိ ဒေသခံတိုင်းရင်းသားများအကြား ပွတ်တိုက်မှုအချို့က ကြီးကြီးမားမားရှိခဲ့သည်။

ထင်ရှားသည့် ဖြစ်စဉ်အချို့ကို ပြရလျှင် မွန်ပြည်နယ်တွင် ဒေသခံတိုင်းရင်းသားများ ကန့်ကွက်ဆန္ဒပြနေသည့်ကြားက ချောင်းဆုံတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ပြောင်း၍ ဖွင့်လှစ်ခဲ့ခြင်း၊ ရခိုင်ပြည်နယ် တွင် ၂၀၁၄ ခုနှစ်မှ စတင်၍ ကျင်းပလာသည့် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးမှုအထိမ်းအမှတ် စာပေဟောပြောပွဲ တားမြစ်မှုအပေါ် ဒေသခံပြည်သူများက မကျေနပ်သည့်အတွက် လူစုလူဝေး ဖြစ်ပေါ်ခဲ့ခြင်း(ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်း သား လူစုလူဝေးအကြား ပဋိပက္ခအချို့ဖြစ် ပေါ်ခဲ့ပြီး ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းမှုကြောင့် လူခုနစ်ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိ)၊ ကယားပြည်နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ပြည်နယ်အစိုးရက စိုက်ထူသည့် အ ပေါ်တွင် ဒေသခံတိုင်းရင်းသားများက သဘောမတူသည့်အတွက် ဆန္ဒထုတ်ဖော်မှုများရှိလာခြင်း၊ ကရင်အာဇာနည်နေ့အခမ်းအနား ကျင်းပသည်ကို အာဇာနည် စကားရပ်မသုံးရန် တိုင်းအစိုးရ ပိတ်ပင်ထားသော်လည်း ရန်ကုန်မြို့တွင် ကရင်အာဇာနည်နေ့ဆိုပြီး အခမ်းအနား ကျင်းပခဲ့သည့်အတွက် ဒေါ်နော်အုန်းလှ အပါအဝင် သုံးဦးကိုတရားစွဲသည့်အပေါ် ကရင်တိုင်းရင်းသားများက ကန့် ကွက်တောင်းဆိုမှုများ ရှိလာခြင်း စသည့် ဖြစ်စဉ်များက NLDအစိုးရနှင့် ပြည်နယ်များ ရှိ ဒေသခံတိုင်း ရင်းသားများအကြား ပွတ်တိုက်မှုသဖွယ် ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် NLD ပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင်ပါဝင်သည့် လွတ်လပ်ခြင်းနှင့် တူညီသောအခွင့်အရေးရရှိခြင်းကို တိုင်းရင်းသားများ လက်တွေ့မခံစားရသေးကြောင်း ယင်းဖြစ်စဉ်များက ခိုင်လုံသောသက်သေ ပင်ဖြစ်သည်။

ထိုသို့သောအခြေအနေများကြောင့် ၂၀၁၇ နှင့် ၂၀၁၈ တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် NLD ပါတီအနေဖြင့် တိုင်းဒေသကြီး မဲဆန္ဒနယ်အများစု၌ အနိုင်ရခဲ့သော်လည်း ရှမ်း၊ ရခိုင်၊ မွန်၊ ချင်း စသည့် တိုင်းရင်းသားပြည်နယ်များရှိ မဲဆန္ဒနယ်အချို့တွင် အရေးနိမ့်ခဲ့ပြီး ဝန်ထမ်းအများစုရှိရာ ရန်ကုန်မြို့ ဆိပ်ကမ်းမဲဆန္ဒနယ်တွင်လည်း အနိုင်ရခဲ့ခြင်းမရှိခဲ့ပေ။

၂၀၂၀ ရွေးကောက်ပွဲတွင်လည်း တိုင်းရင်းသားပြည်နယ်အချို့တွင် NLD ပါတီ အနိုင်ရရှိနိုင်ခြေနည်း ပါးသည်ဟု တိုင်းရင်းသားအရေးနှင့် နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားကြသည်။

ထို့ပြင် ၁၉၉၀ ရွေးကောက်ပွဲကတည်းက NLD ပါတီနှင့်အတူ ဒီမိုကရေစီအရေးကို တိုက်ပွဲဝင်လာသည့် တိုင်းရင်းသားပါတီများနှင့်လည်း ယခုအခါတွင် မဟာမိတ်ပုံစံအနေအထားမှာ ယိုယွင်းလာသည့်အခြေအနေ ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် NLD အစိုးရ ကြွေးကြော်ထားသည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောင်ရေးသည် တိုင်းရင်းသားအချင်းချင်းအကြားတွင် စည်းလုံးညီညွတ်မှု၊ တန်းတူညီမျှမှုကို မတည်ဆောက်နိုင်ပါက လက်တွေ့ဖြစ်လာဖွယ် မရှိကြောင်း တိုင်းရင်းသားပါတီများနှင့် နိုင်ငံရေးလေ့လာသူများက သုံးသပ်မှုများ ရှိနေသည်။

 

ငြိမ်းချမ်းရေးအရှိန်

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး NLD အစိုးရအနေဖြင့် ဦးသိန်းစိန် အစိုးရထားခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းအမွေကို ဆက်ခံခဲ့သည်။

ငြိမ်းချမ်းရေးသည် NLD အစိုးရ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ပါဝင်သည့် အဓိက အချက်တစ်ချက်ဖြစ်သည်။ ထို့ပြင် အစိုးရသက်တမ်း သုံးနှစ်ကျော်ကာလအတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ငြိမ်းချမ်းရေးကိုသာ ဦးစားပေးလုပ်ဆောင်ခဲ့သည်။

NLD အစိုးရသက်တမ်း သုံးနှစ်ကျော် ကာလအတွင်း  ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံအစည်းအဝေးကို သုံးကြိမ်ကျင်းပနိုင်ခဲ့ပြီး  NCA စာချုပ်တွင် မွန်နှင့် လားဟူအဖွဲ့တို့ လက်မှတ်ရေး ထိုးနိုင်ခဲ့သော်လည်း ကျန်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုမူ NCA တွင် ပါဝင်လာရန် စည်းရုံးနိုင်ခြင်း မရှိသေးပေ။

ထို့ပြင်  ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးက သဘောတူညီချက် ၃၇ ချက်နှင့် တတိယအကြိမ် အစည်းအဝေးက သဘောတူညီချက် ၁၄ ချက် စုစုပေါင်း သဘောတူညီချက် ၅၁ ချက် ရရှိခဲ့သော်လည်း အရေးကြီးသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ဆိုင်ရာ အခြေခံမူများမှာ ပါဝင်လာခြင်း မရှိသည့်အပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ထောက်ပြကြသည်။

သို့သော် ၂၀၁၈ အတွင်း ညီလာခံတစ်ကြိမ်နှင့် ၂၀၁၉ တွင် ညီလာခံနှစ်ကြိမ် ကျင်းပသွားမည်ဖြစ်ပြီး ယင်းညီလာခံသုံးကြိမ်တွင် အရေးကြီးသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ဆိုင်ရာ အခြေခံမူများ အပြီးအပြတ်ချမှတ်၍ အနာဂတ် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအတွက် အခြေခံအုတ်မြစ် ခိုင်ခိုင်မာမာ တည်ဆောက်ပေးရန် မျှော်မှန်းထားကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာ စုပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားထားသည်။

ထိုသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင် ညီလာခံတစ်ကြိမ် ကျင်းပမည်ဆိုသည်မှာ ဖြစ်မလာသကဲ့သို့ ယခုနှစ် ၂၀၁၉ တွင်လည်း ညီလာခံနှစ်ကြိမ် ကျင်းပမည်ဆိုသည်မှာ ဖြစ်နိုင်ဖွယ်နည်း ပါးနေသည်။

ငြိမ်းချမ်းရေးအတွက် အရေးကြီးသော ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံများ ရရှိရေး ဆောင်ရွက်ရာတွင် အဆင်ပြေစေရန်ရည်ရွယ်၍ နှစ်ဖက်ခေါင်းဆောင်များ သီးသန့်အစည်းအဝေးကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်က နေပြည်တော်၌ ကျင်းပခဲ့သည်။ ယင်းထိပ်သီး အစည်းအဝေးသို့ အစိုးရဘက်မှ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ဘက်မှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

နေပြည်တော် ရွှေစံအိမ်ဟိုတယ်တွင် အောက်တိုဘာ ၁၅ ရက်မှ ၁၆ ရက် အထိ နှစ်ရက်ကြာ အစိုးရ၊ တပ်မတော်နှင့် NCA-SEAO ခေါင်းဆောင်များက သီးသန့်အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် သဘောတူညီချက်များ ချမှတ်ခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်ပါ၂၀၂၀ ပြည့်နှစ် မတိုင်မီကျင်းပရန် မျှော်မှန်းထားသည့် ညီလာခံ သုံးကြိမ်တွင် အရေးကြီးသည့် ဒီမိုကရေ စီနှင့် ဖက်ဒရယ်ဆိုင်ရာအခြေခံမူများ ချမှတ်နိုင်ရေးအတွက် လိုအပ်သည့် အချိန်ဇယားနှင့် ဦးစားပေးလုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံရေးဆွေးနွေးပွဲများတွင် သဘောတူညီမှုရရှိရန်လိုအပ်နေသည့် ကိစ္စရပ်များအား ဖြေရှင်းကျော်လွှားနိုင်ရေး၊ လက်ရှိ နိုင်ငံရေး ဆွေးနွေးမှုပုံစံကို ပိုမိုရှင်းလင်းလွယ်ကူအောင် ဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ခေါင်းဆောင်များအကြား သဘော တူညီချက်များရယူပြီး ယင်းသဘောတူညီ ချက်များကို အကောင်အထည်ဖော်ဆောင် ရွက်ရေး၊ NCA အခန်း (၅)၊ နိုင်ငံရေးလမ်း ပြမြေပုံချမှတ်ခြင်း အပိုဒ် ၂၀ (ဂ) ပါ လုံခြုံရေး ဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်းကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးမှုများ စတင်ပြုလုပ်ရေး၊ NCA လက်မှတ်မထိုးရ သေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ အားလုံးပါဝင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေး၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ရာတွင် NCA ပါ သဘောတူညီချက်များအတိုင်း ဆက်လက်ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရေးစသည့် အချက်များကိုလည်း သဘောတူညီမှု ရရှိခဲ့သည်။

ထို့ပြင် အစိုးရ၊ တပ်မတော်နှင့် NCA-SEAO ခေါင်းဆောင်များ အစည်းအဝေးကို နိုဝင်ဘာမကုန်မီ ထပ်မံ တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းထားသော်လည်း လက်ရှိအချိန်အထိ တွေ့ဆုံနို်င်ခြင်း မရှိတော့ပေ။

ထိုသို့သောအခြေအနေတွင် ရခိုင်ပြည် နယ်တွင် ရခိုင်အဖွဲ့ (AA) ၏ အကြမ်းဖက်ဝင် ရောက်တိုက်ခိုက်မှု၊ ရှမ်းပြည်နယ်တွင် မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ဖြစ်သည့် တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့် အဖွဲ့(MNDAA)နှင့် ရခိုင် အဖွဲ့ (AA) တို့၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွင် အားလုံးပါဝင်ရေးမူမှာ တစ်စထက်တစ်စ ပိုမိုဝေ၀ါးလာသည့်အခြေအနေ ရောက်လာ ခဲ့သည်။

 

ဖွဲ့စည်းပုံပြင်ဆင်ရေးခရီး

ငြိမ်းချမ်းရေးဟုပြောလျှင် ၂၀၀၈ ဖွဲ့ စည်းပုံပြင်ဆင်ရေးက နောက်တွင်ပါလာသည်။ NLD အစိုးရ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးကိုလည်း အဓိကကျသည့် အချက်အဖြစ် ဖော်ပြ ထားသည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်တွင်း ရောက်ရှိချိန်တွင် ဖွဲ့စည်းပုံကို  ပြင်ဆင်ရန်အတွက် နည်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့သည်။ လေးပွင့်ဆိုင်တွေ့ဆုံမှုမှ ဖွဲ့စည်းပုံပြင်ဆင်ရန် ကြိုးစားရာတွင် အောင်မြင်မှု မရှိခဲ့သည့်အပြင် NLD ပါတီနှင့် ၈၈ ငြိမ်းပွင့်တို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လူထုဆန္ဒကောက်ခံရာတွင် လက်မှတ် ငါးသန်းကျော်ရရှိခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။

နောက်ဆုံးတွင် သူရဦးရွှေမန်းနှင့် ပူးပေါင်းပြီး နှစ်နှစ်ကျော်အချိန်ယူကာ လွှတ်တော်တွင်း ဖွဲ့စည်း ပုံပြင်ဆင်ရန် ကြိုးပမ်းရာ၌ သမ္မတအရည်အချင်းပြဋ္ဌာန်းချက်တွင် စစ်ရေးအမြင်အစား ကာကွယ်ရေးအမြင်ဆိုသည့် စကားလုံးတစ်လုံးကိုသာ ပြောင်းလဲနိုင်ခဲ့ပြီး အဆုံးသတ်ခဲ့သည်။

ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကြိုးပမ်းခဲ့ရာတွင် မအောင်မြင်သည့်အတွက် NLD အစိုးရက ငြိမ်းချမ်းရေး ကြိုးပမ်းမှုမှ တစ်ဆင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မည့်လမ်းကို ရွေးခဲ့သည်။

သို့သော် ငြိမ်းချမ်းရေးမှတစ်ဆင့် ဖွဲ့စည်းပုံပြင်ဆင်ရန်ကြိုးပမ်းမှုသည် NLD အစိုးရ သက်တမ်းအတွင်း ဖြစ်နိုင်ခြေနည်းပါးသည့် အနေအထားဖြစ်နေသည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

ထိုသို့သောအခြေအနေတွင် NLD အနေဖြင့် လွှတ်တော်တွင် ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရန် ကြိုးပမ်းလာခဲ့သည်။ အစိုးရလက် ကျန်သက်တမ်းတစ်နှစ်ကျော်သာ ကျန်ရှိချိန်တွင် ထိုသို့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို NLD အနေဖြင့် ကြိုးပမ်းလာခြင်းသည် ၂၀၁၅ ရွေးကောက်ပွဲ ကတိကဝတ်ကို လုပ်ဆောင်ခဲ့ သည်ဆိုသည့် အဓိပ္ပာယ်ထက် မပိုနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက ဆိုသည်။

လက်ရှိတွင် ၄၅ ဦးပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဖွဲ့ စည်းထားပြီး ကော်မ တီက တင်ပြထားသည့် အချက်ပေါင်း ၃၇၆၅ ချက်ကို ဥပဒေကြမ်းအဖြစ် တင်သွင်းနိုင်ရန် အစည်းအဝေးများ ဆက်လက်ကျင်းပလျက်ရှိသည်။ သို့သော် ပူးပေါင်းကော်မတီတွင် ပါဝင်သည့် အမျိုး သားညီညွတ်သော ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် ရခိုင်အမျိုးသား ပါတီမှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးမှာ ကော်မတီမှ နုတ်ထွက်စာတင်ခဲ့သည်။

အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌမအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ဦးစိန်ဝင်းက သမိုင်းတရားခံ အဖြစ်မခံနိုင်ဟုဆိုကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ နုတ်ထွက်စာကို စက်တင်ဘာ ၂ ရက်တွင် တင်ခဲ့သည်။

အလားတူ ရခိုင်အမျိုးသားပါတီက လည်း တိုင်းရင်းသားများလိုလားသော ‘စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု’ တည် ဆောက်ရေးအခန်းကဏ္ဍမှာ ပီပြင်စွာပါဝင်နိုင်ရန် အခြေအနေမရှိတော့သည့်အပြင် ဗဟိုချုပ်ကိုင်မှုစနစ်ကျင့်သုံးပြီး လက်ရှိအာဏာရပါတီ၏ တည်မြဲရေးကိုသာ ရည်ရွယ်နေကြောင်း တွေ့မြင်လာရသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး နုတ်ထွက်ခဲ့ကြောင်း  သြဂုတ် ၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

တစ်ဖက်တွင်လည်း NLD ၏ ဖွဲ့စည်း ပုံအခြေခံပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ စည်းရန် အဆိုတင်သွင်းချိန်ကစ၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် မညီဟုဆိုကာ ကန့်ကွက်မှုများရှိခဲ့ပြီး လွှတ်တော်တွင်း NLD လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ် မတော်သား လွှတ်တော်ကိုယ်စားလှယ်များအကြား ပွတ်တိုက်မှုက ကြီးမားခဲ့သည်။ ထို့ကြောင့် NLD အနေဖြင့် အစိုးရလက်ကျန်သက်တမ်းအတွင်း အရပ်ဘက်-တပ်ဘက် ဆက်ဆံရေးကို မထိခိုက်စေရန် ဖွဲ့စည်းပုံပြင်ဆင်ရေးကို မည်သို့ဆက်လက် လုပ်ဆောင်သွားမည်ဆိုသည်မှာ စိတ်ဝင်စားစရာကောင်း လှသည်။

 

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေ

မြန်မာနိုင်ငံတွင် တပ်မတော်အစိုးရလက်ထက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြီးနောက်ပိုင်း ၂၀၁၀ တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ယင်းရွေးကောက်ပွဲတွင် တပ်မတော်မှ အရပ်ဘက် သို့ ကူးပြောင်းလာသော ဗိုလ်ချုပ်ကြီး အများစုပါဝင်သည့် ပြည်ခိုင်ဖြိုးပါတီမှာ မဲဆန္ဒနယ်အများစုတွင် အနိုင်ရရှိခဲ့ပြီး သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရတစ်ရပ်ပေါ် ထွက်လာသည်။

ဒီမိုကရေစီကို ဖော်ဆောင်ပေးမည်ဟု ပြောကြားခဲ့သည့် သမ္မတဦးသိန်းစိန်လက်ထက်တွင် စာပေကင်ပေတိုင်အဖြစ် လူသိများသည့် စာပေစိစစ်ရေးကို ဖျက်သိမ်းပေးခြင်း၊ ပုဂ္ဂလိကသတင်းစာများကို ပြန်လည်ထုတ်ဝေခွင့်ပေးခြင်း၊ သံချပ်များကို ပြန်လည်ခွင့်ပြုပေးခြင်းနှင့် ဥပဒေတစ်ရပ်ရေးဆွဲ၍ ဆန္ဒပြခြင်းကို ခွင့်ပြုပေးခဲ့သည့်အတွက် ယခင်ကထက်စာလျှင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည် အနည်းငယ်လွတ်လပ်မှုရှိလာသည်ဟု သုံးသပ်မှုများရှိခဲ့သည်။

ထိုသို့သော အခြေအနေများမှ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး NLD အစိုးရ ဖြစ်လာချိန်တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည် ဦးသိန်းစိန်အစိုးရ လက်ထက်ကထက် ပို၍လွတ်လပ်လာ နိုင်သည်ဟု အများကယုံကြည်ခဲ့ကြသည်။

ထိုသို့ ယုံကြည်ရခြင်း၏ အခြေခံ အကြောင်းတရားများကလည်း ရှိခဲ့သည်။ NLD အစိုးရ စတင်တာဝန်ယူချိန်တွင် ဦးသိန်းစိန်လက်ထက်က အမျိုးသားပညာရေးဥပဒေကြမ်းကို ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခဲ့သည့်အတွက် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး တရားရင်ဆိုင်နေရသည့် ကျောင်းသားများ၏ အမှု ကို သမ္မတသစ် ဦးထင်ကျော်က ပိတ်သိမ်း၍ ပြန်လွှတ်ပေးခဲ့သည်။

ထို့ပြင် ဦးသိန်းစိန်လက်ထက်က အစိုးရကို ဆန္ဒပြခြင်းကြောင့် နိုင်ငံရေးပုဒ်မများဖြင့် အကျဉ်းကျနေသည့် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ အလုပ်သမားနှင့် လယ်သမားများကိုလည်း လွတ်ငြိမ်းချမ်းသာ ခွင့် ပေးခဲ့သည်။

ထိုသို့ လုပ်ဆောင်မှုများသည် NLD အစိုးရလက်ထက် ကနဦးအစတွင် လွတ်လပ်စွာထုတ် ဖော်ပြောဆိုခွင့်အတွက် ကောင်းမွန်သည့် ခြေလှမ်းများဖြစ်သည်ဟု သုံးသပ်မှုများ ရှိခဲ့သည်။

သို့သော် NLD ဦးဆောင်သော အရပ်သားအစိုးရလက်ထက် သက်တမ်း သုံးနှစ် ကျော်ရောက်ရှိချိန်တွင် မြန်မာနိုင်ငံ၏ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်သည် ယခင်အခြေအနေများထက် ဆိုးရွားလာသည် ဟု အရပ်ဘက်အဖွဲ့အစည်းများက ထုတ်ပြန်သော သုတေသနစာတမ်းများက ဆိုသည်။

၂၀၁၉ သြဂုတ်လကုန်အထိ မြန်မာနိုင်ငံတွင် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူနှင့် ထောင်ပြင်ပမှ တရားရင်ဆိုင်နေရသူ စုစုပေါင်း ၆၃၀ ရှိ ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်သည်။

လက်ရှိ အကျဉ်းကျခံ နိုင်ငံရေးအကျဉ်း သား ၅၀ ရှိပြီး တက်ကြွလှုပ်ရှားသူ ၁၇၉ ဦး ထောင်တွင်းမှ တရားရင်ဆိုင်နေရကာ ၄၀၁ ဦးသည် ထောင်ပြင်ပမှ တရားရင်ဆိုင်နေရ သည်ဟု AAPP အစီရင်ခံစာ အရ သိရသည်။

သြဂုတ်လအတွင်း တရားစွဲဆိုခံရသူ ၁၁၉ ဦးရှိရာတွင် ရာဇသတ်ကြီးဥပဒေ၊ အ ကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ၊  ငြိမ်းစုစီဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ ပြည်သူပိုင်ဖျက်ဆီးမှု ဥပဒေ စသည့်ဥပဒေများ ပါပုဒ်မများဖြင့် စွဲဆိုခံရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိိသည်။

ငြိမ်းစုစီဥပဒေ၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ  ၅၀၅ (က)၊ (ခ)၊ ဆက်သွယ်ရေးဥပဒေနှင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေတို့သည် တက်ကြွလှုပ်ရှားသူများကို ကန့်သတ်သည့် ဥပဒေဖြစ်လာသည်ဟု AAPP က ဆိုသည်။

နိုင်ငံအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၏ လက်ရှိအခြေအနေသည် ပိုမိုတင်းကျပ်သည့် အနေအထားသို့ ဦးတည်လျက်ရှိပြီး ထိုအခြင်းအရာကို ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်တစ်နှစ်ချ မှတ်ခံရသည့် ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ 7 July ချီတက်လမ်းလျှောက်မှုကြောင့် ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်ခံရသည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ဖြစ်စဉ်တို့က ထင်ရှားစွာပြသလျက်ရှိသည်ဟု AAPP အစီရင်ခံစာက ဖော်ပြသည်။

NLD အစိုးရလက်ထက်တွင် ဧည့်စာရင်း တိုင်ရမည့်ပုဒ်မများကို ဖျက်သိမ်းခြင်း၊ နိုင်ငံရေးသမားများကို အချိန်မရွေးဖမ်းဆီးထောင်ချနိုင်သည့် ပုဒ်မ ၅ (ည) လို ဥပဒေကို ဖျက်သိမ်းခြင်းများရှိခဲ့သော်လည်း ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရာ၌ ပုဒ်မ ၆၆ (ဃ)ကို မပယ်ဖျက်ခဲ့ခြင်း၊ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပိုမိုတင်းကျပ်သည့် အခြေအနေဖြစ်ရန် ဖန်တီးပြင်ဆင်ခြင်း၊ ရန်ကုန်တိုင်းဒေသကြီး ၁၁ မြို့နယ်တွင် ဆန္ဒထုတ်ဖော်ခွင့်ပိတ်ပင်ခဲ့ခြင်း၊ လူမှုကွန်ရက်များကို အစိုးရက စောင့်ကြည့်ထိန်းကျောင်းခြင်း၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံ မှုကိုကာကွယ်ပေးရေးဥပဒေဖြင့် တရားစွဲခြင်း၊ ဆွေးနွေးပွဲ၊ ဆုတောင်းပွဲများနှင့် ကဗျာရွတ်ဆိုပွဲများကိုပါ ပိတ်ပင်မှုရှိလာခြင်းနှင့် သတင်းသမားများကို တရားစွဲဆို ထောင်ချခံရမှုများ များပြားလာခြင်း စသည့်အချက်များကြောင့်  ထိုသို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကျဆင်းလာရခြင်းဖြစ်ကြောင်း အသံအဖွဲ့က ထုတ်ဝေခဲ့သည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် (အစိုးရသက်တမ်းဝက် အစီရင်ခံစာ)တွင် ဖော်ပြထားသည်။             

Most Read

Most Recent