၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသော်လည်း ၁၀ လဆက်တိုက် ခန့်မှန်းနှုန်းထက် ၁ ဒသမ ၅၃ ရာခိုင်နှုန်းမှ ၃ ဒသမ ၅၄ ရာခိုင်နှုန်းအထိမြင့်တက်

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသော်လည်း ၁၀ လဆက်တိုက် ခန့်မှန်းနှုန်းထက် ၁ ဒသမ ၅၃ ရာခိုင်နှုန်းမှ ၃ ဒသမ ၅၄ ရာခိုင်နှုန်းအထိမြင့်တက်
  ရန်ကုန်မြို့ရှိ စီးတီးမတ်တစ်ခုတွင် ရောင်းနေသော စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ စီးတီးမတ်တစ်ခုတွင် ရောင်းနေသော စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများကို တွေ့ရစဉ်
Published 23 September 2019

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၁၀ လ ဆက်တိုက် ခြောက်ရာခိုင်နှုန်း ကျော်မှ  ရှစ်ရာခိုင်နှုန်းကျော်အထိ ဖြစ်နေပြီး ခန့်မှန်းနှုန်းထား ၄ ဒသမ ၈၁ ရာခိုင်နှုန်းထက် ၁ ဒသမ ၅၃ ရာခိုင်နှုန်းမှ ၃ ဒသမ ၅၄ ရာခိုင်နှုန်း မြင့်တက်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန် သောစာရင်းများအရ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသော်လည်း ဘဏ္ဍာနှစ် အစပိုင်းလများဖြစ်သော အောက်တိုဘာတွင် ၆ ဒသမ ၃၄ ရာခိုင်နှုန်း၊ နိုဝင်ဘာတွင် ၆ ဒသမ ၆၆ ရာခိုင် နှုန်း၊ ဒီဇင်ဘာတွင် ၆ ဒသမ ၈၆ ရာခိုင်နှုန်း၊ ဇန်နဝါရီတွင် ၆ ဒသ မ ၉၄ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီတွင် ၇ ဒသမ ၀၇ ရာခိုင်နှုန်း၊ မတ်တွင် ၇ ဒသမ ၂၈ ရာခိုင်နှုန်း၊ ဧပြီတွင် ၇ ဒသမ ၅၁ ရာခိုင်နှုန်း၊ မေ တွင် ၇ ဒသမ ၈၂ ရာခိုင်နှုန်း၊ ဇွန်တွင် ၈ ဒသမ ၀၈ ရာခိုင်နှုန်း၊ ဇူလိုင်တွင် ၈ ဒသမ ၃၅ ရာခိုင်နှုန်းအထိရှိနေကာ ၂၀၁၈ ခုနှစ် ဧပြီမှ ၂၀၁၉ ခုနှစ် ဇူလိုင်အထိ ၁၆ လဆက်တိုက် ငွေကြေးဖောင်းပွ မှုနှုန်းမြင့်တက်နေခြင်းဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၁၀ ရာခိုင်နှုန်းနှင့် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထား ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွင်း ဧပြီမှစ၍ ၂၀၁၉ ခုနှစ် ဇူလိုင်အထိ ငွေကြေး ဖောင်းပွမှုနှုန်း ၁၅ လ ဆက်တိုက်မြင့်တက်ခဲ့ရာ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် မျှော်မှန်းထား သည့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်းဖြစ်ပေါ်ခဲ့ သော ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း နှိုင်းယှဉ်ပါက သုံးရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ် ဇူလိုင်၏ ပျမ်း မျှငွေကြေး ဖောင်းပွမှုနှုန်းမှာ ၈ ဒသမ ၃၅ ရာခိုင်နှုန်းဖြစ် ပြီး ၂၀၁၉ ခုနှစ် ဇွန်လရှိ ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၀၈ ရာခိုင်နှုန်းဖြင့် နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်း ဆက်လက်မြင့်တက်လာခြင်းဖြစ်ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂  ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူ စျေးဆနှုန်းအပေါ် အခြေခံတွက် ချက်ထားသော ငွေကြေးဖောင်းပွမှု နှုန်းမှာ ၂၀၁၉ ခုနှစ် ဇူလိုင်အထိ တစ်နှစ် ပျမ်းမျှ ၈ ဒသမ ၃၅ ရာခိုင် နှုန်းရှိပြီး နှစ်အလိုက်ငွေကြေး ဖောင်းပွမှုနှုန်း (Year on Year Inflation)  မှာ ၁၀ ဒသမ ၈၇ ရာခိုင် နှုန်းရှိကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း မကွေးတိုင်းဒေသကြီးတွင် ၁၂ ဒသမ ၄၃ ရာခိုင်နှုန်း ဖြင့် ပျမ်းမျှငွေ ကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့ပြီး မန္တလေးမြို့တွင် ၉ ဒသမ ၉၆ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့် ဆုံးဖြစ်ခဲ့ကာ မွန်ပြည်နယ်တွင် ၉ ဒသမ ၉၁ ရာခိုင်နှုန်းဖြင့် တတိယ အမြင့်ဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဇူလိုင်လအထိ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း မှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၅ ဒသမ ၂၄ ရာခိုင်နှုန်းဖြင့်      ပြောင်းလဲ မှုအများဆုံးဖြစ်ပေါ်ခဲ့ပြီး ကချင် ပြည်နယ်တွင် ၄ ဒသမ ၁၈ ရာခိုင် နှုန်းဖြင့်  ပြောင်းလဲမှု ရာခိုင်နှုန်း အနည်း ဆုံးဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်း အင်းအဖွဲ့က ထုတ်ပြန် ထားသည်။

တစ်နိုင်ငံလုံးအတွက် စားသုံး သူ စျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက်တင်ပြ နိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင်  ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။

ယခင်က ၂၀၀၆ ခုနှစ်ကို အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်း ကို တွက်ချက်ခဲ့သော်လည်း ယခုအခါ ၂၀၁၂ ခုနှစ်စစ်တမ်းအပေါ် အခြေခံ၍အခြေခံနှစ် (Base Year) ကို ပြောင်းလဲတွက်ချက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူ စျေးဆနှုန်းအပေါ် အခြေခံ တွက်ချက်ထားသော ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းမှာ ၂၀၁၉ ခုနှစ်  ဇူလိုင်အထိ တစ်နှစ်ပျမ်းမျှ ၈ ဒသမ ၃၅ ရာခိုင်နှုန်းရှိပြီး ၂၀၁၉ ခုနှစ် ဇွန်လအထိ တစ်နှစ်ပျမ်းမျှ ငွေကြေး ဖောင်းပွမှုနှုန်း ၈ ဒသမ ၀၈ ရာခိုင် နှုန်းနှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၂၇ ရာခိုင်နှုန်းပိုမိုလာကြောင်း  သိရ သည်။ ၂၀၁၈ ခုနှစ် မေလမှ ၂၀၁၉ ခုနှစ် ဇူလိုင်အထိ ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းကို လေ့လာပါက ၂၀၁၈ ခုနှစ် မေလတွင် ၄ ဒသမ ၂၉ ရာခိုင်နှုန်းရှိခဲ့ရာမှ တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ၂၀၁၉ ခုနှစ် ဇူလိုင်တွင် ၈ ဒသမ ၃၅ ရာခိုင်နှုန်း ဖြင့် အမြင့်ဆုံးဖြစ်ပေါ်ခဲ့သည်။