ဝက်စ်ဟမ်းအသင်းအား (၀-၂)ဂိုးဖြင့် အရေးနိမ့်ခဲ့သည့်ပွဲတွင် ပေါင်ခြံဒဏ်ရာရရှိခဲ့သည့် မန်ယူတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်၏ ဒဏ်ရာအခြေအနေကို ယနေ့သိရှိရဖွယ်ရှိကြောင်း သိရသည်။
ဝက်စ်ဟမ်းနှင့်ပွဲအပြီးတွင် မန်ယူနည်းပြ ဆိုးလ်ရှားက '' သူ့ရဲ့အခြေအနေ ဘယ်လောက်ဆိုးသလဲဆိုတာ ကျွန်တော် မသိနိုင်ပါဘူး။ ပြီးတော့ ကျွန်တော်က ဆရာဝန်တစ်ယောက်လဲ မဟုတ်ပါဘူး။ မနက်ဖြန်ကျရင် သူ့ရဲ့ဒဏ်ရာကို Scan ဖတ်ဖို့ရှိပါတယ်။ အကြောင်းစုံသိရတဲ့အချိန်မှာ အသိပေးသွားမှာပါ။ မာဆန်(ဂရင်းဝုဒ်)၊ အန်သိုနီ(မာစီယဲလ်)တို့ မကြာမီပြန်ကောင်းလာဖို့ မျှော်လင့်ပါတယ်။ တခြားကစားသမားနှစ်ယောက်က မကစားနိုင်ချိန်မှာ အခု ရပ်ရှ်ဖို့ဒ်ရဲ့ဒဏ်ရာရခဲ့တာက ကျွန်တော်တို့အတွက် ကံမကောင်းတာပါပဲ'' ဟု ပြောကြားခဲ့သည်။

မန်ယူတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်မှာ ဒဏ်ရာရရှိသွားခဲ့ပြီး ပွဲချိန်(၆၁)မိနစ်၌ ကွင်းလယ်လူ လင်ဂတ်နှင့် လူစားလဲခဲ့ရသည်။
မန်ယူအသင်းတွင် တိုက်စစ်မှူး မာစီယဲလ်မှာ ပေါင်ဒဏ် ရာရရှိနေပြီး လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်မှာလည်း လည်ချောင်းနာဝေဒနာကြောင့် ဝက်စ်ဟမ်း - မန်ယူပွဲတွင် ပါဝင်နိုင်ခြင်းမရှိပေ။

ယခု ရပ်ရှ်ဖို့ဒ်ပါ ဒဏ်ရာရရှိသွားခဲ့ရာ မန်ယူအသင်းအနေဖြင့် တိုက်စစ်ပြဿနာကို ရင်ဆိုင်ရလျက်ရှိနေသည်။
လက်ရှိမန်ယူအသင်းတွင် လုခ်ရှော၊ ဘာယီ၊ ပေါ့ဘာ၊ ဖိုဆူမန်ဆာအစရှိသည့် ကစားသမားများမှာလည်း ဒဏ်ရာပြဿနာများရှိနေကြပြီး အသင်းတွင် ဒဏ်ရာရကစားသမားအရေအတွက်မှာ (၇)ဦးအထိ ရှိနေကြောင်း သိရှိရသည်။
မန်ယူအသင်းတွင် ဒဏ်ရာပြဿနာရှိနေကြသူများ
ကစားသမား နေရာ ဒဏ်ရာ မှတ်ချက်
ဘာယီ နောက်တန်း ဒူး ကာလရှည်အနားယူနေရပြီး ယခုနှစ်ကုန်ပိုင်းအထိ ပြန်ကစားနိုင်ဖွယ်မရှိ။
လုခ်ရှော နောက်တန်း ပေါင် ယခုလကုန်ပိုင်းတွင် အသင်းလူစာရင်း၌ ပြန်လည်ပါဝင်ဖွယ်ရှိသည်။
မာစီယဲလ် ရှေ့တန်း ပေါင် ယခုလကုန်ပိုင်းတွင် အသင်းလူစာရင်း၌ ပြန်လည်ပါဝင်ဖွယ်ရှိသည်။
ပေါ့ဘာ ကွင်းလယ် ခြေချင်းဝတ် ဒဏ်ရာသက်သာလာပြီး ရက်ပိုင်းအတွင်း ပြန်လည်ပါဝင်ဖွယ်ရှိသည်။
ဂရင်းဝုဒ် ရှေ့တန်း လည်ချောင်းနာ ရက်ပိုင်းအတွင်း အသင်းလူစာရင်းတွင် ပြန်လည်ပါဝင်ဖွယ်ရှိသည်။
ဖိုဆူမန်ဆာ နောက်တန်း ဒူး ဒဏ်ရာပြင်းထန်၍ ပြန်ကစားနိုင်မည့်ရက်ကို မသတ်မှတ်နိုင်သေး။
ရပ်ရှ်ဖို့ဒ် ရှေ့တန်း ပေါင် ဒဏ်ရာအား စစ်ဆေးဆဲဖြစ်ပြီး ပြန်ကစားနိုင်မည့်ရက် မသိရှိရသေး။















